ရုပ်ရှင်ပွဲတော်ဂုဏ်ထူးဆောင်ဆု ရပေမဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံမပျော်နိုင်
2024.08.26
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကို လက်မခံလို့ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကို စစ်ကောင်စီက ဖမ်းဝရမ်းအမိန့်ထုတ်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာ-ထိုင်း နယ်စပ်တစ်နေရာဆီကို သူတို့ဇနီးမောင်နှံ ရှောင်တိမ်းရောက်လာကြရပါတယ်။
နွေဦးတော်လှန်ရေးမှာ သူတို့တတ်ကျွမ်းတဲ့ ရုပ်ရှင်ရိုက်ကူးရေးပိုင်းကနေ တော်လှန်ရေးအတွက် မှတ်တမ်းရုပ်ရှင်ဇာတ်ကားတွေကို ထူးချွန်ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ပေးနေကြသူတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဂျာမနီနိုင်ငံ Oldenburg International Film Festival Oldenburg နိုင်ငံတကာရုပ်ရှင်ပွဲတော်က ၂၀၂၄ အတွက် ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်တာပါ။
အခက်အခဲတွေကြားထဲကနေ ရုပ်ရုင်ဇာတ်လမ်းတွေဖန်တီးနေသူတွေအတွက် ဒီဆုကိုပေးတာလို့ ဒါရိုက်တာ ဏကြီးက ရှင်းပြပါတယ်။
‘’အခုဒီဆုက ရုပ်ရှင်ကားကိုပေးတာမဟုတ်ဘဲ Film Maker ကို အဓိကပေးတာပေါ့နော်၊ သူတို့ ဒီ Award ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အခက်အခဲတွေကြားထဲမှာ ကျွန်တော်ဖြတ်သန်းနေရတဲ့ Film Maker တွေအတွက်ရည်ရွယ်ထားတဲ့ဆုပေါ့နော်’’
ဒီဂုဏ်ထူးဆောင်ဆုကို ၁၉၉၄ ကစပြီး ရုပ်ရှင်နယ်ပယ်က ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေကို နှစ်စဉ်ရွေးချယ်ချီးမြှင့်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း Oldenburg နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ What happened to the wolf? ရုပ်ရှင်ဇာတ်ကားနဲ့ မင်းသမီး အိန္ဒြာကျော်ဇင်က အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုရရှိခဲ့ပါတယ်။
အဲဒီအချိန်က အိန္ဒြာကျော်ဇင်ဟာ စစ်ကောင်စီက ဖမ်းဆီးထားလို့ အင်းစိန်ထောင်မှာ အကျဉ်းကျနေပါတယ်။
စစ်အာဏာရှင်လက်အောက်ကနေ မလွတ်မြောက်သေးလို့ ဒီဆုရပေမယ့် လွတ်လွတ်လပ်လပ် မပျော်နိုင်ဘူးလို့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့က ဆိုပါတယ်။
‘’ဒီကာလဖြတ်သန်းနေတာမို့လို့ ဆုရတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့နော် အရမ်းကြီးမပျော်တတ်တော့ဘူး၊ သုသု ထင်တာတော့ တော်လှန်ရေးကြီးအောင်ပြီးသွားတော့မှပဲ အဲလို ဘဝမှာပျော်စရာတွေ့ရင် ပျော်တတ်တော့မယ်ထင်တယ်၊ ခုချိန်ကတော့ Festival ကပေးတာတော့ Festival က တော်လှန်ရေးမှာပါနေတဲ့ Artist တွေကို သူတို့ဖက်ကပေးတဲ့အတွက် Festival ကို ကျေးဇူးတင်တယ်၊ ဒါပေမယ့် ကိုယ့်ပါဆင်နယ်အရဆိုရင်တော့ အခုအချိန်မှာ ပျော်တာတို့ဘာတို့အဲလို အရမ်းကြီးမရှိဘူး’’
‘’ကျွန်တော်တို့တွေ ဒီအချိန်မှာ လွတ်လွတ်လပ်လပ် ပျော်ချင်တဲ့စိတ်ဆိုတာ အခုအချိန်မှာမရှိတော့ဘူး၊ အခုတကယ်ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့အချိန်မှာ ဒီ Festival ဆိုတာ ကမ္ဘာ့အဆင့် နံပါတ် ၅ လောက်ရှိတယ်၊ ဘာပဲပြောပြော ကျေနပ်တယ်၊ ဒါပေမယ့် ခုနက သုသု ပြောခဲ့သလိုပဲ ဒီအပေါ်မှာတော့ အရမ်းကြီးပျော်ရွှင်တဲ့စိတ်ဆိုတာ မရှိတော့ဘူး’’
သူတို့ဇနီးမောင်နှံ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားမှုတွေကို Oldenburg International Film Festival Oldenburg နိုင်ငံတကာရုပ်ရှင်ပွဲတော်က မျက်ခြည်မပြတ်စောင့်ကြည့်နေတယ်လို့လည်း ဒါရိုက်တာ ဏ ကြီးက ပြောပါတယ်။
‘’သူတို့ဘယ်လောက်အထိသိလည်းဆိုတော့ ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင်နဲ့ ကျွန်တော်တို့ တီရှပ်လေးတွေထုတ်တယ်ပေါ့နော်၊ အဲဒီ တီရှပ်လေးတွေထုတ်တာလည်း သူတို့သိတယ်၊ သူတို့ဘယ်လောက်ထိသိလည်းဆို ကျောကုန်းမှာပါတဲ့ မာတင်လူသာကင်းဂျူနီယာရဲ့ Quotation တွေ အကုန်လုံးသိတယ်၊ သူတို့ကကျွန်တော်တို့ကိုကမ်းလှမ်းတယ် ဒီ တီရှပ်လေးတွေ Festival မှာ ကျွန်တော်တို့ Artist Shelter ရန်ပုံငွေအတွက် လုပ်ပေးမယ်တဲ့ အဲအတွက်ကြောင့် ဒီဇိုင်းလေးတွေပို့ပါဦးဆိုလို့ ကျွန်တော်ပို့ရတယ်၊ အဲဒီအချိန်မှာ ကျောကုန်းကဒီဇိုင်းကို ကျွန်တော်မေ့သွားရော မေ့သွားတော့ ငါတို့ကို အဲဒီမာတင်လူသာကင်းဂျူနီယာရဲ့ Quotation လေးပါ ပို့ပေးဦးတဲ့ မင်းတို့သုံးတဲ့အတိုင်းပဲပြန်သုံးချင်လို့တဲ့ ကျွန်တော် တော်တော်လေးဝမ်းသာတယ်၊ ကျွန်တော်တို့တွေ ဘာတွေလုပ်နေလဲ ကျွန်တော်တို့တွေ ဒီမှာဘာတွေဖြတ်သန်းနေလဲ ကျွန်တော်တို့တွေ ဘာတွေခံယူချက်တွေရှိလဲ အဲဒါတွေအကုန်လုံး ထဲထဲဝင်ဝင်သိနေတယ်ဆိုတော့’’
သူတို့ဟာ ရုပ်ရှင်ဇာတ်လမ်းတွေရိုက်ကူးရင်း နိုင်ငံတကာမှာပြသရင်း ရန်ပုံငွေရှာရင်း တော်လှန်ရေးမှာ အထောက်အကူပြုနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်တပ်ကဖမ်းထားတဲ့ အိန္ဒြာကျော်ဇင် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ထူးချွန်ဆုရ
အနုပညာသမားတွေ ကိုယ့်သမိုင်းကိုယ်ရေးနေကြ
ဒါ့အပြင် အနုပညာရှင်တွေကို ပံ့ပိုးဖို့အပြင် အညာဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် အထောက်အကူပြုနိုင်ဖို့ Artists’ Shelter ကိုလည်း တည်ထောင်ထားတယ်လို့ သူတို့ဇနီးမောင်နှံက ဆိုပါတယ်။
‘’Artists’ Shelter ရဲ့ အဓိကရည်ရွယ်ချက်က ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာဆက်လုပ်နိုင်အောင် ကျွန်တော်တို့ဖက်က တတ်နိုင်သလောက်ကူညီဖို့အတွက်ရည်ရွယ်ပြီး Artists’ Shelter ကို လုပ်ခဲ့တယ်၊ စစ်ကိုင်းနဲ့မကွေးပေါ့နော် တကယ်အင်တာနက်တွေ လျှပ်စစ်မီးတွေ မရှိတဲ့နေရာတွေမှာ မြေပြင်မှာရှိတဲ့ Network (ကွန်ရက်) တွေနဲ့ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့ရုပ်ရှင်လေးတွေကို ရွာလေးတွေလှည့်ပြီးတော့ပြနိုင်တယ်ပေါ့နော်၊ အခုက Star Link တွေဘာတွေလည်းရနေပြီဆိုတော့ သုသုလည်း မြေပြင်ကပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ခွင့်လည်းရှိတယ်ပေါ့နော်’’
‘’အရင်နှစ်တွေတုန်းက အညာမှာ သုသုတို့ Artists’ Shelter က စီစဉ်ပြီးတော့ ရုပ်ရှင်တွေပြတယ်၊ ဒါပေမယ့် အဲဒီတုန်းက Zoom တက်လို့မရခဲ့ဘူး၊ လုံခြုံရေး ဘာညာပေါ့နော်၊ အစစအရာရာကြောင့်ပေါ့ အခက်အခဲတွေကြောင့်၊ ဒါပေမယ့် ဒီနှစ်ဆိုရင်တက်ရတယ်၊ အဲဒီအချိန်မှာ အရမ်းပျော်တယ်၊ အခုအညာမှာ ရုပ်ရှင်ပြတိုင်း အဲဒီ Zoom မီတင်ကို မပျက်မကွက်တက်တယ်ပေါ့၊ ဘာလို့လဲဆိုတော့ ဒါတကယ်ကိုသူတို့က အဖိနှိပ်ခံလူတွေပေါ့နော်၊ ဒီ စကစ က စစ်ကြောင်းထိုးတာတွေ ရွာ မီးနဲ့ရှို့တာတွေခံထားရတဲ့သူတွေ အဲလိုလူတွေနဲ့ တွေ့ခွင့်ရတယ်၊ ကိုယ့်မြင်လိုက်တဲ့ခဏမှာ ခဏလေးပဲဖြစ်ဖြစ် စိတ်ချမ်းသာသွားတယ်ပေါ့နော် သူတို့လက်တွေ့ကြုံနေတဲ့အပူတွေ ခဏလေးပဲဖြစ်ဖြစ် မေ့သွားတယ်ဆိုရင်တောင် အကျိုးရှိတယ်လို့ခံယူတယ်ပေါ့နော်၊ သုသုကိုယ်တိုင်လည်း အားတက်ရတယ်’’
သူတို့နှစ်ဦးဖန်တီးထားကြတဲ့ “What happened to the wolf ”၊ "မီ" ရုပ်ရှင်ကားတွေအပြင် လက်ရှိ တော်လှန်ရေးကာလအတွင်း ရိုက်ကူးပုံဖော်ထားတဲ့ “နိုင်ငံပျောက်သူ”၊ “မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်”၊ “Guilt” စတဲ့ ဇာတ်လမ်းတိုကားတွေကိုလည်း Oldenburg ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ထားပါတယ်။