လူမမာဇနီးကိုပြုစုရင်း အိမ်ကျဉ်းလေးထဲ ပန်းချီရေးဆွဲနေသူ

RFA Burmese
2023.06.29
လူမမာဇနီးကိုပြုစုရင်း အိမ်ကျဉ်းလေးထဲ ပန်းချီရေးဆွဲနေသူ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ပန်းချီဆရာ ဦးဌေးကြည်အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မှိန်ပျပျ မီးရောင်အောက်က အခန်းကျဉ်းလေးထဲမှာ သီချင်းလေးညည်းရင်း ဓားခြစ်ပန်းချီရေးဆွဲဖို့ ပြင်နေတဲ့ သူကတော့ အသက် ၆၁ နှစ်အရွယ် ပန်းချီဆရာ ဦးဌေးကြည်ဖြစ်ပါတယ်။

ပန်းချီပစ္စည်းတွေ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကြဲရှုပ်ပွနေတဲ့ အခန်းကျဉ်းရဲ့အဝင်ဝနားမှာ လှဲနေတဲ့ ဇနီးကို ခြင်၊ ယင် မောင်းပေးလိုက်၊ စိုးရိမ်မကင်းကြည့်လိုက်နဲ့ သီချင်းဆို ဖျော်ဖြေပေးရင်း ပန်းချီဆွဲဖို့ ပြင်နေပါတယ်။

သူ့ဇနီးကတော့ အသက် ၆၁ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးပါ။ အာရုံကြောအားနည်းရာကနေ အကြောတွေ ဆိုင်းသွားလို့ အိမ်ရာထဲလဲနေခဲ့တာ ၁၆ နှစ်လောက်ရှိနေပြီလို့ ဆိုပါတယ်။

သူတို့အိမ်လေးက ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်မြို့သစ်စျေး၊ (က/ခ) ရပ်ကွက်၊ (၇) လမ်းဆုံမှာ ရှိပါတယ်။

မနက်ဆိုရင် ထမင်းဟင်းချက်၊ ဇနီးဖြစ်သူကို ကိုယ်လက်သန့်ရှင်းရေးလုပ်ပေး၊ မနက်စာကျွေးပြီးမှ ပန်းချီကို စဆွဲတာက သူ့ရဲ့နေ့စဉ်ဘဝပါ။

ဒီလိုဖြတ်သန်းနေတာ ၁၆ နှစ်လောက်ရှိနေပေမယ့် အခက်အခဲမျိုးစုံကြားကပဲ သဘာဝအလှတရား ဖော်ကျူးတဲ့ ပန်းချီကားတွေကို ရေးနေတာလို့ RFA ကိုပြောပါတယ်။

"ကျပ်တည်းမှုတွေ၊ မွန်းကျပ်မှုတွေ အရမ်းများလာရင် လူတစ်ယောက်ဟာ ထွက်ပေါက်ကိုရအောင် ရှာတတ်ကြတယ်။ အဲကျပ်တည်းမှုတွေ၊ မွန်းကျပ်မှုတွေရှိရင် ငါဒါလုပ်ရင်း ငါ့ဘဝလွတ်မြောက်နိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ ပန်းချီကားကို ဖိရေးတာပဲရှိတယ်။ ဒီဟာဇောက်ချပြီးတော့ ဒါပဲ ငါလုပ်မယ်ဆိုတဲ့ အတွေးမျိုးကလည်း အမြဲတမ်း ရှိတယ်။ ကျန်တဲ့အလုပ် လာမခိုင်းနဲ့ ဘာမှမလုပ်ဘူး။ မိုးတွင်းပိုင်း ငတ်ပြတ်နေရင် ကျွန်တော့်ကိုခေါ်တာပဲ။ ကျွန်တော် ပန်းရံလည်းမလိုက်ဘူး၊ လက်သမားလည်း မလိုက်ဘူး။ မရလို့ အရမ်းကျပ်တည်းလာရင် မိုးရွာရွာ၊ နေပူပူ ပန်းချီတွေကို ကျောင်းစျေးတွေ ပတ်ရောင်းတယ်။ အဲလိုရှိတယ်။ ကျွန်တော်က ပန်းချီနဲ့ပဲ ဖြေရှင်းတယ်။ မိသားစုကိစ္စကို"

သူတို့ဇနီးမောင်နှံမှာ အသက် ၃၀ နဲ့ ၂၈ နှစ်အရွယ် သားနှစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ သူတို့လည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ် ရုန်းကန်နေကြရလို့ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေတယ်လို့ ဆိုပါတယ်။

သားအငယ်ကတော့ တစ်လကျပ်ငါးသောင်း ထောက်ပံ့သလို တစ်လတစ်ခါ သူ့အမေကို လာပြုစုပေးတယ်လို့ ဦးဌေးကြည်က ပြောပါတယ်။

ဦးဌေးကြည်ကတော့ သားသမီးဆီက ဘာမှမမျှော်လင့်သလို သူ့ရဲ့ပန်းချီပညာရပ်နဲ့ ဒီသားနှစ်ယောက်ကို အရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ဝါသနာအတွက် ရေဆေး၊ ဆီဆေးပန်းချီကားကြီးတွေကို အချိန်ရရင် ရသလို ဆွဲနေသလို၊ တစ်ဖက်မှာလည်း ဝမ်းရေးအတွက် မိနစ်ပိုင်းအတွင်း အပြီးဆွဲတဲ့ ဓားခြစ်ပန်းချီတွေလည်း ရေးဆွဲပါတယ်။ ပြီးရင် စာသင်ကျောင်းတွေရှေ့မှာ သွားရောင်းတယ်လို့ ဆရာ ဦးဌေးကြည်က ပြောပါတယ်။

ဇနီးကတော့ သူ့ခင်ပွန်းဟာ ထွက်ပေါက်မဲ့နေရင်တောင် အလင်းရောင်ကို တွေ့အောင် ရှာနိုင်တဲ့ လူစားမျိုး၊ အခက်အခဲကြားက မိသားစုအရေးကို ဖြေရှင်းပေးတတ်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်တယ်လို့ သူ့ကျန်းမာရေးမကောင်းတဲ့ကြားက ကြိုးစားပြီး ပြောပြပါတယ်။

"ပုဆိုးလေး ငါးထည်ရှိတာကို နှစ်ထည်ပဲ ချန်ထားပြီး စျေးထဲက အပေါင်ဆိုင်ကို ပို့လိုက်တယ်။ ပြီးတော့ စားဖို့ ဆန်ကိုဝယ်တယ်။ အမေ့ဖို့ ဆေးတွေ ဝယ်ပေးတယ်။ သူက မိသားစုရဲ့အရေးကို ဖြေရှင်းပေးတတ်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်တယ်"

ဆရာဦးဌေးကြည်က သူ့ဇနီးအပေါ်ထားတဲ့ မေတ္တာတရားဟာ ရှားတယ်လို့ အိမ်နီးချင်းဖြစ်တဲ့ ဒေါ်ခင်စန်းက ပြောပြပါတယ်။

"ကျွန်တော့်မိန်းမ မရှိတော့ရင် ကျွန်တော်ဒီရပ်ကွက်မှာလည်း မနေတော့ဘူး။ လူ့ပြည်မှာ ကျွန်တော် နေချင်တဲ့စိတ်လည်း မရှိတော့ဘူး။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော် အဖော်လုပ်ပြီးတော့ နေနေရတာတဲ့။ လင်မယားနှစ်ယောက်တည်း။ အဲဒါမျိုးပြောတယ် သူက။ မညည်းမညူ တော်တော်သည်းညည်းခံတာ။ ဒီလို ယောက်ျားမျိုး ရှားတယ်"

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ နေထိုင်သည့် ပန်းချီဆရာ ဦးဌေးကြည်နှင့် ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ဦးတို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ နေထိုင်သည့် ပန်းချီဆရာ ဦးဌေးကြည်နှင့် ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ဦးတို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဆရာ ဦးဌေးကြည်ဟာ သူ ၁၀ နှစ်သားကတည်းကစလို့ ပန်းချီပညာသင်ပြီး တစိုက် မတ်မတ် ဆွဲခဲ့တဲ့အတွက် အခုဆို သူပန်းချီဆွဲတဲ့သက်တမ်းက နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ အသက် ၁၆ နှစ်အရွယ်တုန်းက ပုံတူပန်းချီတွေကို တစ်ကား ကျပ် ၂၀ နဲ့ ရေးဆွဲနေပြီလို့ ဆိုပါတယ်။

ဓားခြစ်ပန်းချီကို ၁၉၉၇ ခုနှစ်လောက်မှာ စပြီး ရေးဆွဲပြီး ဘုရားပွဲစျေးတွေမှာ လိုက်ရောင်းခဲ့ ပါတယ်။ အဲဒီအချိန်တုန်းက ဓားခြစ်ပန်းချီတစ်ကားကို သုံးကျပ်ခွဲပဲရခဲ့တယ်လို့ ပြောပါတယ်။

အခုတော့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ စားဝတ်နေရေးအခက်အခဲကြောင့် ဓားခြစ်ပန်းချီကား တစ်ချပ် ကျပ် ၁၅၀၀ ကနေ ၆၀၀၀ ကြားနဲ့ ရောင်းနေပြီး ရေဆေးပန်းချီတစ်ချပ်ကိုတော့ ကျပ်သုံးသောင်းနဲ့ ရောင်းနေပါတယ်။

"ပန်းချီကားတစ်ကား သုံးသောင်းနဲ့ ဘယ်မှာမှမရတော့ပါဘူး။ သို့သော်လည်း ရှားပါးတဲ့ခေတ်ကြီးမှာ ကိုယ်တွေကလည်း ကျန်းမာရေးမကောင်းတဲ့ ဇနီးအတွက် ပိုက်ဆံအများဆုံး စုဆောင်းမိအောင်လို့ သုံးသောင်းနဲ့ ချရောင်းပေးတာ။ ပေါတယ်လို့တော့ ထင်ကြတာပေါ့။ မပေါပါဘူးဗျ။ တစ်ကား တစ်ကားကို တစ်ရက် ရေးရတယ်။ အဲဒီသုံးသောင်းကို ဓားခြစ်ပန်းချီ ၁၀ ကား ရေးပစ်လိုက်ချင်တယ်။ ငါးသောင်းရတယ်။ ဒါပေမဲ့ ခေတ်ကလည်း ခေတ်ကျပ်နေတဲ့ အချိန်ကျတော့ စားဝတ်နေရေးအခြေအနေကြောင့် ပန်းချီကားဆိုတာကို ဝယ်ယူမှုတွေရှိအောင်လို့သာ ရောင်းချပေးတာ ဖြစ်တယ်"

သူ့အိမ်ကို ပန်းချီကားကြည့်ဖို့ရောက်ရှိလာတဲ့ အသက် ၂၂ နှစ်အရွယ် ကိုထက်ပိုင်လင်းက လည်း အခန်းကျဉ်းထဲက ပန်းချီကားတွေကိုကြည့်ပြီး အံ့ဩလေးစားမိတယ်လို့ RFA ကို ပြောပါတယ်။

"ညီလေးအမြင်မှာပေါ့နော် ဒီရပ်ကွက်ကျဉ်းလေးထဲမှာနေပြီးတော့ အိမ်လည်း ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ နေရသေးတယ်။ ပြီးတော့ ဇနီးမယား တစ်ယောက်လည်းရှိတယ်။ စားဝတ်နေရေးနဲ့ သူ ဒီလိုစိမ်းလန်းစိုပြည်တဲ့ ပန်းချီကားလေးတွေ ဆွဲနိုင်တာတော့ လူငယ်တစ်ယောက်အနေနဲ့ စိတ်ထဲမှာတော့ အံ့ဩမိတယ်ခင်ဗျ။ နှလုံးသားထဲမှာပေါ့၊ သူ ဘယ်လိုစိတ်နဲ့ဆွဲလဲဆိုတာတော့ အံ့ဩမိတယ်။ ပြီးတော့ အားလည်းကျတယ်။ သူ့လိုမျိုး ဖြစ်ချင်တယ်"

ဆရာ ဦးဌေးကြည်မှာ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တစ်ခုတော့ ရှိနေပါတယ်။

"မျှော်လင့်ချက်ကတော့ ပြပွဲတစ်ပွဲဖြစ်အောင် လုပ်သွားမယ် ဒါပါပဲ။ ခဏခဏ ပြရင်လည်း ရိုးတယ်လေ။ တစ်ပွဲပဲလုပ်မယ်"

အဲဒါကတော့ ဇနီးသည်အမြန်နေပြန်ကောင်းလာဖို့နဲ့ ရေဆေးပန်းချီကားပြပွဲ တစ်ပွဲလုပ်ချင်တဲ့ မျှော်လင့်ချက်လို့ သူက ပြောပါတယ်။

"မျှော်လင့်ချက်ကတော့ ပြပွဲတစ်ပွဲဖြစ်အောင် လုပ်သွားမယ် ဒါပါပဲ။ ခဏခဏ ပြရင်လည်း ရိုးတယ်လေ။ တစ်ပွဲပဲလုပ်မယ်။ တစ်ပွဲပဲ ကျွန်တော်လုပ်မယ်။ လိုင်းပေါ်မှာလည်း ကြေညာမှာပါ။ ဒီနှစ်တော့ မလုပ်နိုင်တော့ဘူး။ ပန်းချီအသစ်တွေ ရေးရဦးမယ်။ ဒီနှစ်တွေမှာတော့ မလုပ်နိုင်ပါဘူး။ တကယ့် သာယာချမ်းမြေ့တဲ့ ခေတ်ရောက်မှ လုပ်မှာပေါ့။ အဲလိုမျိုး ရည်ရွယ်ထားတယ်"

အခုတော့ ပန်းချီဆရာ ဦးဌေးကြည်တစ်ယောက် ကျန်းမာရေးမကောင်းတဲ့ဇနီးကို ပြုစုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း ဆေးဖိုးဝါးခနဲ့ စားဝတ်နေရေးအတွက် လိုအပ်တဲ့ငွေရဖို့ သူတတ်တဲ့ ပန်းချီပညာနဲ့ ဆက်ပြီးရုန်းကန်ရှာဖွေနေဦးမှာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။