ကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ ခက်ခဲတဲ့အိမ်ပြန်ခရီး
2023.04.27

လေဖြတ်ထားလို့ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ အသက် ၆၆ နှစ်အရွယ် ဒေါ်နန်ဘောက်ဟာ သူ့ဘဝရဲ့ပျော်ရွှင်မှုကို ၁၁ နှစ်ကြာဆုံးရှုံးခဲ့ရသလို အခက်အခဲ အကျပ်အတည်းမျိုးစုံကိုလည်း ရင်ဆိုင်ခဲ့ရသူပါ။
သူဟာ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံစစ်ဘေးဒုက္ခသည်စခန်းမှာ ၁၁ နှစ်ကြာနေခဲ့ရပါတယ်။ အခုတော့ သူ့ဇာတိ ဝိုင်းမော်မြို့နယ် ဂါးရာယန်ရွာကို ပြန်ရောက်လာတာ နှစ်လ ဝန်းကျင်ရှိပါပြီ။ နောက်ထပ်အခက်အခဲအသစ် ရင်ဆိုင်ရဦးမှာသေချာပေမယ့် သူ့ရင်ထဲမှာ လွတ်လပ်ပျော်ရွှင်မှုတွေ ခံစားရတယ်လို့ ပြောပြပါတယ်။
“ကိုယ့်ရွာကို ပြန်ရောက်လာတဲ့အခါ လွတ်လွတ်လပ်လပ်ရှိတယ်၊ စိတ်လွတ်ကိုယ်လွတ် နေချင်သလို နေလို့ရတယ်၊ စိတ်ထဲမှာလည်း ပျော်တယ်။ ဟိုမှာက ဆယ်ပေပတ်လည် တောင် မဟုတ်ဘူး၊ ကျွန်မတို့ မြေးဘွားတွေနေတာ ရှစ်ပေပတ်လည်ပဲ ဟုတ်တယ်။ အဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေရတယ်။ စိတ်ထဲမှာလည်း အရမ်းကျဉ်းကျပ်တယ်။ ကိုယ့်ရွာမှာ ဆိုရင် နေရာသေးသေးလေးမှာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းတယ်။ ဘယ်တော့မှ ပြန်လို့မရ လောက်တော့ဘူးလို့ပဲ ထင်ထားတာ အခုလို ပြန်လာလို့ရလို့လည်း အရမ်းပျော်တယ်”
အာဏာသိမ်းပြီးနောက်ဖြစ်လာတဲ့ ကုန်ဈေးနှုန်းတက်ပြီး အလုပ်ကိုင်ရှားပါးတဲ့ ပြဿနာကြားမှာ ကချင်စစ်ဘေး ဒုက္ခသည်တွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကူညီတဲ့ထောက်ပံ့ငွေ တစ်ခုတည်းနဲ့ ရပ်တည်ဖို့ပိုခက်ခဲလာပါတယ်။ ဒါကြောင့် နယ်မြေမငြိမ်းချမ်းသေးပေမယ့် နေရပ်ပြန်ဖို့ကို ဆုံးဖြတ်လာကြပါတယ်။
နေရပ်ပြန်ကြတဲ့သူတွေနဲ့အတူ ဒေါ်နန်ဘောက်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သူ့ဇာတိ ဂါးရာယန်ရွာကို ပြန်လာခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းက အခန်းကျဉ်းထဲမှာ စိတ်မွန်းကျပ်မှုတွေနဲ့ ဆယ်နှစ်ကျော်နေခဲ့ရတာကြောင့် ရွာပြန်ရောက်လာတဲ့အခါ ပျော်ရွှင်ရပေမယ့် စားဝတ်နေရေးအတွက် ဘဝကိုအစကနေ ပြန်တည်ဆောက်နေရတာကြောင့် အခက်ခဲတွေတော့ ဆက်ပြီးရှိနေဆဲပဲလို့ ဒေါ်နန်ဘောက်က ပြောပါတယ်။
"ဘယ်တော့မှ ပြန်လို့မရလောက်တော့ဘူးလို့ပဲ ထင်ထားတာ အခုလို ပြန်လာလို့ရလို့လည်း အရမ်းပျော်တယ်”
လောလောဆယ်တော့ ဒေါ်နန်ဘောက်တို့ ဇနီးမောင်နှံ နှစ်ဦးပဲ ပြန်လာကြသေးတာဖြစ်ပြီး ကျောင်းတက်နေတဲ့ မြေးသုံးယောက်နဲ့ သမီးနှစ်ယောက်ကတော့ ပညာရေးကြောင့် ဒုက္ခသည်စခန်းမှာ ဆက်ပြီးနေရစ်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့ပေါ်မှာကျောင်းတက်နေတဲ့ ကလေးမိသားစုတချို့ ပြန်လာချင်ပေမယ့် ရွာမှာ အစိုးရစာသင်ကျောင်း မရှိသေးလို့ခက်ခဲနေသေးတယ်လို့ ဂါးရာယန်ရွာ ပြန်လည် ထူထောင်ရေး ကော်မတီ တာဝန်ခံ ဦးလွမ်းဇောင်းက ပြောပါတယ်။
“၁၀ တန်း၊ ၉ တန်း မရှိတဲ့အခါကျတော့ တချို့တလေ အိမ်ထောင်စုတွေက အခြေချဖို့က သူတို့ နည်းနည်းစိတ်ကသိကအောက်ဖြစ်နေတယ်။ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းရှိရင် တော့ ပြန်လာတော့မလို့ ဟုတ်တယ်။ ဒါပေမဲ့ အခုကလေးက ၈ တန်းတက်ရမယ် ၉ တန်းတက်ရမယ်၊ ၁၀ တန်းတက်ရမယ်။ အဲဒီပိုင်းမှာ နေရပ်ပြန်ရေး အစီစဉ်က နည်းနည်းခက်ခဲနေတဲ့ အပိုင်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ရုန်းကန်ရတဲ့ အပိုင်းမှာ အသင်းတော်အခြေပြုပြန်လုပ်လိုက်ရတယ်။ ၈ တန်းအထိ ကျွန်တော်တို့ ဖွင့်ထားတယ်”
အစိုးရကျောင်းနဲ့ ဆေးခန်းဖွင့်နိုင်ဖို့ကို စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) တို့ဆီမှာ အကူအညီ တောင်းထားပေမယ့် အခုချိန်ထိ အကူအညီ မရသေးဘူးလို့ ဦးလွမ်းဇောင်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ အစိုးရ ဘတ်ဂျက်ပေါ်မူတည်ပြီး နေရပ်ပြန်တဲ့စစ်ဘေးဒုက္ခသည်တွေအတွက် ကျောင်းနဲ့ ဆေးခန်း ဆောက်ပေးတာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က နှစ်အလိုက် ဘတ်ဂျက်ချပြီး လုပ်နေတာရှိတယ်။ ဆိုလိုတာက သူ့စည်းအမှန်နဲ့ ဒီကိစ္စကဆောက်တာ နိုင်ငံတော် ဘတ်ဂျက်ချရင် ကျွန်တော်တို့က လုပ်ပေးတာပေါ့။ ပြည်နယ်အစိုးရက ပြင်နိုင်တဲ့ကိစ္စတွေ အကုန်ဆင်းကြည့်ပြီးတော့ သွားလုပ်ပေးတာရှိတယ်။ နောက် ဆေးကိစ္စလည်း ဒီအတိုင်းပဲ ဆေးပေးခန်း တစ်ခုပဲ ရှိလို့မရဘူး ဆရာဝန်ပါ ရှိမှရမယ်လေ။ အဲအတွက်ကိုလည်း ပြည်နယ်ပညာရေးမှူးနဲ့ ပြည်နယ်ကျန်းမာရေးမှူးတို့ ကိုယ်တိုင်ကြပ်မတ်ပြီး လုပ်ပေးနေတာတွေရှိတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို ခဏပြောသလို လိုတာကို အစိုးရက နောက်ကလိုက်ကူ ပေးတာရှိတယ်”
နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း အတင်းဖိအားပေးပြန်ခိုင်းတာမျိုး မရှိဘူးလို့ ဦးဝင်းရဲထွန်းက ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား ၂၀၁၁ ခုနှစ် ကတည်းက ပြန်ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် လူဦးရေ တစ်သိန်းကျော်ဖြစ်သွားပါတယ်။ သူတို့ဟာ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ KIA ထိန်းချုပ်နယ်မြေဘက်တွေကို ထွက်ပြေးခိုလှုံခဲ့ကြရတာပါ။
အခုတစ်ခါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေး ပိုခက်ခဲ လာတာကြောင့် မြစ်ကြီးနားမြို့နယ်ထဲက ရေကြည်၊ ဝိုင်းမော်မြို့နယ်ထဲက ဂါးရာယန်၊ ကဇူး၊ ဒဘတ်ယန်နဲ့ နမ့်ဆမ်ယန် စတဲ့ရွာတွေမှာ နေရပ်ပြန်တဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ဝန်းကျင်ရှိနေပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ဦးတန်ဂွန်းကတော့ သူအရင်နေခဲ့တဲ့ ရှအစ်ယန်ဒုက္ခသည်စခန်းမှာ ဆောင်းတွင်းဆို အချိန်ပြည့် နှင်းတွေဖုံးနေပြီး ရေရှားတဲ့ ပြဿနာ၊ စိုက်ပျိုးလုပ်ကိုင်စားလို့ မရတာကြောင့် ရွာမှာနေရင်း အခက်အခဲတွေကို ရင်ဆိုင်ဖို့ဆုံးဖြတ်ပြီး နေရပ်ပြန်လာတာလို့ RFA ကို ပြောပါတယ်။
“ပိန်းဥတောင် မကျက်တဲ့နေရာမှာ သွားနေတဲ့သူတွေဟုတ်တယ်။ အလှူရှင်တွေ ကုလားပဲတွေ လာထောက်ပံ့ပေးတယ်၊ ကုလားပဲချက်လည်း မကျက်ဘူး ရေနဲ့ အဲဒေသကြောင့်ဟုတ်တယ်။ အဲလို ခက်ခဲတာတွေကြောင့် တစ်နှစ်၊ နှစ်နှစ်လည်း မဟုတ်ဘူးလေ၊ နှစ်ပေါင်းများစွာ ဒုက္ခရောက်တယ်။ လုပ်ကိုင်စားသောက်ဖို့ နေရာလည်းမရှိဘူး။ ခက်ခဲရင်လည်း ခက်ခဲသလို ကိုယ့်ရပ်ရွာကိုပဲ ပြန်သွားနေမှ ပိုအဆင်ပြေမယ်လို့ ဆုံးဖြတ်ပြီးဆင်းလာတာ”
ဦးတန်ဂွန်း ပြန်ရောက်တဲ့အချိန်မှာလည်း တစ်ရွာလုံးပျက်စီးနေပြီး လုပ်ကိုင်စားသောက်ဖို့ တောင်ယာ၊ လယ်ယာတွေအကုန် တောတွေနဲ့ ဖုံးလွှမ်းသွားလို့ အစကနေ ပြန်ပြီးခုတ်ထွင် ရှင်းလင်းရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တချို့နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေကတော့ နိုင်ငံရေးမတည်ငြိမ်သေးလို့ အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကြောင့် နှစ်ရှည်လုပ်ငန်းဖြစ်တဲ့ တောင်ယာ၊ လယ်ယာလုပ်ငန်းကို မလုပ်တော့တဲ့သူတွေလည်း ရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ရှအစ်ယန်ဒုက္ခစခန်းကပြန်လာတဲ့ ဦးတူးနန်က RFA ကို ပြောပြပါတယ်။
“အခုက အစကနေ ပြန်လုပ်ယူရမယ့် အနေထား ရောက်သွားတာကြောင့် ခွန်အား ရှိသေးတဲ့ အချိန်က ဒုက္ခသည်စခန်းမှာ သွားနေလိုက်ရတယ်။ အခု ခွန်အားသိပ်မရှိ တော့တဲ့အချိန်ကျမှ ကိုယ့်ရပ်ရွာကို ပြန်လည်ထူထောင်ရတော့ တချို့က နိုင်ငံရေး အခြေအနေကြောင့် မလုပ်ရဲတော့တဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့ကတော့ ရွာကိုရောက်လာပြီဆိုတော့ စားဝတ်နေရေးအတွက်တော့ အလုပ်တော့ လုပ်နေရဦး မှာပေါ့။ အဲဒါကြောင့် လယ်ယာတစ်ပိုင်တစ်နိုင်ခုတ်နေတယ်”
ဂါးရာယန်ရွာကိုပြန်လာကြတဲ့ အိမ်ထောင်စု သုံးရာကျော်ရှိပြီး လူဦးရေအနေနဲ့ နှစ်ထောင်ဝန်းကျင် လောလောဆယ် ရှိနေပါတယ်။ နောက်ထပ် ဂါးရာယန်ရွာကိုပြန်ဖို့ ပြင်ဆင်နေတဲ့သူတွေလည်း ရှိနေတယ်လို့ ရွာပြန်လည်ထူထောင်ရေး ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရောက်လာကြပေမယ့် တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ တိုက်ပွဲပြန်ဖြစ်လာရင်လည်း အရင်လို နှစ်ရှည်ထွက်ပြေးတိမ်းရှောင်တာမျိုး မဟုတ်ဘဲ ခဏတစ်ဖြုတ်ပဲ တိမ်းရှောင်မယ်လို့ ဒုက္ခသည်တွေက ဆုံးဖြတ်ထားကြပါတယ်။
မြစ်ကြီးနား - ဗန်းမော် ကားလမ်းဘေးမှာရှိတဲ့ ဂါးရာယန်ရွာမှာ အရင်က လိမ္မော်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းတွေရှိပြီး ကုန်ကားတွေ၊ ဈေးသည်တွေနဲ့ စည်ကားခဲ့ပါတယ်။ အခုတော့ ရွာရဲ့ပုံရိပ်တွေ အရာရာပြောင်းလဲနေပါပြီ။
ဂါးရာယန်အပါဝင် တခြားရွာတွေကိုပြန်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် သူတို့ရဲ့ အိမ်အပြန်ခရီးမှာ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေ ကိုယ်စီကိုယ်ငရှိနေကြပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမလား၊ ဖြစ်မလာဘူးလားဆိုတဲ့ အဖြေတိတိကျကျ ဒီကနေ့အချိန်အထိ မရှိသေးပါဘူး။