ကယန်းနှစ်သစ်ကူးပွဲနဲ့ စစ်ဘေးဒုက္ခသည် ရန်ပုံငွေရှာပွဲ ဘန်ကောက်မှာကျင်းပ

ခင်ခင်အိ
2023.12.10
ကယန်းနှစ်သစ်ကူးပွဲနဲ့ စစ်ဘေးဒုက္ခသည် ရန်ပုံငွေရှာပွဲ ဘန်ကောက်မှာကျင်းပ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပသည့် ကယန်းနှစ်သစ်ကူးအကြိုပွဲအခမ်းအနား မြင်ကွင်းတစ်ခု။
RFA

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်မဲ့ ၂၇၆၃ နှစ်မြောက် ကယန်းနှစ်သစ်ကူးနေ့ကို ကြိုဆိုတဲ့အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေ ဘောလုံးပွဲနဲ့ စျေးရောင်းပွဲတော်ကို ထိုင်းနိုင်ငံရောက် ကယန်းတိုင်းရင်းသားတွေ စုပေါင်းပြီး ဘန်ကောက်မြို့က CS Sports Club မှာ ဒီဇင်ဘာ ၁ဝ ရက်နေ့က ကျင်းပခဲ့တာပါ။

အခမ်းအနားမှာ ကယန်းအမျိုးသားအလံ အလေးပြုတာ၊ နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောပြတာ အပါအဝင် ရိုးရာအကနဲ့ နှစ်သစ်ကူးနေ့ကို ကြိုဆိုခဲ့ကြပါတယ်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ (Vero Nika) က သူတို့တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ အခုလို ကျင်းပတာဖြစ်တယ်လို့ ပြောပါတယ်။

“ကယန်းနှစ်သစ်ကူးနေ့ကို ကျွန်တော်တို့ နှစ်တိုင်းကျင်းပပါတယ်။ အဓိကက ကယန်းတိုင်းရင်းသားတွေ အားလုံး စည်းလုံးညီညွတ်မှုရှိတယ် ဆိုတာရယ်၊ ကယန်းနှစ်သစ်ကူးနေ့ကို မမေ့ပျောက်ဖို့တွေရော ဒီမှာ အတူတကွ ဆုံစည်းကြတာပေါ့နော်”

ဒီပွဲကို တက်ရောက်လာသူတစ်ဦးကလည်း ကယန်းနှစ်သစ်ကူးပွဲဟာ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့်နဲ့ ပြည်ပရောက် သူတို့ တိုင်းရင်းသားတွေ စုစုစည်းစည်းတွေ့ဆုံရဖို့ အတွက် အခုလို လာရောက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို ကျွန်တော်တို့ ကယန်းမျိုးနွယ်စုအားလုံးရဲ့ တွေ့ဆုံပွဲဖြစ်တယ်။ ဒီလိုတွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ အခုကျွန်တော်တို့ တွေ့ရသလို မြန်မာနိုင်ငံမှာတော့ မတွေ့ရဘူး၊ ပြည်ပရောက်နေတဲ့သူတွေ အခုလိုတွေ့ရတဲ့အတွက် အရမ်းဝမ်းသာတယ်"

ကယန်းတိုင်းရင်းသားတွေရဲ့ ဒီနှစ်သစ်ကူးအကြိုပွဲကို ထိုင်းနိုင်ငံတွင်းက အခြားတိုင်းရင်းသားတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး စုစုပေါင်း တက်ရောက်သူ ငါးရာနီးပါး ရှိပါတယ်။ အခမ်းအနား ဦးဆောင်ကျင်းပသူတွေထဲက တစ်ဦးဖြစ်တဲ့ မမူကယန်းက ဒီပွဲမှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေအားလုံးရဲ့စည်းလုံးညီညွတ်မှုကို တွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ပြောပါတယ်။

“ကျွန်မတို့ ပြည်တွင်းမှာမဟုတ်ဘဲ နိုင်ငံခြားမှာကျင်းပရတာမို့လို့ ပြည့်စုံမှုတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ ရောက်တဲ့နေရာမှာ ကျွန်မတို့ဟာ ကယန်းလူမျိုးတွေ ဖြစ်တယ်ဆိုတာကို ပြချင်တယ်။ ကယန်းတွေရဲ့ ဝိသေသကို ဖော်ထုတ်ပြသဖို့ အတွက်ရယ်၊ နောက် ပြည်တွင်းမှာကြုံနေတဲ့ ဒုက္ခရောက်နေတဲ့ ညီအစ်ကို မောင်နှမတွေကို ကူညီလိုတဲ့အတွက်ကြောင့် မပြည့်စုံပေမဲ့လဲ ဒီလိုနေ့ရက်မှာ ကယန်းတိုင်းရင်းသားတွေရော တခြားတိုင်းရင်းသားတွေရော အများကြီး လာရောက်တဲ့အတွက်မို့ အရမ်းကိုစည်းစည်းလုံးလုံး ရှိတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်”

ဒီပွဲမှာ မြန်မာပြည်က စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေအဖြစ် ကယန်းရိုးရာဝတ်စုံတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အစားအစာတွေရောင်းချခဲ့ကြပြီး တက်ရောက်လာသူတွေကိုလည်း ကယန်းရိုးရာဆန်ပြုတ်နဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ကယန်းလူမျိုးတွေဟာ ကမ်းယံလူမျိုးကနေတစ်ဆင့် ဆင်းသက်လာတာဖြစ်ပြီး ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ဘာသာစကားနဲ့ နေထိုင်ကြတဲ့ လူမျိုးတစ်မျိုးလည်းဖြစ်ပါတယ်။ ကယန်းလူမျိုးတွေ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဘီစီ (၇၃၉) ခုနှစ်ကို အစွဲပြုပြီး ကယန်းနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကျင်းပကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။