ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေအခက်အခဲကြုံနေရ

RFA Burmese
2025.04.02
ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေအခက်အခဲကြုံနေရ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ရေလှည်းတွန်းနေသူတစ်ဦးအား ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့ကတွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်းမှာ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်သွားတဲ့ အင်အားပြင်း မြေငလျင်ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ စတဲ့မြို့နယ်နယ်တွေမှာ ရေပြတ်တောက်မှုတွေပါ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မီးကမမှန်ဘူးပေါ့ဗျာ။ ရေကလည်းမရှိဘူး။ ရေကလည်း နေ့ခင်းဘက် သွားထည့်ပြန်တော့လည်း မီးကပျက်တယ်။"

သာကေတမြို့နယ်မှာတော့ ငလျင်လှုပ်ပြီးနောက်ပိုင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေတာကြောင့် ရေတင်လို့မရသလို ထမင်းချက်ဖို့တောင် အခက်အခဲဖြစ်နေတယ်လို့ အသက် ၅၀ အရွယ် ကိုမောင်စန်းက ပြောပါတယ်။

ကျွန်တော်တို့ဆိုလို့ရှိရင် ညဘက် စျေးရောင်းလို့ရှိရင် မီးက မလာဘူး။ မနက်ပိုင်း အိမ်ပြန်သွားမယ်ဆိုရင်လည်း ထမင်းက တော်ရုံတန်ရုံ မချက်ရတော့ ညမနက်စာကို ပေါင်းစားရတယ်။ အဲဒီလိုမျိုး သဘောမျိုးပေါ့။ မီးမလာတော့။ မီးကမမှန်ဘူးပေါ့ဗျာ။ ရေကလည်းမရှိဘူး။ ရေကလည်း နေ့ခင်းဘက် သွားထည့်ပြန်တော့လည်း မီးကပျက်တယ်။ အော် မနက် ၁ နာရီလောက် လာမယ်ဆိုလည်း ၁နာရီလောက်ထိုင်စောင့်တယ် မီးကမလာဘူး။ ညတစ်ညလုံးပေါ့ဗျာ မီးမလာတာ။ ရေကတော့ တစ်နေကုန် တစ်နေခန်းပဲ မလာဘူး။ အခုမှ ရေကထည့်ရတာ”

ကိုမောင်စန်းကတော့ လျှပ်စစ်မီးမရလို့ ရေတင်လို့မရတဲ့အပေါ် ရေတစ်ပီပါကို ငွေကျပ် နှစ်ထောင်နဲ့ ဝယ်ယူ အသုံးပြုနေရတယ်လို့ ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဂျိုးဖြူရေပိုက်လိုင်းကနေ ရေမရသလို ရပ်ကွက်မှာရှိတဲ့ ရေကန်တွေကလည်း ပေးမခပ်တော့တာကြောင့် ရေရောင်းရတာတောင် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သာကေတမြို့နယ် ၉ ရပ်ကွက်မှာနေပြီး ရေလှည်းတွန်းနေတဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်သိန်းဝင်းက ပြောပါတယ်။

“ ဂျိုးဖြူရေ မလာဘူး။ နောက် မီးမလာတော့ ရေမရဘူး။ ဟုတ်တယ်ဟုတ်လား။ မီးလည်း မောင်းလို့မှမရတာ။ မောင်းလို့မရတော့ရေမရဘူး။ အခုအခြေအနေကတော့ ခက်ခဲတယ်လေ။ မရဘူးလေ ရေ။ ရတဲ့အချိန် ရတဲ့နေရာကို လိုက်ရှာပြီးပို့ရတာ။ အခုကတော့ ဟို ၂ လမ်း ဟိုးဘက်ကို သွားခပ်ရတယ်။ ကန်တွေက မခပ်နိုင်ဘူး။ ကန်တွေကလည်း ရပ်ကွက်တွေကလည်း ပေးမခပ်ဘူး”

ဒေါ်ခင်သိန်းဝင်းကတော့ အရင်က ရေတစ်လှည်းကို ငွေကျပ် ၁၅၀၀ သာရောင်းပေမယ့် ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း ရေရှားလာလို့ တစ်လှည်းကို ကျပ် ၂၀၀၀ နဲ့ တိုးမြှင့်ရောင်းနေရတယ်လို့ ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါးရှိလာ
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု သုံးပုံတစ်ပုံအထိ ကျဆင်းလာ
ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေရှားပါးမှု စတင်ကြုံတွေ့


ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှာ မတ်လ ၂၈ ရက်နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ မြေငလျင်ကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့သလို အဲဒီနောက်ပိုင်းမှာလည်း တစ်နေ့ကို လျှပ်စစ်မီး တစ်နာရီကျော်လောက်ပဲ လာတာကြောင့် ရေအခက်အခဲတွေနဲ့ ကြုံတွေ့နေပြီး ရေဝယ်လို့တောင် မရဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခုကတော့ လုံးဝကို ထည့်လို့မရတော့ဘူး။ အဲဒီ ငလျင်လှုပ်ပြီးနောက်ပိုင်းပေါ့နော်။ လုံးဝ တစ်စက်နှစ်စက် တောင် မလာတော့ဘူး။"

အလားတူ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာလည်း ငလျင်လှုပ်ခတ်ခဲ့တဲ့နောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားကြုံတွေ့နေရသလို ငမိုးရပ်ဆည်ကနေပါ ရေပေးဝေမှုနည်းသွားတာကြောင့် ချက်ပြုတ် စားသောက်ဖို့တောင် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုကတော့ လုံးဝကို ထည့်လို့မရတော့ဘူး။ အဲဒီ ငလျင်လှုပ်ပြီးနောက်ပိုင်းပေါ့နော်။ လုံးဝ တစ်စက်နှစ်စက် တောင် မလာတော့ဘူး။ အခု ဒီနေ့ ကျွန်တော်ကတော့ ထမင်းချက်ဖို့ရအောင် အသိအိမ်မှာ သွားခပ်ရမယ်လို့ ဘေးတွဲနဲ့ပေါ့နော်။ ရေနည်းနည်း သွားကဲ့ပြီးတော့ သွားခပ်ရမယ်လို့တော့ ဟိုအသိတစ်ယောက်ကိုတော့ ပြောတော့ ပြောထားတယ်။ ဟုတ်ကဲ့။ အဓိကတော့ ချက်ပြုတ်စားသောက်ဖို့ပါပဲ။ ရေချိုးဖို့ကတော့ သိပ်ပြီးတော့ မမျှော်လင့်ပါဘူး”

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့နောက်ပိုင်း တစ်ရက်ကို လျှပ်စစ်မီး ၂ နာရီပြည့်အောင် မလာတော့သလို လာမယ့်အချိန်လည်း ကြိုတင်မသိတာကြောင့် ညနက်တဲ့အထိ မီးအလာကိုစောင့်ပြီး ရေတင်နေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ ငလျင်လှုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ မီးကလည်း ဆိုးဆိုးရွားရွား ပျက်တယ်လို့ပဲ ပြောရမှာပေါ့။ တစ်နေ့ကိုမှ နှစ်နာရီလောက်၊ တစ်နာရီ၊ နှစ်နာရီလောက် ဒါက ဘယ်အချိန်လာမယ်ဆိုတာလည်း မသိရဘူး။ ရေဆိုရင် ဟိုး နှစ်နာရီလောက်မှ ထပြီးတော့ အဲဒါ ခွက်လေးနဲ့ခပ်ပြီးတော့ အဲဒါလေးနာရီ ငါးနာရီလောက်အထိ အဲဒီလိုပဲ နည်းနည်း နည်းနည်းချင်းခပ်ပြီးတော့ ရေဖြည့်ရတာပေါ့ဗျာ”

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ နေထိုင်သူတွေကတော့ လျှပ်စစ်မီး အချိန်မှန်ပေးဖို့နဲ့ ဆည်ရေကနေ အရင်လိုရေပြန်ပြီး လွှတ်တင်ပေးဖို့ မျှော်လင့်နေကြပါတယ်။

20250401_175800.jpg
ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ အများပြည်သူသုံးရေကန်မှာ ရေခပ်နေကြသူအချို့အား ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပြင်းအားမြင့် မြေငလျင်ဒဏ်ကြောင့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနဲ့ ဓာတ်အားလိုင်းတွေ ချို့ယွင်းပျက်စီးခဲ့တဲ့အပေါ် ရန်ကုန်မြို့မှာ မတ်လ ၂၉ ရက်နေ့ကစလို့ အုပ်စုခြောက်စုခွဲပြီး တစ်ရက်ကို လျှပ်စစ်မီး ၄ နာရီသာ အလှည့်ကျပေးနိုင်တော့မယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပရေးရှင်းက ထုတ်ပြန်ခဲ့တာ ရှိပါတယ်။

ရန်ကုန်ဓာတ်အားပေးရေးကော်ပရေးရှင်း (YESC) ရဲ့ Call Center ကတော့ ဧပြီလ ၁ ရက်နေ့ကစလို့ တစ်နေ့ကို လျှပ်စစ်မီး ၄ နာရီလာ ၈ နာရီပျက်စနစ်နဲ့ အုပ်စုသုံးစုခွဲပြီး ပြန်ပေးသွားမယ်လို့ ဧပြီလ ၁ ရက်နေ့က ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၅၁ မိနစ်က ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး အဲဒီနေ့မှာပဲ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။