မန္တလေးမှာ အပျက်အစီးများကြားမှ လူလေးရာကျော် အသက်ရှင်လျက် ကယ်ထုတ်နိုင်
2025.03.31

ငလျင်လှုပ်ပြီးချိန်ကနေ မတ်လ ၃၁ ရက်အထိ မန္တလေးတိုင်းအတွင်း အပျက်အစီးတွေကြားကနေ လူ ၄၀၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မတ်လ ၃၁ ရက် နေ့ညမှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် သေဆုံးသူ ၂၅၉ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ဆွဲထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့အနေနဲ့ ၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ပြောပါတယ်။
မြေပြင်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ကယ်ထုတ်ရရှိတဲ့စာရင်းဟာ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းပဲဖြစ်ပြီး အသက်ရှင်လျက် ကယ်ထုတ်ရရှိတဲ့ အရေအတွက်က ဒီထက်ပိုများတယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ အဖွဲ့တင် အရှင်ကယ်ထုတ်တာ ၅၀ ကျော်ရှိပါတယ်။ ပိတ်မိနေတဲ့ သူတွေလည်း အများ အပြား ကျန်နေသေးတယ်”
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေ ထိခိုက်ပျက်စီးမှု များခဲ့ပါတယ်။
စစ်ကောင်စီကတော့ မတ်လ ၃၁ ရက်နေ့ နေ့လယ်အထိ ငလျင်ကြောင့် လူ ၂၀၅၆ ဦးသေဆုံးပြီး ၃၉၀၀ ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။