မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အန္တရာယ် နမ္မတူဒေသခံတွေ ခြိမ်းခြောက်ခံနေရ

RFA Burmese
2024.04.29
မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အန္တရာယ် နမ္မတူဒေသခံတွေ ခြိမ်းခြောက်ခံနေရ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့ရသည့် နမ္မတူမြို့ခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

“လက်မှာရော ခေါင်းရော ထိသွားတယ်။ နဖူးရော ဆက်ထိတယ်။ ခြေထောက်ရော အရိုးတွေ မြင်ရတယ်။ သူ့အင်္ကျီ ဝတ်တဲ့အချိန်မှာ စုတ်ပြတ်သတ်သွားတယ်။ အဲဒီအချိန်မှာ ဘောင်းဘီရော စုတ်ပြတ်သတ်သွားတယ်”

ညီအစ်ကို သုံးယောက် ဆိတ်အတူကျောင်းရင်း ကြုံခဲ့ရတဲ့ပေါက်ကွဲမှုကို အသက် ၁၄ နှစ်အရွယ် အစ်ကိုကြီးဖြစ်သူ မောင်သန်းညွန့် ပြန်ပြောပြနေတာပါ။

မိသားစု ငါးယောက်ရှိတဲ့ မောင်သန်းညွန့်ဟာ နမ္မတူမြို့ တောင်သုံးလုံးရွာမှာ နေထိုင်တာပါ။ ဖခင်က သတ္တုလုပ်ငန်းဌာန ဝန်ထမ်းဟောင်းဖြစ်ပြီး ကျန်းမာရေး မကောင်းလို့ မိသားစု စားဝတ်နေရေးအတွက် ညီအစ်ကိုသုံးယောက် နေ့စားလိုက်ပြီး ဆိတ်ကျောင်းပါတယ်။

မတ်လ ၃ ရက်နေ့ဟာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ပါ။ ဆိတ်ကျောင်းသွားရင်း လမ်းမှာတွေ့တဲ့ လက်နက်အကြွင်းအကျန်ကို ဆော့ကစားမိလို့ အသက် ၁၃ နှစ်အရွယ် ညီဖြစ်သူ မောင်ထွန်းဝင်းနေရာမှာပဲ သေဆုံးခဲ့ရသလို အသက် ၁၀ နှစ်အရွယ် ညီဖြစ်သူ မောင်ဌေးဝင်းနိုင်ကတော့ လက်နဲ့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာရခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဦးကိုကိုးအတွက် မိသားစုမှာ အားထားရတဲ့သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါ။

“လေယာဥ်က ဒီလိုလာပြီး ဟိုအပေါ်မှာ သွားသွားပစ်တာလေ။ ပစ်တော့ သူက ဒီမှာပဲဆိုတော့ အတူတူနေခဲ့တယ်။ ဒုက္ခရောက်တဲ့ အချိန်မှာလည်း ပြောင်းဖူးနဲ့ ထမင်းနဲ့ စားခဲ့တယ်။ ဒါတွေ သူတို့ပဲ ညှိခဲ့တယ်။ အိမ်ဖြစ်အောင်ပေါ့။ အတူဒုက္ခရောက်တယ်။ အခုကျမှ ကိုယ်ဟာကို လွတ်ပြီးတော့မှ မနေချင်တော့ဘူး”

နမ္မတူမြို့နယ် တောင်သုံးလုံးရွာနဲ့ ခိုဖိတ်ကျေးရွာတွေဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ခလရ (၃၂၄) တပ်ကို TNLA ကသိမ်းပိုက်ဖို့ ကြိုးစားခဲ့ချိန်မှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ပါ တိုက်ခိုက်တုံ့ပြန်ခဲ့တာပါ။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ TNLA က နမ္မတူမြို့ကို အပြီးအပိုင်သိမ်းပိုက်ခဲ့ပါတယ်။ နမ္မတူမြို့မှာ တိုက်ပွဲတွေ ရပ်စဲသွားပေမယ့် တိုက်ပွဲကာလက မပေါက်ကွဲသေးဘဲ ကျန်ခဲ့တဲ့မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကတော့ ဒေသခံတွေကို အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။

မိုင်းကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေထဲမှာ အသက် ၃၇ နှစ်အရွယ် ကိုကျော်နုလည်း ပါဝင်ပါတယ်။

“ခံစားရတာက လောလောဆယ်တော့ သူများတွေလို မသန်တော့ ကိုယ့်ဘာသာ စိတ်အားတော့ ငယ်တာပေါ့။ အလုပ်က ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်သွားပြီ အဲဒီလိုမျိုး။ နည်းနည်းတော့ စိတ်အားငယ်တယ်။ ပြီးရင် ကိုယ်သွားချင်တာ လုပ်ချင်တာလုပ်လို့ မရတော့ဘူးလေ။ အိမ်မှာပဲ အိမ်စောင့်ဖြစ်နေတာ ကိုယ်မှမလုပ်နိုင်တာ သူတို့ကို လုပ်ခိုင်းဖို့ပဲ ရှိတယ်။ ကိုယ်က အိမ်ကနေ စီမံခန့်ခွဲပေးရုံပဲ ရှိမှာပေါ့”

နေအိမ်ခြံစည်းရိုးအတွက် ဝါးခုတ်ဖို့သွားရင်း တောင်သုံးရွာအနီးမှာ မိုင်းနင်းမိတာကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတာပါ။ ဇနီးနဲ့ သားသမီးနှစ်ယောက်ကို တောင်ယာအလုပ်နဲ့ ရှာဖွေကျွေးမွေးနေတဲ့သူ့အတွက် အရင်လို အလုပ်တွေ မလုပ်နိုင်တော့ကြောင့် ယူကျုံးမရဖြစ်နေတာပါ။

ကိုကျော်နုတို့ အိမ်နားမှာပဲ မိုင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသလို ကျွဲ၊ နွားတွေလည်း မကြာခဏ ထိခိုက်နေပါတယ်။

နေအိမ်တွေနဲ့ ကျွဲ၊ နွား လွှတ်ကျောင်းတဲ့လမ်းတွေ တောင်ယာခြံတွေမှာ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေ အများအပြား ရှိနေတာပါ။ ဒီလက်နက်တွေဟာ ကလေးတွေအတွက် ကစားစရာလိုဖြစ်နေလို့ ဒေသခံတွေ အခက်တွေ့နေကြပါတယ်။

“ကျွန်တော်တို့လည်း နားမလည်ဘူးလေ။ တိုက်ပွဲဖြစ်တဲ့နောက် အိမ်ပြန်လာတော့ အိမ်မှာ အဲဒီလိုစိုက်နေတာ။ ဒါပေမဲ့ ကလေးတွေက အဲဒီလို လာဆွဲတာလေ။ လူကြီးတွေက အဲဒီလိုကာလိုက်တဲ့ ကာလိုက်ပြီး အဲဒါ သူတို့ သင်္ကေတနဲ့ အဲဒါချိတ်ထားတာ။ ကလေးတွေက အရမ်းအကြိုက်ဆုံးပဲ”

ဒေသခံတွေကတော့ ဒီလက်နက် အကြွင်းအကျန်တွေကိုရှင်းပေးဖို့ TNLA တပ်ဖွဲ့ တာဝန်ရှိသူတွေကို အကူအညီ တောင်းထားပါတယ်။

“အခုဒီမှာက ကလေးငယ်တွေနဲ့ပေါ့နော်။ ဘယ်အချိန် ဘာပြန်ဖြစ်လာမလဲဆိုတာ ကျွန်မတို့မသိဘူး။ အဖွဲ့အစည်းကိုလည်း ပြောပြတာပေါ့နော်။ သူတို့ကလည်း ဆားထည့်ထားပါလို့ပဲပြောတော့ ဒီဟာမရှင်းမလင်းဘဲ အမြဲတမ်းဖြစ်နေတော့ ကျွန်မတို့ကလည်း အမြဲတမ်း စိုးရိမ်စိတ်လည်း ရှိပါတယ်လို့ ပြောချင်တယ်”

TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကတော့ ဒေသတွင်း မိုင်းရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ပြောပါတယ်။

“မိုင်းကို သေသေချာချာ ဖယ်ရှင်းနိုင်မှ သူက အဆင်ပြေမယ်ဆိုတော့ မိုင်းရှင်းလင်းရေး ကိရိယာနဲ့သုံးပြီးမှ ကျွန်မတို့ ဖြေရှင်းတယ်။ သို့ပေမယ့် ကျွန်မတို့ သွားတဲ့အခါမှာ စက်မှာမပေါ်တာတို့ ကျန်ခဲ့တဲ့ဟာတို့ အဲဒီလိုမျိုး ရှိကောင်းရှိမယ်ပေါ့နော်။ လူထုတွေအနေနဲ့ မိုင်းကို ပြန်တွေ့ရှိတာမျိုးဆိုရင် ကျွန်မတို့ဆီကို အကြောင်းကြားနိုင်ပါတယ်။ တိုင်ကြားမှုတွေ ရှိခဲ့ရင်လည်း သွားရောက် ဖြေရှင်းမှုမျိုးတွေလည်းရှိပါတယ်”

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ဇန်နဝါရီလကနေ မတ်လအထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ဆယ်ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရပါတယ်။

နေအိမ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကြောင့် စိုးရိမ်နေရသည့် နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာ ဒေသခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
နေအိမ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကြောင့် စိုးရိမ်နေရသည့် နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာ ဒေသခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ၊ လားရှိုးနဲ့ နမ့်ခမ်းမြို့တွေမှာ ထိခိုက်သူ အများဆုံးဖြစ်ခဲ့တာပါ။

ဒေသတွင်း မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် အရပ်သားတွေ ထိခိုက်မှုနည်းစေဖို့ အသိပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုနေတယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ ပြောခွင့်ရသူ လွေးခြီစငါးက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုဟာ ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဧပြီလ ၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်မှာ သေဆုံး၊ ဒဏ်ရာရသူ အယောက် ၃၉၀ သာရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၁၀၅၂ ဦးအထိ မြင့်တက်လာတာလို့ ဆိုပါတယ်။ အဲဒီစစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ ၁၈၈ ဦးနဲ့ ဒဏ်ရာရသူ ၈၆၄ ဦးရှိခဲ့တယ်လို့ (UNICEF) က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းက ၃၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်ကတော့ ၁၂ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။