နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါးရှိလာ
RFA Burmese
2025.04.02
2025.04.02

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက် ၈ နာရီအထိ သေဆုံးသူ ၂၈၈၆ ဦးအထိရှိနေပြီလို့ စစ်ကောင်စီရဲ့ MRTV တယ်လီဂရမ်လူမှုကွန်ရက်မှာ ဒီနေ့မွန်းလွဲပိုင်းကဖော်ပြပါတယ်။
ဒဏ်ရာရသူ ၄၆၃၉ ဦးနဲ့ ပျောက်ဆုံးနေသူ ၃၇၃ ဦးရှိနေတယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ လူအများအပြား သေဆုံးဒဏ်ရာရခဲ့ကြရတာပါ။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဒီနေ့အထိ ဆက်လက်လုပ်ဆောင်နေကြရဆဲပါ။ ဒါပေမဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးတဲ့ နေရာတွေလည်း အများအပြားကျန်နေသေးတာကြောင့် သေဆုံးဒဏ်ရာသူအရေအတွက်ဟာ စစ်ကောင်စီထုတ်ပြန်ချက်ထက် ပိုများနိုင်တယ်လို့လည်း ငလျင်ဘေးဒဏ်သင့် ဒေသခံတွေကပြောပါတယ်။