ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာပါဝင်ဖို့ တပ်ကိုယ်စားလှယ် အမည်စာရင်း ပေးပို့
2019.02.21
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ တပ်မတော်အစုအဖွဲ့က ပါဝင်ဖို့ ဒီနေ့ စာရင်းပေးပို့လိုက်ပြီး နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုကို ထိခိုက်လာနိုင်တဲ့ ပြင်ဆင်ချက်တွေ ဆွေးနွေးလာရင် ကန့်ကွက်သွားမယ်လို့ ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ၄၅ ဦးပါ ပူးပေါင်းကော်မတီဟာ ဥပဒေနဲ့ မညီဘူးလို့ တပ်မတော်က ခံယူထားပေမယ့် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် ပါဝင်တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။
"နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်တွေကို ဆွေးနွေးလာမယ်ဆိုရင်တော့ ကန့်ကွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကိုလည်း မထိခိုက်ဘူး။ တကယ်လည်းပြင်သင့်တယ်လို့ အားလုံးလက်ခံရင် ကျနော်တို့က တပ်တော်သားကိုယ်စားလှယ်တွေက ထောက်ခံသွားမှာပါ။"
ဒါကတော့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် ပြောသွားတာပါ။
ဒါပေမဲ့ ဘယ်လိုပုဒ်မမျိုးတွေကို ကန့်ကွက်မယ်၊ ဘယ်လိုပုဒ်မမျိုးတွေကို ထောက်ခံမယ်ဆိုတာကတော့ ပုဒ်မတခုချင်းအလိုက် မစဉ်းစားရသေးဘူးလို့လည်း ပြောပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ပူးပေါင်းကော်မတီမှာပါဝင်ဖို့ စာရင်းပေးလိုက်တယ်လို့ ကိုယ်စားလှယ် ဦးသောင်းအေး က ပြောပါတယ်။
"နာမည်စာရင်းပေးလိုက်ပြီ။ တို့က လွှတ်တော်ကိုယ်စားလှယ်တွေလေ။ လွှတ်တော်ရဲ့ ညွှန်ကြားချက်၊ အမိန့်အာဏာနောက်တော့ တို့လိုက်ပါရမှာပေါ့။ ဟိုပါတီကိုမကြိုက်လို့၊ ဒီပါတီကိုမကြိုက်လို့၊ ဟိုပုဂ္ဂိုလ်ကို မကြိုက်လို့ဆိုပြီး ငါတို့ လုပ်နေစရာ အကြောင်းမရှိဘူး။ လွှတ်တော်က တရားဝင်တယ်လို့ အမိန့်နဲ့ ညွှန်ကြားချက်နဲ့ လုပ်နေရင်းလည်း တို့က လိုက်ပါသွားရမှာပဲ။ ဒါကြောင့် နာမည်စာရင်းပေးပြီးပြီ။ အစည်းအဝေးလည်း သူ့ဘာသာသူ တက်သွားလိမ့်မယ်။"
မနေ့က ပူးပေါင်းကော်မတီအစည်းအဝေးမှာ ဖိတ်ကြားလို့ သွားတက်ပေမယ့် တက်ခွင့်မရဘဲ ပြန်ခဲ့ရတဲ့ ကိုယ်စားလှယ် နှစ်ဦးအစား တခြားကိုယ်စားလှယ် နှစ်ဦးကို အစားထိုးစာရင်းပေးခဲ့တယ်လို့လည်းပြောပါတယ်။
တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးပေါင်းကော်မတီမှာ ပါဝင်လာမှုအပေါ် ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက
" Welcome ပါ မနေ့ကလည်း ပြောပြီးပါပြီ။ အမြဲတမ်းကျနော်တို့ ကြိုဆိုနေတာပဲလေ။ ဆိုတဲ့အခါကျတော့ ဝမ်းသာပါတယ်။ ညီညီညွတ်ညွတ်နဲ့ ဒီလိုပူးပေါင်းဆောင်ရွက်တာကိုလည်း ဝမ်းသာပါတယ်။ တချိန်လုံးလည်း ကျနော်တို့တွေ ဘယ်အချိန်လာလာဆိုပြီး ကြိုနေတာပဲ။"
အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ထပ်မံကျင်းပမှာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ စတင်ဆွေးနွေးမှာဖြစ်ပါတယ်။
ပူးပေါင်းကော်မတီဟာ ဆွေးနွေးရရှိလာတဲ့ဥပဒေကြမ်းကို အစီရင်ခံစာပြုစုပြီး ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်ခင်ဗျာ။