မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် ၁၂ ဦးသေဆုံးကြောင်း PPNM ပြော

RFA Burmese
2025.04.01
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် ၁၂ ဦးသေဆုံးကြောင်း PPNM ပြော မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ဟာ ငလျင်ကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး သေဆုံးသူ ၁၂ ဦးထက်မနည်းရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဧပြီလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အကျဉ်းထောင်က အမျိုးသားအဆောင်အလုပ်ရုံ၊ အမျိုးသမီးဆောင်နှစ်ဆောင် ပြိုကျခဲ့ပြီး သေဆုံး၊ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

သေဆုံး၊ ဒဏ်ရာရသူတွေထဲ အကျဉ်းသားတွေအပြင် အကျဉ်းထောင်ဝန်ထမ်းတွေပါ ပါဝင်တယ်လို့ PPNM တည်ထောင်သူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

ကျွန်တော်တို့ ထုတ်ပြန်တဲ့အရေအတွက်က အတည်ပြုထားနိုင်တဲ့အရေအတွက်ပဲဖြစ်တယ်။ သေဆုံးထိခိုက်မှုတွေ ဒီထက်ပိုများနိုင်တယ်။ စစ်ကောင်စီက သေဆုံးမှုတွေကို ထုတ်ပြန်နေသည့်တိုင်အောင် အကျဉ်းထောင်မှာ ဘယ်လောက်ထိခိုက်သေဆုံးတယ်ဆိုတာ မထုတ်ပြန်ဘူး။ ဒါဟာ ထောင်တွင်း သေဆုံးမှုတွေကို ဖုံးကွယ်ထားတဲ့ကိစ္စ ဖြစ်တယ်”

PPNM အနေနဲ့ အိုးဘိုအကျဉ်းထောင်က သေဆုံးသူတွေထဲ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ကို စနစ်တကျ အတည်ပြုထားနိုင်ပြီး နောက်ထပ် ကိုးဦးကို ကျား၊ မ ခွဲခြားနိုင်ဖို့ အတည်ပြုနေဆဲ ဖြစ်တယ်လို့ပြောပါတယ်။

အိုးဘိုအကျဉ်းထောင်ဟာ ငလျင်ဗဟိုချက်ဖြစ်တဲ့ မန္တလေးမြို့မှာရှိပြီး စစ်ကောင်စီက ခုချိန်အထိ အကျဉ်းထောင် ထိခိုက်ပျက်စီးမှုအခြေအနေကို သတင်းထုတ်ပြန်တာမရှိပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဧပြီလ ၁ရက်နေ့မှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် လူ ၂၀၅၆ ဦး သေဆုံးပြီး ၃၉၀၀ ဒဏ်ရာရထားတယ်လို့ စစ်ကောင်စီက မတ်လ ၃၁ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။