အဘွားအို ဝေါမာဆာ သို့မဟုတ် မြေမြှုပ်မိုင်းရဲ့ အပြစ်မဲ့ ဓားစာခံ
2023.03.23

မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့တဲ့ အသက် ၈၅ နှစ်အရွယ် အဘွားအို ဝေါမာဆာ တစ်ယောက် မသန်စွမ်းဘဝနဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတာ ၁၂ နှစ် ရှိနေပါပြီ။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာလေးမှာ တောင်ယာလုပ်ရင်း အနှစ် ၇၀ ကျော်လုံးလုံး ဘဝကို ဆင်းရဲနွမ်းပါးစွာဖြတ်သန်းခဲ့တဲ့ အဖွား ဝေါမာဆာဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကံကြမ္မာဆိုးနဲ့ ကြုံခဲ့ရပါတယ်။
စက်တင်ဘာလရဲ့ နေ့ရက်တစ်ရက်မှာ အိမ်ကနေ ဝက်စာယူဖို့အသွား လမ်းခုလတ်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရပါတယ်။
သူ့အသက် ၇၀ ကျော်ကစလို့ အခု ၈၅ နှစ်ထဲဝင်လာတဲ့အထိ ဒုက္ခိတဘဝနဲ့ ဖြတ်သန်းရတဲ့ အပြင် မျက်စိလည်းမှုန်၊ နားလည်းမကြားတော့တာကြောင့် ဘဝက ပိုခက်ခဲလာပါတယ်။
ကိုယ်တိုင် အသက်အရွယ်ကြီးရင့်တဲ့ ဒုက္ခိတတစ်ဦးဖြစ်နေတဲ့အပြင် မိသားစုကပါ အလုပ်အကိုင်မရှိတဲ့ စစ်ဘေးဒုက္ခသည် ဖြစ်နေတာကြောင့် သူတစ်ပါး ပေးစာ၊ ကမ်းစာနဲ့ပဲ အသက်ရှင်သန်နေထိုင်ရတယ်လို့ အဘွား ဝေါမာဆာက ပြောပါတယ်။
"ကျမတို့အိမ်နဲ့ သိပ်မဝေးတဲ့နေရာမှာပဲ ထိသွားတာ။ ကျမက မမြင်တော့ ဝက်သွားရှာတဲ့ အချိန်မှာ နင်းမိသွားတာ။ မျက်စိလည်း မမြင်တော့ဘူးဆိုတော့ ပိုပြီးခက်ခဲသွားတယ် နေရတာ။ နေလည်း မကောင်းဘူး။ ထမင်းလည်း နည်းနည်းပဲစားလည်း ဗိုက်နာလာပြီ။ ပိုက်ဆံလည်းမရှိတော့ စားဖို့လည်းမရှိဘူး။ ဒီမှာနေတာ ခက်ခဲပြီး စားဖို့မရှိတော့ အိမ်နီးချင်းတွေနဲ့ သူများတွေပဲ စေတနာနဲ့ လာလာကျွေးကြတယ်။ လာကူညီတဲ့ သူတွေကိုလည်း ကျေးဇူးတင်တယ်"
၂၀၁၁ ခုနှစ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါ အဘွား ဝေါမာဆာ တို့မိသားစုလည်း ဇာတိရွာကို စွန့်လွှတ်ပြီး ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာဒေသက ဝေကြိုင် စစ်ဘေးဒုက္ခသည်စခန်းကို ရောက်လာတာပါ။
ဒီစခန်းမှာ သားဖြစ်သူရဲ့ မိသားစုနဲ့အတူ သူနေထိုင်ပါတယ်။
သားဖြစ်သူ ဦးဇော်တူ ကိုယ်တိုင်လည်း အလုပ်မလုပ်နိုင်တဲ့အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
"ပြောစရာတောင် မရှိအောင် ခက်ခဲတာလည်း ရှိတယ်။ ဘယ်မှ သွားလို့မရတဲ့ အချိန်တွေလည်း အများကြီးရှိခဲ့တော့ တော်တော် ခက်ခဲတယ်။ ဆားနဲ့ပဲ စားတဲ့အချိန် တောင် အများကြီး ရှိခဲ့တယ်။ သူကလည်း စားချင်တာက အသားငါးလည်း စားချင်တယ်၊ ကျနော်တို့က မတတ်နိုင်လို့ မကျွေးနိုင်တာလည်း အများကြီးပဲ။ သူကတော့ စားချင်တာ တွေ များတယ်"
မိခင်ဖြစ်သူ စားချင်တာကို အကုန်ဝယ်ကျွေးချင်ပေမယ့် အလုပ်မလုပ်နိုင်တော့ ဘာမှ မတတ်နိုင်ဘူးလို့ ပြောပါတယ်။
"ဆားနဲ့ပဲ စားတဲ့အချိန် တောင် အများကြီး ရှိခဲ့တယ်။ သူကလည်း စားချင်တာက အသားငါးလည်း စားချင်တယ်၊ ကျနော်တို့က မတတ်နိုင်လို့ မကျွေးနိုင်တာလည်း အများကြီးပဲ"
ရွာမှာပြန်ပြီး တောင်ယာစိုက်ဖို့၊ တခြားအလုပ်အကိုင်ရှာဖို့ဆိုတာလည်း အသက်အရွယ် ကြီးရင့်တဲ့ ဒုက္ခိတမိခင်ကို နေ့စဉ်စောင့်ရှောက်နေရတာကြောင့် ဝင်ငွေရတဲ့ အလုပ်လုပ်ဖို့ ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။
အဘွား ဝေါမာဆာမှာ သားသမီး ကိုးယောက်ရှိပေမယ့် အားလုံး ကွယ်လွန်သွားပြီး ဦးဇော်တူ တစ်ယောက်ပဲ မိခင်ကို စောင့်ရှောက်နေရတာပါ။
အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့ အဘွား ဝေါမာဆာဟာ သူငယ်ငယ်က နေထိုင်ခဲ့တဲ့ ဝိုင်းမော်မြို့နယ်က နမ်ဆန်ယန်ရွာလေးကို အမြဲလွမ်းဆွတ်နေတတ်တယ်လို့ ချွေးမဖြစ်သူ ဒေါ်မရစ်ခေါန်နူးက ပြောပါတယ်။
"အခုလို ခက်ခဲတဲ့အချိန်ဆို အိမ်ပြန်ဖို့ပဲ ပြောတယ်။ အခုလည်း အိမ်ပြန်ဖို့ အမြန် ပြန်လုပ်ပဲ ပြောတယ်။ အခုက ကျမတို့ကို အိမ်ပြန်ပြီး တောင်ယာတွေလုပ်ပြီး အိမ်ခြံသွားရှင်းဖို့ ပြောတယ်။ လူကြီးတွေကတော့ ပြန်လို့ မရသေးဘူးလို့ ပြောတယ်။ ရွာကလူတွေလည်း အသက်ကြီးလို့ စိုရိမ်တော့ ပြန်လို့မရသေးဘူးလို့ ပြောတယ်။ ကျမတို့ သူ့ကိုပဲ အမျိုးမျိုး ချော့ပြီးပြောထားရတယ်"
ခင်ပွန်းက ကျန်းမားရေး မကောင်းသလို သူကိုယ်တိုင်လည်း လက်တစ်ဖက် အဆစ် လွဲထားလို့ အလုပ်မလုပ်နိုင်တော့ မိသားစု စားဝတ်နေရေးက ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
ရွာမှာနေရင်တော့ တောင်ယာခုတ်၊ စိုက်ပျိုးရေးလုပ်၊ ကြက်၊ ဝက် မွေးပြီး အဆင်ပြေနိုင် ပေမယ့် အခု စစ်ဘေးဒုက္ခသည်စခန်းမှာတော့ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ ဆင်းရဲဒုက္ခကြီးလှတယ်လို့ ဒေါ်မရစ်ခေါန်နူးက ပြောပါတယ်။
အဘွားရဲ့ မိုင်းထိထားတဲ့ ခြေထောက်က မကြာခဏ နာကျင်ကိုက်ခဲလေ့ရှိပေမယ့် သူတို့မိသားစုမှာ ဆေးကုသဖို့ ငွေမရှိပါဘူး။
သူ့အတွက် ပင်ပန်းနေတဲ့ မိသားစုကို အားနာနေတဲ့ စစ်ဘေးဒုက္ခသည် ဒုက္ခိတအဘွားအို ဝေါမာဆာဟာ မဖြစ်နိုင်သေးမှန်းသိပေမယ့် အိမ်ပြန်နိုင်မယ့်ရက်ကို မျှော်လင့်နေပါတယ်။
"နေ့တိုင်းအခက်အခဲဖြစ်တယ်၊ မျက်စိလည်း မမြင်တော့။ နေ့တိုင်းလိုလို နေလို့ မကောင်းဘူး။ အပေါ့အလေးသွားလည်း နေ့တိုင်း ကုန်းပိုးပြီး သွားတာရတာ၊ အိမ်သားတွေလည်း တော်တော်ပင်ပန်းပြီး နေလို့မကောင်းဘူး။ အိမ်မရှိလို့သာ နေစရာမရှိလို့သာ နေနေတာ။ အိမ်ပြန်ဖို့ ကလေးတွေ ဘယ်လိုလုပ်မလဲမသိဘူး။ ရွာမှာပြန်နေတာတော့ ပျော်တယ်"
လိုင်ဇာဒေသမှာ ၁၀ နှစ်ကျော် ခိုလှုံနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေဟာ စစ်တပ် အာဏာမသိမ်းခင်က နေရပ်ပြန်ဖို့ စီစဉ်ခဲ့ကြပေမယ့် အခုတော့ အဲဒီအစီအစဉ်လည်း မျှော်လင့်ချက်မဲ့သွားပြီလို့ အဘွား ဝေါမာဆာရဲ့ မိသားစုက ပြောပါတယ်။
မသန်စွမ်းသူတွေအတွက် ဖွဲ့စည်းထားတဲ့ လိုင်ဇာမြို့အခြေစိုက် "နှလုံးသားများရဲ့ နှလုံးသားများ" အဖွဲ့ စာရင်းအရ KIO ဌာနချုပ် လိုင်ဇာအနီးတစ်ဝိုက်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ မသန်စွမ်းသူ စုစုပေါင်း အယောက် ၃၀၀ ကျော်ရှိပါတယ်။