အမေရိကန်ရောက် မြန်မာလူငယ်လေးရဲ့ဘောလုံးသမားအိပ်မက်
2024.08.05

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှာ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အက်သလက်တီကို ဘောလုံးအသင်းရဲ့ ပဏာမလူရွေးပွဲမှာ အသက် ၁၂ နှစ်အရွယ် မြန်မာနွယ်ဖွား ခွန်မင်းသက်ဟန် ခေါ် ဒီဒီး အရွေးခံရပါတယ်။
ဒီဒီးဟာ အသက် ခြောက်နှစ်အရွယ်ကတည်းက ဘောလုံးစကစားခဲ့တာဖြစ်ပြီး ရွေးချယ်စရာများလှတဲ့ အမေရိကန်နိုင်ငံမှာ တစ်ခုတည်းသော သူ့ရည်မှန်းချက်က နာမည်ကျော် ဘောလုံးသမားဖြစ်ဖို့ပါ။
"ဘောလုံးကို အရမ်းလည်းဝါသနာပါတယ်၊ ဘောလုံးနဲ့ပတ်သက်ပြီးပဲ စိတ်ထဲမှာရှိတယ်၊ ကျွန်တော်တစ်သက်တာလုံးမှာ ဘောလုံးနဲ့ပဲရပ်တည်ဖို့ ဆုံးဖြတ်ထားတယ်"
အက်သလက်တီကို ဘောလုံးအသင်းဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် နွေရာသီဆိုရင် လူငယ်ကစားသမားတွေကို လာရောက်ရွေးချယ်လေ့ရှိပါတယ်။
"သူတို့ပြောတာကတော့ ယူနိုက်တက်တစ်ခုလုံး ဖွင့်သမျှကမ့်တွေထဲက အကောင်းဆုံးဘောလုံသမားငါးဆယ်ကို ရွေးတယ်၊ ရွေးပြီး သူတို့နိုင်ငံ စပိန်ကိုခေါ်သွားပြီးမှ ဒုတိယအဆင့်အနေနဲ့ ဒီကလေးတွေဟာ ဒီမှာတော်တဲ့အတွက်ကြောင့်မို့ ဟိုဘက်ကိုခေါ်သွားပြီး ကမ့်တစ်ခုအနေနဲ့ ပြန်သွင်းမှာပေါ့၊ ဟိုရောက်ရင်လည်း ကျွန်မတို့ သူနဲ့မတွေ့ရဘူး၊ ဒါကတော့ အမေရိကမှာလုပ်တဲ့အထဲမှာ အရွေးချယ်ခံလိုက်ရတယ်ဆိုတာက ကနဦးအဆင့်လိုပဲ ပြောရမှာပေါ့နော်" လို့ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မင်း ခေါ် ဒေါ်ချယ်ရီက ပြောပြပါတယ်။
ဒီဒီးဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့က အက်သက်လက်တီကိုမက်ဒရစ် ဘောလုံးအသင်းမှာ ဒုတိယအဆင့် ထပ်ပြီး သူရဲ့ဘောလုံးခြေစွမ်းကို စမ်းသပ်ခံရမှာပါ။ နိုဝင်ဘာကျင်းပမဲ့ ဒုတိယအဆင့် လူရွေးပွဲမှာ အရွေးခံရမယ်ဆိုရင်တော့ စပိန်မြေမှာ သူ အခြေချခွင့်ရမှာပါ။ ဒါက ဥရောပကလပ်အသင်းတစ်ခုမှာ ကစားချင်တဲ့ သူ့အိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရတော့မယ့် လမ်းစပါ။
"သူက ဘယ်တော့မှ စိတ်ဓာတ်လည်းမကျဘူး၊ ရပ်မယ်လို့လည်း မပြောဘူး၊ နောက်ပြီးတော့သူကို ကြီးလာရင် ဘာလုပ်မလဲမေးလိုက်တိုင်း ဘောလုံးသမားလုပ်မယ်ပဲ ပြောတယ်၊ ကျွန်မ သူ့ကိုပြောတာပေါ့နော်၊ မဟုတ်ဘူး လူဆိုတာ Plan A ရှိရမယ် ရှိရမယ် အကယ်လို့ Plan A မအောင်မြင်ခဲ့ရင် နင် Plan B သွားရမယ် အမေကတော့ ဂိုက်လုပ်ပေးတာပေါ့၊ သူပြောတာက သူ့မှာ Plan B မရှိဘူး၊ Plan A ပဲ၊ Plan A ကိုပဲ အောင်မြင်အောင်လုပ်မယ်ပြောတယ်၊ Plan A ကလည်း ဘောလုံးသမားလုပ်ဖို့ပဲ၊ သူ့ရဲ့စိတ်က ဘောလုံးဆိုတာ မာမာကျောကျောရှိနေတဲ့အခါကျတော့ ကျွန်မတို့မိဘတွေကလည်း စဉ်းစားရတာပေါ့၊ ဒီလောက်တောင် သူဟာ ဘောလုံးအပေါ်မှာ စိတ်ကအားကြီးနေတယ်ဆိုရင် ငါတို့သူကို ဘယ်လိုလုပ်ပေးရမလည်းဆိုတာတာ စဉ်းစားပြီးတော့ ဖြည့်ဆည်းပေးရတာပေါ့"
ဒီဒီးရဲ့မိဘတွေဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ဇာတိပါ။ သူ့မှာ အစ်မတစ်ယောက်ရှိပြီး သူ့မိဘတွေဟာ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ယူတီကာမြို့ကို ဒုက္ခသည်အဖြစ်နဲ့ ရောက်ရှိလာသူတွေပါ။
သူတို့မိဘတွေက ထိုင်းနယ်စပ်မှာ လေးနှစ်နီးပါးနေခဲ့ပြီး နယ်စပ်မှာနေစဉ်က မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မင်းဟာ ကိုယ်ထူကိုယ်ထ ကျောင်းတစ်ခုမှာ ကျောင်းအုပ်အနေနဲ့ ကလေးတွေကို စာသင်ပေးခဲ့သူပါ။ ဖခင်ကတော့ ထိုင်းမြန်မာနယ်စပ်က အဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီဒီးရဲ့ အမကိုတော့ တောင်ကြီးမြို့မှာ မွေးခဲ့တာဖြစ်ပြီး သူ့ကိုတော့ အမေရိကန်ရောက်ပြီးနောက် ၂ဝ၁၁ ခုနှစ်မှာမွေးခဲ့တာပါ။
ဆက်နွှယ်သောသတင်းများ
အမေရိကန်မှာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ပျော်ရွှင်နေသူ
အာဏာသိမ်းပြီးနောက် အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်များ
ချင်းရိုးရာဂျပ်ခုတ်ထည်တွေကို ပန်းချီပညာနဲ့ ပေါင်းစပ်ဖန်တီးနေသူ
ဒီဒီးရဲ့မိခင်ဟာ အခု ယူတီကာမြို့မှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးအပါအဝင် အကူအညီတွေပေးနေတဲ့ The Center အဖွဲ့ရဲ့ ဘာသာပြန်ဌာနမှာ လုပ်ကိုင်နေသူပါ။
သားဖြစ်သူရဲ့ အိပ်မက် အကောင်အထည်ပေါ်ဖို့ မိဘတွေဟာ အခက်အခဲတွေကြားထဲက အပြည့်အဝပံ့ပိုးပေးနိုင်ဖို့ ကြိုးစားခဲ့ကြရပါတယ်။
"လွယ်တော့မလွယ်ဘူး ဘာဖြစ်လိုလည်းဆိုတော့ နှစ်ယောက်စလုံးက ဝန်ထမ်းဖြစ်တယ်၊ အချိန်ကလည်း အရမ်းပေးရတယ်၊ သူရဲ့ဘောလုံးပြိုင်ပွဲတွေကလည်း ဒီမြို့မှာ မဟုတ်ဘူး၊ အမြဲတမ်းလိုလို ဒီမြို့နဲ့ ၄၅ မိနစ်တစ်နာရီသွားရတယ်၊ တစ်ခါတစ်ဆိုရင် သူပြိုင်ပွဲရှိရင် အခြားမြို့ကို သုံးလေးနာရီသွားရတယ်၊ဟိုမှာအိပ်ရတယ်၊ အဲဒီလိုမျိုး ကျွန်မတို့က ပေးဆပ်ရတယ်၊ ဒါပေမဲ့ သူအောင်မြင်တဲ့အခါကျတော့ ပျော်တာပေါ့နော်"
သူက အမေရိကန်နိုင်ငံမှာ မွေးဖွားပေမဲ့ မိဘတွေရဲ့ဇာတိဖြစ်တဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူပါ။ သူ့မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘောလုံးကစားချင်တဲ့ဆန္ဒလည်း ရှိပါတယ်။
"မြန်မာပြည်မှာ စစ်အစိုးရမရှိတော့ဘူးဆိုရင်တော့ သူ့ကိုခွင့်ပြုမယ်ဆိုရင် မြန်မာပြည်ကိုယ်စားပြု ကန်ချင်ပါတယ်၊ ဒါပေမဲ့ စစ်အစိုးရ ရှိနေသေးတယ် ဒါမှမဟုတ် သူ့ကိုလည်း မြန်မာပြည်က မရွေးချယ်ဘူးဆိုရင်တော့ US အနေနဲ့ ကန်ရမှာပေါ့"
ကမ္ဘာ့အကောင်းဆုံးဘောလုံးဆု ငါးကြိမ်ရထားတဲ့ ပေါ်တူဂီနိုင်ငံသား ခရစ်စတီးယားနို ရော်နယ်လ်ဒို ပရိတ်သတ်ဖြစ်တဲ့ ဒီဒီးတစ်ယောက် ဘောလုံးကစားသမားအဖြစ် ဥရောပမှာ ကစားချင်တဲ့ သူရည်ရွယ်ချက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မင်းကလည်း သားဖြစ်သူကို ဥရောပဘောလုံးကွင်းမှာ ဘောလုံးကန်နေတာ မြင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
"မိဘတွေအနေနဲ့ကလည်း ရှေးရိုးကြီးအနေနဲ့ ငါဖြစ်ချင်တာပဲ နင်ဖြစ်ရမယ် အဲဒီလိုမျိုးလည်း ကျွန်မစိတ်ထဲမှာ မရှိဘူး၊ သူတို့ဝါသနာပါတာက ကောင်းတဲ့အရာဖြစ်တယ်၊ လူထုအကျိုးပြုတဲ့အရာဖြစ်တယ်၊ ကျွန်မတို့မိဘတွေဘက်က အတတ်နိုင်ဆုံး လုပ်ပေးရမယ်၊ မိခင်တစ်ယောက်ရဲ့အိပ်မက်က ဘယ်လောက်ရှိလဲဆို ယူရိုကွင်းထဲမှာ ကန်နေတာ မြင်ချင်တာပေါ့"