ကျောက်စိမ်းမြေပေါ်က မြေစာပုံဘဝများ
2023.06.26

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့နယ်မှာ အထွေထွေအကျပ်အတည်းတွေကြောင့် ရေမဆေးသမားတွေ ရပ်တည် ဖို့ ပိုခက်ခဲလာတယ်လို့ ပြောကြပါတယ်။
ဖားကန့်မြို့က ကျောက်စိမ်းလုပ်ကွက်တွေမှာ တရားမဝင်တူးဖော်နေတဲ့ ကျောက်စိမ်း ကုမ္ပဏီတွေက ရေမဆေးရှာဖွေခွင့်မပြုတာနဲ့ စစ်ကောင်စီတပ်တွေက ရေမဆေးသမားတွေ ကို အကြောင်းမဲ့ဖမ်းဆီး ရိုက်နှက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျွန်တော်တို့ ရေမဆေးက ကျောက်ရှာမှ ထမင်းစားရတာဆိုတော့ ကျောက်မရှာရတော့ ဘာသွားစားရမလဲ"
ကုမ္ပဏီလုပ်ကွက်တွေထဲမှာ အရင်လို အချိန်အကန့်အသတ်နဲ့ ကျောက်ရှာဖွေခွင့် မရှိတော့ တာကြောင့် မြေစာပုံတွေမှာပဲ ရှာဖွေနေရလို့ စားဝတ်နေရေး ခက်ခဲလာတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ရေမဆေးသမားတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ စရှာတဲ့ အချိန်တုန်းကတော့ ရေမဆေးတွေ အဆင်ပြေတယ်လို့ ပြောရ မှာပေါ့ဗျာ။ ဘာဖြစ်လဲဆိုတော့ အဲဒီအချိန်က ညနေ ၄ နာရီနဲ့ ၆ နာရီကြားကို ကျင်းထဲ တွေ ဝင်တူးပိုင်ခွင့် ရှိတယ်။ မြေစာပုံထဲ လွတ်လွတ်လပ်လပ် ရှာပိုင်ခွင့်ရှိတယ်။ အခု ဘာကွာသွားလဲ ဆိုတော့ ကျင်းထဲလည်း မဆင်းရ၊ ပစ်တဲ့ မြေစာတောင် မရှာရတော့ဘူး။ ကျွန်တော်တို့ ရေမဆေးက ကျောက်ရှာမှ ထမင်းစားရ တာဆိုတော့ ကျောက်မရှာရ တော့ ဘာသွားစားရမလဲ။ ပြီးတော့ ဘာလုပ်ရလဲဆိုတော့ မရှိရှိတဲ့ မြေစာပုံအဟောင်း ဟိုတုန်းက စွန့်ပစ်ထားတဲ့ မြေစာပုံအဟောင်းတွေ ရလိုရငြားနဲ့ ပြန်တူးစားနေရတာ။ အရင်တုန်းကနဲ့ အခုနဲ့ နှိုင်းယှဉ်မယ်ဆို တော်တော်ကွာသွားတယ်၊ အခုက တော်တော် ကျပ်တည်းတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကုမ္ပဏီလုပ်ကွက်တွေမှာ အချိန်သတ်မှတ်ပြီး ရေမဆေးသမားတွေ တရားဝင် ကျောက်ရှာဖွေခွင့် ရခဲ့ပါတယ်။
ဖားကန့်မြို့မှာ အခုနှစ်ဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီကလည်း ဖားကန့်မြို့ကို တင်ပို့တဲ့ စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို နန့်ယားစစ်ဆေးရေးဂိတ်မှာ မကြာခဏ ပိတ်ပင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဖားကန့်မြို့အတွင်း လုံခြုံရေးတင်းကျပ်ထားပြီး KIA ကို ထောက်ပံ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွန့်ပစ်မြေစာပုံတွေထိ ကျောက်ရှာဖွေနေသူတွေကို ဝင်ရောက် ဖမ်းဆီးတာတွေလည်း ပိုများလာတယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။
အရင်က မြေစာပုံပေါ်မှာ ရေမဆေးသမားတွေ အချိန်မရွေး ကျောက်ရှာကြတာ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက် ဖားကန့်မြို့မှာ ညမထွက်ရ အမိန့်ထုတ်ထားတာကြောင့် ညဘက် ကျောက်ရှာတဲ့အခါ အိမ်ပြန်မအိပ်ကြတော့ဘဲ မြေစာပုံပေါ်မှာပဲ မနက်မိုးလင်းတဲ့အထိ နေတဲ့သူများတယ်လို့ ဆိုင်းတောင်က ရေမဆေးသမားတစ်ဦးက RFA ကို ပြောပါတယ်။
"သွားရ လာရတာကတော့ လက်နက်သံတွေ ဘာတွေ ကြားရတာနဲ့ ဟိုမှာနေထားတဲ့ သူတွေကလည်း အခြေအနေ နားထောင်ပြီး ပြန်သင့်မှပြန်ကြတယ်။ တချို့ကျတော့ လည်း မှော်မှာ တစ်ညလုံးနေကြတယ်။ အိပ်စရာရှိတဲ့သူတွေကလည်း အဲဒီမှာပဲ အိပ်ကြတယ်။ အဆင်ပြေရင်တော့ ပြန်တဲ့သူတွေလည်း ပြန်တယ်။ သွားတဲ့အချိန်ဆို သိပ်မဖြစ်ဘူး၊ ပြန်တဲ့အချိန် ၉နာရီလောက်ဆို တိုက်ပွဲအသံ ကြားရတယ်"
ကျောက်စိမ်းမြေပေါ်က မြေစာပုံတွေမှာ စစ်ကိုင်း၊ မကွေး၊ ရခိုင် စတဲ့ နိုင်ငံတစ်ဝန်းက အိပ်မက်ကိုယ်စီနဲ့ ရွှေ့ပြောင်းလာတဲ့ ရေမဆေးသမားတွေဟာ စစ်ကောင်စီရဲ့ ကုန်စည်နဲ့ စက်သုံးဆီ မကြာခဏ ပိတ်ပင်တာကြောင့် အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းရဲ့ ရိုက်ခတ်မှုဒဏ်ကို အလူးအလိမ့် ခံနေရပါတယ်။
ရေမဆေးသမားတွေကို အရင်လို ကုမ္ပဏီလုပ်ကွက်တွေထဲ အချိန် သတ်မှတ်ပြီး ရှာခိုင်းတာမျိုး ဖြစ်စေချင် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေမဆေး သမားတစ်ဦးက RFA ကို ပြောပါတယ်။
"အရင်တုန်းက တစ်လမှာ အနည်းဆုံး ဆယ်ငွေလောက်တော့ ရတယ်။ ဟိုတုန်းက ရှာခဲ့တာ အနည်းဆုံး တစ်ညကို တစ်သောင်း၊ နှစ်သောင်း အောက်ထစ်ရတယ်။ ကျောက်လည်း ရောင်းလို့ အဆင်ပြေတယ်။ လောပန်းတွေလည်း တော်တော် ဝယ်ရတယ်။ ပြည်သူတွေရော ရေမဆေးတွေရောအားလုံး ဒီမှော်ထဲမှာ ရှာနေတဲ့ သူတွေကို နည်းနည်းညှာတာ သင့်တယ်။ သူ့အချိန်နဲ့ သူ ရှာခိုင်းတာမျိုးလုပ်စေချင်တယ်။ သူတို့ အလုပ်နားတဲ့အချိန် ကျင်းထဲကို တူးဖော်ခွင့် ပေးသင့်တယ်ပေါ့။ ရှာပိုင်ခွင့် ရှိတယ်ပေါ့၊ တကယ်တမ်း ပြောရရင်၊ သူတို့ လုပ်ငန်းပြန်စမယ်ဆို ပြန်နှင်ပေါ့ အဲဒီလို မျိုးလိုတာဗျ။ အခုကျတော့ အဲဒီလို မဟုတ်တော့ဘူး၊ စွန့်ပစ်တဲ့ မြေစာပုံတောင် အရှာ မခံတော့ ကျင်းထဲတူးဖို့တော့ မလွယ်ဘူး"
ကျောက်စိမ်း ကုမ္ပဏီတွေဟာ စက်ယန္တရားတွေနဲ့ တူးဖော်ပြီးသား မြေစာတွေကို ကုမ္ပဏီဝင်းထဲမှာပဲ အရင်သွန်ပြီး ကုမ္ပဏီက လစာနဲ့ ခန့်ထားတဲ့ ရေမဆေးသမားတွေ အကြိမ်ကြိမ် ရှာထားပြီးတဲ့ မြေစာကိုမှ အပြင်ကို ပြန်သွန်တာကြောင့် အရင်လို ကျောက်ကောင်းတစ်လုံးရဖို့ မလွယ်တော့ဘူးလို့လည်း ရေမဆေးသမားတွေက ဆိုပါတယ်။
လက်ရှိ ဖားကန့်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ လုပ်ကွက်အများစုဟာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် တူးဖော်နေတဲ့ လုပ်ကွက်တွေဖြစ်ပြီး နေ့ရော ညပါ စက်ယန္တရားတွေနဲ့ တူးဖော် နေကြတယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဖားကန့်မှာ ကုမ္ပဏီတွေ ကျောက်စိမ်းရှာဖွေဖို့ လုပ်ကွက်အသစ်ချပေးထားတာ မရှိဘူးလို့ RFAကို မကြာခဏ ဖြေဆိုဖူးပါတယ်။
စစ်ရေးအခြေအနေ ရှုပ်ထွေးနေတဲ့ ဖားကန့်မြို့နယ်မှာ ဘက်ပေါင်းစုံကနေ တစ်နေ့ထက် တစ်နေ့ ပိုကျပ်တည်းလာလို့ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ရေမဆေးသမားတစ်ဦးက ပြောပါတယ်။
"စိုးရိမ်ပူပန်မှုကတော့ ပြောမနေပါနဲ့၊ မပဒါမြေလူး ပြောရမှာပေါ့။ ဘက်ပေါင်းစုံကပါ စိတ်ဆင်းရဲမှုက နိုင်ငံရေးက မကောင်း၊ စစ်ရေးကကြောက်လို့ ပြေးရလွှားရတာ တစ်မျိုး ကိုယ့်အိမ်ကိုယ်လည်း မကပ်ရ။ အခြေအနေ ကောင်းလို့ ရှာပြန်ရင်လည်း ကျင်းတွေက ကျောက်မရှာရ ဆိုတော့ ဘက်ပေါင်းစုံပါပဲ စိတ်ဆင်းရဲမှုက၊ ရေမဆေးသမားတိုင်း ခံစားနေရတာ။ ညဆိုလည်း ကောင်းကောင်း မအိပ်ရဘူး၊ ဘယ်အချိန်များ ဝင်ဆွဲမလဲ၊ တိုက်ပွဲ ကြားညှပ်မှာလည်း ကြောက်ရ၊ တစ်ခါတလေ လူမှားပြီး အရိုက်ခံရမှာလည်း ကြောက်ရနဲ့ မျိုးစုံ ကြောက်နေရတာပဲ။ ဒီဘက်နေရတာကေတော့ ကိုယ်ကလည်း ကိုယ်နေ နေတဲ့ မှော်ဆိုတော့ သံယောဇဉ်ရှိလို့ ဒီမှာပဲ လုပ်စားတတ်တာ ဆိုတော့ ဒီမှာပဲ နေကြတာ၊ သံယောဇဉ်တွယ်နေကြပြီ"
သူဌေးဖြစ်ဖို့ အိပ်မက်ကိုယ်စီနဲ့ ရောက်လာကြပေမယ့် စစ်ရေးရှုပ်ထွေးမှုနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်တွေကြားမှာ မြေစာပုံက ရေမဆေးသမားဘဝတွေ ပိုပြီး ခက်ခဲလာသလို မူးယစ်ဆေးဝါး စွဲသွားတဲ့သူတွေလည်း အမြောက်အမြား ရှိနေပါတယ်။
ဒေသခံတိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံအရပ်ရပ်က လူပေါင်း လေးသိန်းနီးပါးဟာ ရေမဆေးကျောက် ရှာဖွေသူတွေအနေနဲ့ ဘေးကင်းလုံခြုံမှု မရှိတဲ့ အခြေအနေမှာ အလုပ်လုပ်ကိုင်နေကြရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာစောင့်ကြည့်တဲ့ ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။