ကောက်ရိုးတစ်မျှင်နိုင်တဲ့အထိ ကောက်ရိုးပန်းချီ ဖန်တီးနေမယ့် ဦးထွန်းကျော်
2024.05.14
သုံးထပ်သားပေါ်မှာ ပိတ်စအုပ်ပြီး ကောက်ကြောင်းလေးတွေ ရေးထားတဲ့ပုံတွေအပေါ်မှာ ဓားတစ်ချောင်းကိုသုံးပြီး ကောက်ရိုးနဲ့ ပန်းချီပုံဖော်ဖန်တီးနေတဲ့သူကတော့ အသက် ၅၀ အရွယ် ကောက်ရိုးပန်းချီဆရာ ဦးထွန်းကျော်ပါ။
သူက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက်မှာ မိသားစု လေးယောက်နဲ့အတူနေထိုင်ပြီး ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာပါ။ ဒီလောကကို ၁၉၈၉ ခုနှစ် သူ လူငယ်ဘဝကတည်းက လုပ်လာတာ အခုဆို အနှစ် ၃၀ ကျော်ပါပြီ။
“ကျောင်းသားဘဝမှာ အဖြစ်ချင်ခဲ့ဆုံး အိမ်မက်တစ်ခုပေါ့။ သင်္ဘောသားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ၈၈ နောက်ပိုင်းကျတော့ ကျောင်းထွက်လိုက်ရတယ်။ ကျောင်းလည်း ဆက်တက်မရတဲ့အတူတူ သင်္ဘောသားလည်း ဖြစ်ခွင့်မရတော့ဘူးပေါ့နော်။ အိပ်မက်တွေ ပျောက်ဆုံးတဲ့အခါကျတော့ ဦးလေးဆီမှာ ကောက်ရိုးပန်းချီပညာကိုစပြီး သင်ကြားလိုက်တာ ၁၉၈၉ နှစ်မှာပဲ ကောက်ရိုးပန်းချီလောကထဲကို ခြေစုံဝင်ပြီး ရောက်ရှိလာတာ အခုအချိန်အထိပါပဲ”
ကောက်ရိုးပန်းချီပညာရပ်ဟာ နိပါတ်ပန်းချီ၊ စပ်ပန်းချီ၊ ခဲပန်းချီ၊ ဆီဆေးပန်းချီ၊ ရေဆေးပန်းချီ၊ ယွန်းပန်းချီ၊ ကျောက်မျက်ပန်းချီစတဲ့ ပန်းချီပညာရပ် ၁၄ မျိုးထဲမှာ ပါဝင်တယ်လို့ဆိုပါတယ်။
“ကောက်ရိုးပန်းချီအနုပညာကို ဒီနေ့ခေတ်မှာ ဝါသနာပါပြီး သင်ယူအသက်မွေးချင်တဲ့ မျိုးဆက်သစ်တွေ နည်းပါးနေပါပြီ”
ရေဆေး၊ ဆီဆေးပန်းချီတွေ ရေးတဲ့အခါ လိုချင်တဲ့အရောင်တွေကို စပ်ဖို့ပညာပါရသလို ကောက်ရိုးပန်းချီမှာ အလင်းအမှောင် ခွဲရတဲ့အပိုင်းက အခက်ခဲဆုံးပဲလို့ ပြောပါတယ်။
ကုန်ကြမ်းအဖြစ် သုံးတဲ့ကောက်ရိုးတွေကို နှစ်နဲ့ချီ သိုလှောင်သိမ်းဆည်းထားရသလို လှောင်ထားတဲ့ ကောက်ရိုးတွေထဲက ပြောင်းသွားတဲ့အရောင်တွေပေါ် မူတည်ပြီး ကောက်ရိုးပန်းချီကိုဖန်တီးရတာလို့ ရှင်းပြပါတယ်။
ဦးထွန်းကျော်ရဲ့ဇနီး ဒေါ်လွင်သီခိုင်ကလည်း ကောက်ရိုးပန်းချီပညာကို လေးစားတန်ဖိုးထားခဲ့တာကြောင့် ကြိုးစားပြီး ပါရမီဖြည့်ပေးနေတယ်လို့ ပြောပါတယ်။
“ဒီအလုပ်က အမှိုက်ကနေ ရွှေဖြစ်တာဖြစ်တဲ့အတွက် စွန့်ပစ်ပစ္စည်းတစ်ခုကို ပညာနဲ့ပေါင်းပြီး တန်းဖိုးရှိတဲ့ ဒီလိုပန်းချီကားတွေ ဖြစ်လာအောင် ဖန်တီးရတာပေါ့။ အစ်မတတ်နိုင်တဲ့ဘက်ကနေ ဆရာ့ကို ကူညီပေးတယ်၊ ပံ့ပိုးပေးတယ်။ ပါရမီဖြည့်ပေးတယ်။ သားသမီးနှစ်ယောက်ကို ပညာအမွေအဖြစ် လက်ဆင့်ကမ်းပေးဖို့အတွက် စဉ်းစားထားတယ်”
ကောက်ရိုးပန်းချီအနုပညာကို ဒီနေ့ခေတ်မှာ ဝါသနာပါပြီး သင်ယူအသက်မွေးချင်တဲ့ မျိုးဆက်သစ်တွေ နည်းပါးနေပါပြီ။ ဒါကြောင့် ကောက်ရိုးပန်းချီ အနုပညာပျောက်ကွယ်သွားမှာ ဒေါ်လွင်သီခိုင်က စိုးရိမ်နေပါတယ်။
ကောက်ရိုးပန်းချီကားကောင်းရင် အနုပညာဆန်ပြီး မြင်လိုက်တာနဲ့ အေးချမ်းတယ်လို့ ပန်းချီကားတွေ ဝယ်စုထားတဲ့ ဒေါ်အေးမြတ်မွန်က ပြောပါတယ်။
“ညီမ ကောက်ရိုးပန်းချီကို ကြိုက်တာက သူက အနုပညာဆန်တယ်၊ အိမ်ကိုဝင်လိုက်တာနဲ့ မျက်စိပသာဒလည်း ရှိတယ်။ အေးချမ်းတယ်ပေါ့။ လက်ရာဆိုလည်း အနုစိပ်တယ်။ ကောက်ချက်တွေအစ အေးအေးချမ်းချမ်းလေးဖြစ်လို့ အရမ်းကြိုက်လို့ ဝယ်ထားတာပါ။ ဒီကားကတော့ သရီးဒီလေး၊ အရင်ဝယ်ထားတာကတော့ ရိုးရိုးအသားကပ်ပါ၊ အခုက သရီးဒီလေးကြိုက်လို့ ဆရာ့ဆီက မှာပြီးဝယ်ဖြစ်တာပါ”
မြန်မာမှုလက်ရာနဲ့ ထူးခြားပြောင်မြောက်တဲ့ ကောက်ရိုးပန်းချီတွေဟာ အရွယ်အစားလိုက် ကျပ်ငွေ ငါးသောင်းကနေ ငါးသိန်း၊ ဆယ်သိန်းအထိ ရှိပါတယ်။
ဦးထွန်းကျော်ကတော့ ကဗျာဆရာကြီးဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာထဲကလို ကွယ်လွန်ပြီးတဲ့ နောက်မှာလည်း ဂုဏ်သတင်းတွေ ကျန်ခဲ့ချင်တာကြောင့် နောက်ဆုံးထွက်သက်အထိ ကောက်ရိုးပန်းချီကိုပဲ ဆွဲသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားတာ တွေ့ရပါတယ်ခင်ဗျာ။
“နောက်ဆုံးထွက်သက်အထိ ဆုံးဖြတ်ထားတာ။ ကောက်ရိုးတစ်ချောင်းနိုင်တဲ့အထိ ကောက်ရိုးပန်းချီ အနုပညာကို ဖန်တီးသွားမယ်။ ဒီထက် သာလွန်တဲ့နည်းပညာတွေကို ကြိုးစားပြီးတော့ ဖော်ဆောင်ဖန်တီးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာထဲကလို့ပေါ့။ ကိုယ့်နာမည်၊ ကိုယ့်ဂုဏ်သတင်းတွေ ကျန်ခဲ့ချင်တာ။ ထွန်းကျော်နဲ့ ကောက်ရိုးပန်းချီဆိုပြီး နောက်ဆုံးထွက်သက်အထိ ကောက်ရိုးပန်းချီအနုပညာနဲ့ ထွန်းကျော်နဲ့ တွဲရက်အမြဲရှိနေမှာပါဆိုတာ ကျိန်းသေပေါက် ပြောရဲပါတယ်”