ချင်းမိုင်ရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ခတိုးဖို့တောင်းဆို

RFA Burmese
2024.05.01
ချင်းမိုင်ရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ခတိုးဖို့တောင်းဆို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က ကမ္ဘာအလုပ်သမားနေ့ ချီတက်ဆန္ဒပြနေကျစဉ်။
RFA

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ထိုင်းစံတော်ချိန် ညနေ ၅ နာရီခွဲမှာကျင်းပတဲ့ မေလ ၁ ရက် ကမ္ဘာအလုပ်သမားနေ့ ချီတက်ဆန္ဒပြပွဲမှာ ထိုင်းအလုပ်သမားတွေနဲ့အတူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ပါဝင်ဆင်နွှဲပါတယ်။

ထိုင်းနိုင်ငံက အလုပ်သမားသမဂ္ဂအဖွဲ့တွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားသမဂ္ဂအဖွဲ့တွေက ဦးဆောင်ပြီး ချင်းမိုင်မြို့က Three Kings Monument ကနေ Thapae Gate အထိ ချီတက်ကြတာပါ။

လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားကတ်နဲ့သက်ဆိုင်တဲ့ အရာတွေ တောင်းဆိုထားတယ်လို့ Map Myanmar Foundation အကြံပေး ထောင်ခမ်းက RFA ကိုပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်အားခတိုးပေးဖို့ရယ်၊ ဒီလို မေဒေးနေ့မှာ နားရက်တွေရဖို့ရယ်။ အလုပ်သမားကတ်တွေကို ငါးနှစ်တစ်ခါလုပ်ပေးဖို့၊ အဲဒီလက်မှတ်လုပ်တဲ့နေရာမှာ တစ်နေရာတည်း စုစုစည်းစည်းနဲ့ လုပ်ရတဲ့ စာရွက်စာတမ်းတွေလည်း လျော့စေချင်တယ်။ ကုန်ကျစရိတ်တွေလည်းလျော့စေချင်တယ်။ ပြီးတော့သူဌေးကိုယ်တိုင် သွားလုပ်ပေးစေချင်တယ်။ အေဂျင်စီတွေနဲ့လုပ်ရင် ကုန်ကျစရိတ်ကျ နှစ်ဆတိုးကုန်ပါတယ်”

လုပ်ခလစာ ပျမ်းမျှ တနေ့ ဘတ် ၇၀၀ တောင်းဆိုထားတယ်လို့လည်း သူကဆိုပါတယ်။
ဒီတောင်းဆိုချက်တွေကို ထိုင်းနိုင်ငံက သဘောတူ၊ မတူ စုံစမ်းမယ့်အပြင် တောင်းဆိုချက်သက်သက် မဖြစ်စေဖို့ ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို အလုပ်ခန့်ထားတဲ့အခါ မကန့်သတ်စေချင်ဘူးလို့လည်း ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ မမိုခမ်းက RFA ကိုပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေပေါ့နော်။ သူတို့ကို ဘွဲ့ရပြီးသားလည်း အရည်အချင်းအတိုင်း မခန့်ဘူး။ ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် သူတို့အရည်အချင်းအတိုင်း အလုပ်ခန့်စေချင်တယ်။ မကန့်သတ်စေချင်ဘူးပေါ့နော်။ အဲဒါတောင်းဆိုချင်ပါတယ်”

ထိုင်းနဲ့မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃၀၀ လောက် ချီတက်ဆန္ဒပြမယ်လို့ ခန့်မှန်းခဲ့ပေမယ့် ၄၀၀ နီးပါး ချီတက်ခဲ့ကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားသမဂ္ဂအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။