တပြည်နယ်လုံး လျှပ်စစ်မီးရရေး ချင်းဒေသခံတွေ လိုလား

ဆလိုင်းကေတီဟောက်ခိုင်
2021.01.22

မြို့နယ် ကိုးခုရှိတဲ့ ချင်းပြည်နယ်မှာ အစိုးရ မဟာဓာတ်အားလိုင်းကပေးတဲ့ လျှပ်စစ်မီးကို မြို့နယ် သုံးခုမှာ မရသေးဘဲ ရရှိထားတဲ့မြို့တွေမှာလည်း မြို့ပေါ်မှာသာ လျှပ်စစ်မီးကို သုံးစွဲရပါတယ်။ ဒါကြောင့် ဒေသခံအများစုဟာ ရေအားလျှပ်စစ်နဲ့ ဆိုလာလျှပ်စစ်မီးတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ အသုံးပြုနေရပါတယ်။ မြို့နယ်အားလုံးမှာ အစိုးရရဲ့ လျှပ်စစ်မီးအသုံးပြုနိုင်ဖို့ ဒေသခံတွေက လိုလားနေပါတယ်။ ချင်းပြည်နယ်အစိုးရက မြို့နယ်အားလုံးမှာ လျှပ်စစ်မီးပေးနိုင်ရေး ဂျပန်အစိုးရဆီက ချေးငွေရအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ အစိုးရ မဟာဓာတ်အားလိုင်းက ပေးတဲ့ လျှပ်စစ်မီးကို ဖလမ်း၊ ဟားခါး၊ ထန်ထလန်၊ ကန်ပလက်၊ မင်းတပ်နဲ့ မတူပီမြို့ပေါ်တွေမှာ ရရှိနေပေမယ့် အဲဒီမြို့တွေက ကျေးရွာတွေမှာ လျှပ်စစ်မီး မရသေးပါဘူး။ ချင်းပြည်နယ် တပြည်နယ်လုံးမှာ အစိုးရလျှပ်စစ်မီး ရရှိတာက ၃၂ ရာခိုင်နှုန်းပဲရှိပြီးတော့ ၆၈ ရာခိုင်နှုန်းက လျှပ်စစ်မီးမရသေးပါဘူး။

ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်းကျော်ရှိတဲ့အထဲက လူဦးရေ တစ်သိန်းကျော်လောက်သာ အစိုးရကပေးတဲ့ လျှပ်စစ်မီးကို ရရှိနေတာလည်း ဖြစ်ပါတယ်။ တချို့ကျေးရွာတွေမှာတော့ ရေအားကနေ လျှပ်စစ်မီး ရရှိအောင် ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့ ရေအားလျှပ်စစ်ကိုသာ နာရီပိုင်းနဲ့ အလှည့်ကျ အသုံးပြုနေရပါတယ်။

“ဒီလျှပ်စစ်မီးကတော့ ၂၀၀၄ က စလုပ်တာ အခုဆိုရင် ၁၆ နှစ်လောက်ဖြစ်နေပြီး ကျွန်တော်တို့ ရွာသူ၊ ရွာသားတွေ ကိုယ်ထူကိုယ်ထ လုပ်တာဖြစ်ပါတယ်။ ဒေသအတွေးအခေါ်တွေနဲ့ လုပ်တာပေါ့။ သူများလုပ်တဲ့ဟာတွေကို အတုယူပြီးတော့ လုပ်ထာပေါ့နော်။ အခုထိတော့ လျှပ်စစ်မီး သုံးလို့ရပေမဲ့ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။ အခုချိန်မှာ အလိုအပ်ဆုံးကတော့ လျှပ်စစ်မီးတိုင်နဲ့ Transformer လိုအပ်နေတယ်။ အစိုးရဘက်က ဒါတွေ လုပ်ပေးနိုင်မယ်ဆိုရင် ကောင်းမှာပေါ့။ ရေသွယ်တဲ့ ရေလမ်းတွေလည်း သိပ်မကောင်းသေးဘူး။ ပြီးတော့ မိုးတွင်းဘက်မှာ ရေများတဲ့အခါ ရေသွယ်လိုင်းတွေ တစ်ပတ်လောက် ပျက်စီးတယ်ပေါ့။ ဒီရေလိုင်းတွေ မိုးတွင်းဘက်မှာ မပျက်စီးအောင်လုပ်ဖို့ စဉ်းစားထားပေမယ့် အခုထိ မလုပ်နိုင်သေးဘူး။ အခုသုံးတဲ့ ဒိုင်နမိုကတော့ ၁၅ ကီလို သုံးပါတယ်။ တစ်ရွာလုံး လျှပ်စစ်မီး သုံးစွဲသူ အိမ်ခြေသုံးဆယ်လောက် ရှိပါတယ်။ တချို့ကတော့ ထမင်းချက်တယ် ရေနွေးတည်တယ်။ ရေဘော်ထိုးတာ ဘက်ထရီ အားသွင်း စသဖြင့် သုံးလို့ရပါတယ်”

ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်၊ တွန်းဇန်မြို့နဲ့ ချင်းပြည်နယ် (တောင်ပိုင်း) ပလက်ဝမြို့မှာတော့ မဟာဓာတ်အားလိုင်း မရသေးပါဘူး။ အိမ်ခြေ နှစ်ထောင်ကျော်လောက်ရှိတဲ့ တီးတိန်မြို့ပေါ်မှာတော့ သုံးရက်ခြားတစ်ခါ ရေအားလျှပ်စစ်ကနေ နာရီပိုင်းလောက်သာ လျှပ်စစ်မီးရတာကြောင့် အခက်အခဲတွေ ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

"တီးတိန်မှာ အိမ်ခြေ ၂၀၀၀ လောက်ရှိနေတဲ့အချိန်မှာ အသုံးပြုနေတဲ့ ကီလိုဝပ် ၄၀၀ အားနဲ့ မောင်းနေတဲ့ အချိန်ကျတော့ အခုက အိမ်ခြေတော်တော်များများ တိုးလာတယ်။ လူဦးရေလည်း တိုးလာတယ်။ ရုံးတွေလည်း တိုးလာတဲ့ အချိန်ကျတော့ ဒီဓာတ်အားနဲ့က လုံးဝကို မလုံလောက်တာ။ မလုံလောက်တော့ သူက လေးရပ်ကွက် ရှိတယ်။ သုံးရက်မှာ တစ်ခါလောက် လာတယ်။ ဒါတောင်မှ ညနေ ၇ နာရီလောက်မှ လာပြီးတော့ ရေကုန်တဲ့အချိန် သူက မီးပိတ်ရော။ နောက်တစ်ခါ မနက်ပိုင်းတခါ ပြန်လာရော။ ရေကုန်တဲ့ အချိန်ကျတော့ ပိတ်ရော။ သုံးရက်ခြားပေါ့။ ရတယ်။ အခက်အခဲကတော့ မပြောတော့ပါဘူးဗျာ။ မဟာဓာတ်အားလိုင်း ဆိုတာလည်းပဲ နားရှိလို့ ကြားရတာပေါ့။ ရမယ်။ လာမယ့် ဘတ်ဂျက်ဆိုတာကလည်း တော်တော်လေး ကြားသွားပါပြီ။ အရင် ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက လာမယ့်ဘဏ္ဍာရေးနှစ် လာမယ့်ဘတ်ဂျက်ဆိုတော့ လူထုအနေနဲ့ သိပ်အယုံအကြည် မရှိတော့ဘူးပေါ့။"

တွန်းဇန်မြို့ပေါ်နဲ့ ကျေးရွာတွေမှာလည်း မဟာဓာတ်အားလိုင်းမရသေးတာကြောင့် နေရောင်ခြည်သုံး ဆိုလာမီးကိုပဲ အဓိကထား အသုံးပြုနေရပါတယ်။ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးရဖို့ ကြိုစားနေတယ်လို့ သတင်းတွေ ကြားရပေမယ့် အခုချိန်ထိ ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

"ကျွန်တော် တွန်းဇန်မြို့ပေါ်မှာလည်း ဆိုလာမီးပဲ သုံးနေတာပါ။ အဲဒါက အခုထိကတော့ စစ်တမ်းယူတာတို့ ဘာတို့ ကြိုတင်ပြင်ဆင်တာမျိုး မရှိသေးဘူး။ အခုထိ ဘာမှမကြားသေးဘူး။ မကြားသေးတဲ့ အခါကျတော့ တီးတိန်တောင်မှ မရောက်သေးတဲ့အခါကျတော့ ဒီဘက်ကတော့ ၂၀၂၂ လောက်ရမယ်လို့တော့ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေက ပြောတာပဲ။ အဓိက ကြားတယ်။ လုံးဝအဲဒါအတွက် ကြိုတင်ပြင်ဆင်တာတို့ ဘာတို့၊ နောက်နေရာ ဥပမာ ဓာတ်အားခွဲအတွက် ဘယ်နေရာလုပ်ရမယ်ဆိုပြီး နေရာရွေးတာတို့ ဘာတို့တော့ ဘာမှမရှိဘူး"

ထန်တလန်မြို့ပေါ်မှာတော့ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မီးရနေပြီဖြစ်ပေမယ့် ကျေးရွာတွေအထိ မီးမရသေးတဲ့အပြင် ဓာတ်အားခွဲရုံတောင် ဆောက်လုပ်ဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"မဟာဓာတ်အားလိုင်းကတော့ မြို့ပေါ်မှာပဲရသေးတယ်။ မဟာဓာတ်အားလိုင်းကို ထန်တလန်ကနေ ဆယ်မိုင်အကွာ ကျေးရွာတွေရဖို့ စီစဉ်ထားတာလည်း မရသေးဘူး။အခု 66KV မဟာဓာတ်အားလိုင်းခွဲက အခုဆောက်နေတုန်းပဲ။ရုံးက ဆောက်ပြီးပြီ။ အဲဒီအဆောက်အအုံက အခုဆောက်နေတုန်းပဲ။ မပြီးသေးဘူး။ အဲဒါပြီးသွားရင် ဆယ်မိုင်ပတ်လည်မှာရှိတဲ့ ရွာတွေတောင် ပေးလို့မရသေးဘူး။ မြို့ပေါ်မှာပဲ ရနေသေးတယ်။တောရွာတွေမှာ မရသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ လိုင်းခွဲမဟာဓာတ်အားရုံက ဆောက်ဆဲပဲဆိုတော့ ဘယ်လိုမှ ဖြန့်ဝေလို့ မရသေးဘူး"

လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှုနည်းတဲ့အပြင် စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ ချင်းပြည်နယ် (တောင်ပိုင်း) ပလက်ဝနဲ့ ဆမီးဒေသဘက်မှာတော့ ဒီဇယ်စက်နဲ့ တစ်ညကို ၃ နာရီလောက် လျှပ်စစ်မီးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညတိုင်း ၃ နာရီရတယ်ခင်ဗျ။ ညနေ ၆ နာရီကနေ ၉ နာရီအထိ ၃ နာရီပေါ့။ ဒီဇယ် စက်ရုံနဲ့ပေါ့။ ဒီဇယ်နဲ့မောင်းတဲ့ စက်၊ မီးစက်နဲ့။ ရေအားလျှပ်စစ်က တစ်နေရာ၊ နှစ်နေရာ ရှိတယ်။ကျန်တဲ့နေရာတော့ မရှိနိုင်သေးဘူး။”

ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကတော့ တီးတိန်၊ တွန်းဇံနဲ့ ပလက်ဝမြို့တွေမှာ မဟာဓာတ်အားလိုင်းသွယ်ဖို့ ဂျပန်ချေးငွေနဲ့ ပြည်နယ်အစိုးရက ဆောင်ရွက်နေပြီး ၂၀၂၁ ကုန်ပိုင်းမှာ ပြီးနိုင်မယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က ဂျပန်ရဲ့ချေးငွေ အဲဒါနဲ့ လုပ်နေတယ်။ ဂျပန်တွေနဲ့ ညှိတာကလည်း ၁၆-၁၇၊ ၁၇-၁၈ ကတည်းက ရမယ်။ ရမယ်ဆိုပြီးတော့ ကြန့်ကြာနေတာ။ သူတို့နဲ့ လုပ်ရတာကလည်း ဘယ်လိုဖြစ်လဲဆိုတော့ အခု World Bank ပဲဖြစ်ဖြစ်၊ ကျန်တဲ့ ဂျပန် JICA ပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ လုပ်တဲ့အချိန် ချေးငွေ ယူတဲ့အချိန်မှာ အရမ်းစိစစ်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ စိစစ်တဲ့ဟာကလည်း သူတို့မှာ ကန့်သတ်ချက်တွေကလည်း တအားများတယ်။ ဆိုတော့ ၂၀၂၁ ထဲမှာတော့ တီးတိန်၊ တွန်းဇန်၊ ပလက်ဝ သုံးခုလုံးကတော့ ဒီဂျပန်ရဲ့ ချေးငွေနဲ့ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူများနိုင်ငံနဲ့ လုပ်ရတာဖြစ်တဲ့အတွက် နည်းနည်း ကန့်သတ်ချက်တွေ ကြန့်ကြာတာတွေတော့ ရှိတာပေါ့နော်”

ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်မီးဟာ သဘာဝဘေးအန္တရာယ်ကြောင့် မကြာခဏ ပျက်စီးတာကြောင့် ချင်းပြည်နယ် ကျေးရွာတွေပါမကျန် မဟာဓာတ်အားလိုင်းရဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရှိတဲ့ ကျေးရွာပေါင်း ခြောက်သောင်းလေးထောင်နီးပါးက ရွာပေါင်း သုံးသောင်းတစ်ထောင်ကျော်သာ လျှပ်စစ်မီး ရရှိနေကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ်မှာ နိုင်ငံအတွင်း ၇၅ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းရေးနဲ့ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောထားပါတယ်။

အဲလိုဆောင်ရွက်ရာမှာ နောင် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်း မဟာဓာတ်အားလိုင်း မရောက်နိုင်တဲ့ဒေသတွေကို မဟာဓာတ်အားလိုင်းပြင်ပ အိမ်သုံးဆိုလာစနစ်၊ အသေးစား ဓာတ်အားစနစ်နဲ့ မီးလင်းနိုင်အောင် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။