ချင်းမိုင်က ရေဘေးသင့်သူတွေကို ကူညီနေတဲ့ မြန်မာ ပရဟိတအဖွဲ့

RFA Burmese
2024.10.09
ချင်းမိုင်က ရေဘေးသင့်သူတွေကို ကူညီနေတဲ့  မြန်မာ ပရဟိတအဖွဲ့ ချင်းမိုင်မြို့မှာ ရေကြီးနစ်မြုပ်နေခဲ့သည့်နေအိမ်များတွင် ကူညီရှင်းပေးနေသည့် ဂရေ့စ်အသင်းတော် စေတနာ့၀န်ထမ်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
RFA

ရေကြီးပြီးတဲ့နောက် မြစ်ရေပြန်ကျချိန် တင်ကျန်ခဲ့တဲ့ နုန်းတွေနဲ့ အနံ့အသက်မကောင်းတဲ့ အပျက်အစီးတွေကို ရှင်းသူကရှင်း၊ ပစ်သူကပစ်၊ ဆေးသူကဆေးနဲ့ ကိုယ်စီအလုပ်ရှုပ်နေသူတွေကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရောက် မြန်မာတွေပါ။

သူတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်း ချင်းမိုင်မြို့အတွင်း ရေကြီး နစ်မြုပ်ချိန်ကစလို့ အခုရေပြန်ကျချိန်အထိ ချင်းမိုင်မြို့ရောက် မြန်မာတွေကိုသာမက ထိုင်းလူမျိုးတွေကိုပါ နိုင်သရွေ့ ကူညီပေးနေကြတဲ့ ဂရေ့စ်အသင်းတော် စေတနာ့၀န်ထမ်းတွေ ဖြစ်ပါတယ်။

ကိုယ့်ထက်ခက်ခဲသူတွေကို မြင်လိုက်ရတာကြောင့် တက်နိုင်တဲ့နေရာက ကူညီပေးနေတာလို့ အသက် ၂၆ နှစ်အရွယ် ကိုပိုင်စည်သူက ပြောပါတယ်။

"ကျွန်တော်ကိုယ်တိုင်ကလည်း ဒီမှာက ဒုက္ခရောက်တဲ့ လူတစ်ယောက်အနေနဲ့လာတာ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့မှာ ပိုပြီးတော့ ဒုက္ခရောက်တဲ့သူတွေကို မြင်တွေ့ရတော့လည်း ကျွန်တော်တို့ လူငယ်အနေနဲ့ ကျွန်တော်တို့ တက်နိုင်တဲ့ဘက်ကနေပြီးတော့ စွမ်းစွမ်းတမံ ကူညီပေးနေတာပါ။ မြန်မာတွေကိုပဲ သီးသန့်ကူညီတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ထိုင်းတချို့ ထမင်းထုပ်ကို လမ်းပြင်ထွက်ယူလို့မရတဲ့ သူတွေလည်း ထမင်းထုပ်ဝေပေးခဲ့ပါတယ်။ အခုရေကျသွားတဲ့အချိန်မှာ မသန်စွမ်းတဲ့အဖိုး၊ အဖွားတွေ သူတို့အိမ်သန့်ရှင်းရေမလုပ်နိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ ကူညီပြီး လုပ်ကိုင်ပေးခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကိုပါ"

သူတို့ဟာ လူဆယ်ယောက်ခန့်ပါ အဖွဲ့လေးဖွဲ့ခွဲပြီး ချင်းမိုင်မြို့ ရေစကြီးချိန်ကစလို့ ရေနဲ့စာစရာတွေ မျှဝေပေးနေတဲ့အပြင် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာကအစ ကူညီပေးခဲ့တာဖြစ်ပါတယ်။

ချင်းမိုင်မြို့မှာ ရေကြီးနစ်မြုပ်နေခဲ့သည့်နေအိမ်များတွင် ကူညီရှင်းပေးနေသည့် ဂရေ့စ်အသင်းတော် စေတနာ့၀န်ထမ်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ချင်းမိုင်မြို့မှာ ရေကြီးနစ်မြုပ်နေခဲ့သည့်နေအိမ်များတွင် ကူညီရှင်းပေးနေသည့် ဂရေ့စ်အသင်းတော် စေတနာ့၀န်ထမ်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

အခုလည်း မြန်မာလူမျိုးတွေငှားနေတဲ့ အိမ်တစ်အိမ်မှာ အခမဲ့ ရှင်းလင်းကူညီပေးနေကြတာပါ။

အဖွဲ့ဦးဆောင်သူ ကိုပေါက်ကတော့ တိုင်းတစ်ပါးရောက် ခက်ခဲနေတဲ့ မြန်မာတွေကို ကိုယ်ချင်းစာစိတ်တစ်ခုနဲ့ ကိုယ့်စရိတ်နဲ့ကိုယ် ဒီရက်ပိုင်း မနေမနား အခမဲ့ကူညီပေးနေတာလို့ RFA ကို ပြောပါတယ်။

"ဒါကတော့ ပရဟိတလေနော့်။ ဘယ်မှာပဲ ရောက်ရောက်၊ ဘယ်နိုင်ငံပဲ ရောက်ရောက်လေ ကိုယ်ကတော့ ကူညီရတဲ့အခွင့်ကိုရတဲ့အတွက် ကူညီကြရတာပေါ့။ တကယ်ပဲ ကိုယ်လည်း အလုပ်လုပ်ရတဲ့သူပဲ။ သို့ပေမဲ့လည်း ဒီအချိန်မှာ ကိုယ်ရောက်တဲ့နေရာမှာ အကောင်းမွန်ဆုံး ပါဝင်ပြီးတော့ လူသားချင်းစာနာစိတ်နဲ့ အားလုံး ကူညီကြတာပေါ့နော်။ ကိုယ့်စရိတ်ကိုယ်စားပြီးတော့နော် ဘယ်သူ့ပိုက်ဆံမှ မယူဘူး"


ဆက်နွှယ်သောသတင်းများ

ချင်းမိုင်ရေကြီးမှု ထိုင်းအစိုးရက အချိန်ပြည့်စောင့်ကြည့်နေ

ထိုင်းရောက် မြန်မာလူငယ်တွေကို စစ်ကောင်စီ ထပ်တိုးကန့်သတ်

လက်မှုအနုပညာနဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ရေး ကူညီပေးတဲ့သင်တန်း


အဖွဲ့ထဲမှာ ထိုင်းလူမျိုးတချို့ ပူးပေါင်းလုပ်အားပေးတဲ့အပြင် မြန်မာတိုင်းရင်းသားအစုံ စုပေါင်းပါဝင်တယ် လို့ဆိုပါတယ်။

အိမ်ရေနစ်မြုပ်ခဲ့တဲ့ ဒေါ်နုနုအောင်ကတော့ အပျက်အစီးတွေနဲ့ ဒုက္ခရောက်နေချိန် ရိုင်းပင်းကူညီကြတဲ့ ကိုယ့်လူမျိုးတွေရဲ့ မေတ္တာကို မြင်လိုက်ရတဲ့အခါမှာ စိတ်ခွန်အားဖြစ်စေတယ်လို့ ပြောပါတယ်။

"အားလုံးလည်းမြင်တဲ့အတိုင်းပဲ လောလောဆယ်တော့ နေလို့တော့ မရသေးဘူးပေါ့နော်။ တစ်လလောက်ကတော့ ကျွန်မတို့ ဒီလိုပဲ ပြင်ဆင်ရဦးမှာပေါ့နော်။ အဲလိုမျိုးတော့ ဆုံးရှုံးမှုတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီအရာတွေထက် မေတ္တာကို ခံစားရတဲ့အခါမှာ ဒီဆုံးရှုံးတာတွေက ဘာမှ မဟုတ်သလိုဖြစ်သွားတာပေါ့နော်"

ချင်းမိုင်မြို့မှာ ရေကြီးနစ်မြုပ်နေခဲ့သည့်နေအိမ်များတွင် ကူညီရှင်းပေးနေသည့် ဂရေ့စ်အသင်းတော် စေတနာ့၀န်ထမ်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ချင်းမိုင်မြို့မှာ ရေကြီးနစ်မြုပ်နေခဲ့သည့်နေအိမ်များတွင် ကူညီရှင်းပေးနေသည့် ဂရေ့စ်အသင်းတော် စေတနာ့၀န်ထမ်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

ချင်းမိုင်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ပင်းမြစ်ရေဟာ အောက်တိုဘာလ ၃ ရက်နေ့စပြီး အောက်တိုဘာ ၆ ရက်နေ့အထိ စံချိန်တင်မြင့်တက်ခဲ့လို့ ချင်းမိုင်မြို့က နေရာအများစု ရေကြီးနစ်မြုပ်ခဲ့တာပါ။ ထိုင်းသတင်းတွေမှာတော့ ဒီအကြိမ်ချင်းမိုင်ရေကြီးမှုဟာ နှစ် ၅၀ အတွင်း အဆိုးဝါးဆုံးလို့ ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။