ငလျင်ကြောင့် အိမ်ဝေးနေကြရတဲ့ မန္တလေးမြို့ခံများ

ငလျင်ကြောင့် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေဟာ လမ်းဘေး၊ ပန်းခြံ၊ ဘုန်းကြီးကျောင်း၊ မြေကွက်လပ် စတဲ့ နေရာတွေမှာ မိသားစုလိုက် ယာယီတဲတွေနဲ့ နေထိုင်နေကြရပါတယ်။

ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မိသားစုတစ်စုကို မန္တလေးမြို့ လမ်းဘေးတစ်နေရာတွင် ၂၀၂၅ ခုနှစ် ဧပြီလ၂ ရက်နေ့ကတွေ့ရစဉ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဧပြီလ ၃ ရက်နေ့အထိ နောက်ဆက်တွဲငလျင်ငယ် အကြိမ် ၆၀ ကျော်ကို ဒေသခံတွေ ကြုံခဲ့ကြရပါတယ်။

ငလျင်ကြောင့် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေဟာ လမ်းဘေး၊ ပန်းခြံ၊ ဘုန်းကြီးကျောင်း၊ မြေကွက်လပ် စတဲ့နေရာတွေမှာ မိသားစုလိုက် ယာယီတဲတွေနဲ့ ဆက်လက်နေထိုင်နေကြဆဲပါ။

အဲဒီအထဲမှာ မဟာအောင်မြေမြို့နယ်က အသက် ၄၉ နှစ်အရွယ် ဒေါ်လုလု တို့မိသားစုလည်းပါဝင်ပါတယ်။

"ကိုယ့်မှာ ရှိတာလေးကမှ ဒါလေးပဲ နေစရာရှိတာဆိုတော့ ဘယ်လိုမှလည်း ရင်ထဲမှာတော့ မခံစားနိုင်ဘူးပေါ့။ ဒီလိုပဲ အများဆိုတော့လည်း ဒီလိုပဲ ဖြေရတာပေါ့။ မိသားစုက ခုနစ်ယောက်ကြီးဆိုတော့ ကလေးလေးတွေကလည်း အငယ်လေး နှစ်ယောက်နဲ့ဆိုတော့ လေးလသမီးလေးရယ် ဆယ်နှစ်သားလေးရယ်ဆိုတော့ နေဖို့ရာက ဖြစ်အောင်လုပ်ရမှာပေါ့။ ဘယ်မှာမှ မှီခိုစရာမှမရှိတာ။ ဟိုနားနေလိုက် နေပူလိုက် ဒီနားနေရိပ်တဲ့နေရာလေး ပြောင်းလိုက် အဲ့လိုလေး နေနေရတာပေါ့"

မတ်လ ၂၈ ရက် ငလျင်အပြင်းအထန်လှုပ်ချိန်က ဒေါ်လုလုတို့ လက်ရှိခိုလှုံနေတဲ့ ပန်းခြံလေးထဲမှာပဲ ထိခိုက်ဒဏ်ရာရခဲ့သူလည်းရှိပါတယ်။

သူကတော့ အသက် ၃၃ နှစ်အရွယ် မသန္တာဇော်ပါ။

"ခေါင်းရယ်၊ တင်ပါးဆုံရယ်၊ ခြေထောက်ရယ် တစ်ကိုယ်လုံးနီးပါးပဲ၊ ဒီမှာ လက်မောင်းတွေရော။ တစ်ကိုယ်လုံး နောက်ကျောတွေရော ရိုက်သလိုဖြစ်တာ။ အစ်မတို့အိမ်ကလည်း အက်နေပြီ။ လှေကားထစ်တွေရော ပြုတ်နေတယ်၊ နေလို့မရဘူး။ အဲဒါနဲ့ ဒီမှာပဲနေတယ်။ ယောက္ခမတွေအိမ်ကလည်း ဘေးကတိုက်တွေက ပြိုတော့မှာမို့ နေမရဘူး။ ဒီနေရာကျ ပူလွန်းတော့ မနက်ပိုင်းဆိုရင်တော့ ဟိုဘက် ရိပ်တဲ့နေရာ သစ်ပင်အောက်သွားနေတယ်။ အစားအစာလာဝေရင်တော့ ယောက္ခမတွေကယူပေးတာ။ အနောက် ဘာညာသွားချင်ရင်တော့ တွဲပို့ပေးရတာပေါ့။ ရပ်ကွက်ထဲပဲ ပြန်သွားရတာ။ သွားစရာ ဒီဘက်က နေရာမရှိဘူးလေ"

မသန္တာဇော်နဲ့ သူ့ရဲ့သုံးနှစ်အရွယ် သမီးဖြစ်သူတို့က နေအိမ်ပြိုပြီး နာရီဝက်ကျော်အကြာမှာ ကယ်ထုတ်လွတ်မြောက်ခဲ့ပေမဲ့ ညီမဝမ်းကွဲဖြစ်သူကတော့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"အခု မိုးတွေဘာတွေ ရုတ်တရက်ရွာလာမယ်တို့ ဘာတို့ဆို မိုးကာတွေတို့၊ မိုးကာတဲတွေတို့ ဘာတွေတို့ပေါ့နော်။ အဲ့လိုမျိုး လေးတွေတော့ မျှော်လင့်ချက်ရှိပါတယ်။"

ဒေသခံတွေဟာ ငလျင်ကြောင့် ကွင်းပြင်တွေမှာ နေလို့ရနေပေမဲ့ ရာသီဥတုအခြေအနေတွေကြောင့် မိုးကာနဲ့ မိုးကာတဲတွေ လိုအပ်နေသလို မြွေအန္တရာယ်လည်း ကြောက်နေရတယ်လို့ အသက် ၄၃ နှစ်အရွယ် ဒေါ်တိုးတိုးဝေ က RFA ကိုပြောပါတယ်။

"အခုလိုမျိုး ငလျင်လှုပ်တယ်ဆိုတော့ ဒီကွင်းပြင်ထဲကို အိပ်လို့ဖြစ်သေးတယ်လေ။ အခုကျတော့ မိုးလေဝသ တွေရော ဟိုဟာဖြစ်လာပြီဆိုတော့ သူတို့မယ် ဗျာများနေရပြီ။ အိမ်မှာလည်း ပြန်အိပ်လို့ကလည်းမဖြစ်၊ ဒီမှာလည်း မိုးကာတို့ဘာတို့ မရှိဆိုတော့ အခက်အခဲတွေကတော့ ဖြစ်နေတာပေါ့။ အခု မိုးတွေဘာတွေ ရုတ်တရက်ရွာလာမယ်တို့ ဘာတို့ဆို မိုးကာတွေတို့၊ မိုးကာတဲတွေတို့ ဘာတွေတို့ပေါ့နော်။ အဲ့လိုမျိုး လေးတွေတော့ မျှော်လင့်ချက်ရှိပါတယ်။ ဘာလို့ဆို အခုဟာ ကွင်းပြင်ကြီးထဲကို အိပ်နေရတာလေ။ အိပ်နေရတော့ကျတော့ တစ်ခါတစ်လေကျတော့ မြွေပါးကင်းပါးကလည်း ကြောက်ရသေးတယ်။ မနက်ကတောင်မှ မြွေ သေးသေးလေးတွေ ဟိုသစ်ပင်ပေါ်မှာ လျှောက်သွားနေတော့ မြွေကလည်း ကြောက်နေရသေးတယ်"

ဒေါ်တိုးတိုးဝေတို့ မိသားစုကတော့ ရပ်ကွက်ထဲက အသိတစ်ယောက်ဆီမှာ ယာယီနေထိုင်ကြတာပါ။


ဆက်နွှယ်သော သတင်းများ

နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် ၁၂ ဦးသေဆုံးကြောင်း PPNM ပြော
မန္တလေးမှာ အပျက်အစီးများကြားမှ လူလေးရာကျော် အသက်ရှင်လျက် ကယ်ထုတ်နိုင်


မန္တလေးမြို့ပေါ်မှာ အစားအသောက် လာရောက်လှူဒါန်းကြသူတွေက လူအများအပြားရှိတဲ့ နေရာတွေဆီပဲ အများဆုံးလာရောက်ကြတာဖြစ်လို့ အခုလိုလူများတဲ့ ဒီနေရာမှာ အစားအသောက်ရနိုင်ဖို့အတွက် လာနေရတာလို့ ဒေါ်တိုးတိုးဝေက ပြောပါတယ်။

"ကျွန်တော်တို့ ဒီမှာဘယ်လောက်လောက် နေရမလဲဆိုတာ ကျွန်တော်တို့က ခန့်မှန်းလို့မရသေးဘူး။"

မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဥ် ရပ်ကွက်မှာနေထိုင်တဲ့ ကိုသိန်းဇော်မင်းတို့ရဲ့နေအိမ်ဟာ ငလျင်ကြောင့် ပြိုပျက်သွားတဲ့အထိတော့မဖြစ်ခဲ့ပေမဲ့ အနီးအနားက နေအိမ်တိုက်ခန်းတွေတိမ်းစောင်းနေပြီး နောက်ဆက်တွဲငလျင်အန္တရာယ်ရှိတာကြောင့် လမ်းမပေါ်မှာ ပြောင်းရွေ့နေထိုင်နေကြရတာပါ။

တစ်ပတ်ကြာတဲ့အထိ အလှူရှင်တွေ ရှိနေသေးတာကြောင့် နေထိုင်လို့ရနေသေးပေမဲ့ အချိန်ကြာသွားပြီး အခက်အခဲတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်လို့ ကိုသိန်းဇော်မင်းက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့အိမ်ကတော့ လှေကားကတော့ ပြုတ်နေတယ်။ အိမ်က နည်းနည်းစောင်းသွားတယ်။ ကျွန်တော့်အိမ်နဲ့ပတ်သက်ရင်တော့ ဘာမှ မျှော်လင့်ချက်မထားပါဘူး။ ကျန်တဲ့သူတွေရဲ့ တိုက်တွေ ဘာတွေညာတွေကိုတော့ မျှော်လင့်ချက်ထားပါတယ်။ သူတို့ကို ပြင်ပေးဖို့ အလှူ့ရှင်ပေါ်လာရင် ပိုကောင်းပါတယ်လို့ ကျွန်တော်ကတော့ ဆုတောင်းပါတယ်။ ကျွန်တော်တို့ ဒီမှာဘယ်လောက်လောက် နေရမလဲဆိုတာ ကျွန်တော်တို့က ခန့်မှန်းလို့မရသေးဘူး။ ရေရှည်ဖြစ်သွားမယ် အလှူအတန်းကသိပ်မလာ တော့ဘူးဆိုရင်တော့ အခက်အခဲရှိမယ်"

ချမ်းအေးသာစံမြို့နယ်က အသက် ၅၄ နှစ်အရွယ် ဦးဝင်းနိုင်တို့ မိသားစုဟာလည်း ငလျင်အပြင်းအထန် လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကတည်းကနေ မင်္ဂလာစျေးဟောင်း ကွင်းပြင်မှာ နေ့ရောညပါ နေထိုင်နေ ကြရတာလို့ ဆိုပါတယ်။

ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မြို့ခံအချို့ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)

အစားအသောက်အတွက် ပရဟိတအဖွဲ့တွေနဲ့ ငွေကြေးတတ်နိုင်သူတွေက လာရောက်လှူဒါန်းကြတာရှိပေမဲ့ နေထိုင်ရေးမှာအခက်အခဲရှိနေတယ်လို့ ဦးဝင်းနိုင်က RFA ကို ပြောပါတယ်။

"အိမ်ကြီးကလည်း တက်တာနဲ့ လှုပ်နေတာပေါ့။ အဲဒီကစိုးရိမ်လို့ ဒီကို ရောက်လာတာ။ လာလှူတဲ့ဟာတွေကို ဦးလေးတို့ စားရတာပေါ့။ ကိုယ့်သားသမီးတွေ ကိုယ့်သားမယားတွေ တစ်စုံတစ်ခုဖြစ်မှာ ကြောက်တာပေါ့။ အဲဒါကြောင့် ဦးလေးကလည်း ဗူးခွံထွက်မကောက်တာ။ သူတို့နဲ့ပဲ အနီးကပ်နေရတာပေါ့။ အခုလိုပဲ လာလှူတဲ့ဟာတွေပဲ အကူအညီရတာ။ ထမင်းတို့ ခေါက်ဆွဲခြောက်ထုတ်တို့ ဘာတို့ပေါ့"

ငလျင်ဘေးဒဏ်ကို ကြုံတွေခံစားနေရတဲ့ မန္တလေးမြို့ခံတွေဟာ ပရဟိတအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေလောက်ပဲ ရကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ထားတဲ့ နန်းတွင်းဘေးက ကျုံးအနောက်ဘက်နဲ့ တောင်ဘက်တွေမှာ ယာယီနေထိုင်အိပ်စက်သူတွေအတွက် ဒီရက်ပိုင်းထဲ စစ်ကောင်စီက ယာယီမိုးကာတဲတွေ ဆောက်လှုပ်ပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဧပြီလ ၃ နေ့အထိ သေဆုံးသူ သုံးထောင်ကျော် ရှိနေတယ်လို့ စစ်ကောင်စီကပြောထားပါတယ်။

မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီး အချိန်တစ်ပတ်ကြာလာတဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတစ်ချို့ ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်သလို ရှာဖွေရေးတွေမလုပ်နိုင်သေးတဲ့ နေရာတွေလည်း ကျန်နေသေး တယ်လို့ ဒေသခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org