လွယ်ကထုံပွဲကို ထိုင်းနိုင်ငံရောက်မြန်မာတွေ ပါဝင်ဆင်နွှဲ
2024.11.15

မြန်မာနိုင်ငံက တန်ဆောင်တိုင်ပွဲတော်နဲ့ အလားသဌာန်တူတဲ့ လွယ်ကထုံ မီးထွန်းပွဲတော်ကို အိမ်နီးချင်းထိုင်း နိုင်ငံမှာလည်း ယဥ်ကျေးမှု၊ ထုံးထမ်းစဥ်လာပွဲတော် တစ်ခုအဖြစ် ကျင်းပပါတယ်။
လွယ်ကထုံပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံတစ်ဝန်းမှာ သုံးရက်ကြာ ကျင်းပနေတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ Tha Phae Gate၊ ချင်းမိုင်မြို့ရိုး၊ ပင်းမြစ်ဘေး တစ်လျှောက်နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မီးမျှောတာ၊ ဆီမီးထွန်းတာ၊ မီးရှူးမီးပန်းတွေ ဖောက်တာ၊ မီးပုံး လွှတ်တင်တာအပါအဝင် ထိုင်းရိုးရာယဉ်ကျေးမှုအကအလှတွေနဲ့လည်း ဖျော်ဖြေကျင်းပကြပါတယ်။
ချင်းမိုင်မြို့မှာရောက်နေတဲ့ ကိုစိုင်းသီဟလင်းအောင်ကတော့ လွယ်ကထုံပွဲတော်ဟာ စီးပွားရေးဆန်တယ်လို့ RFA ကိုပြောပါတယ်။
“တခြားနေရာတွေမှာဆိုရင် ပိုက်ဆံပေးပြီးတော့မှ ပွဲတွေလုပ်ကြတယ်ပေါ့နော်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာက အဲလိုမျိုးမရှိဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံက ပိုပြီးတော့ရိုးရာဆန်တယ်လို့မြင်မိတယ်။ သူတို့ကကျတော့ နိုင်ငံခြားသားတွေဆီကနေပြီးတော့ ဝင်ငွေဘယ်လိုရမလဲဆိုပြီးတော့ သူတို့ကျတော့ စီးပွားရေးဆန်တယ်လို့မြင် မိတယ်။ ဒါပေမဲ့ ဝင်ကြေးမပေးရတဲ့နေရာတွေလည်း ရှိပါတယ်"
လွယ်ကထုံပွဲတော်ကိုတော့ မီးထွန်းပွဲတော်၊ မီးမျှောပွဲတော်လို့ ခေါ်ကြပြီး ရေနတ်သမီးကိုကျေးဇူးတင်တဲ့အနေနဲ့ ရေကန်၊ မြစ်၊ တူးမြောင်းနဲ့ ကမ်းခြေတွေမှာ အလှဆင်ထားတဲ့ ပန်းတွေ၊ ဖယောင်းတိုင်တွေမျှောပြီး ဆုတောင်း ကြတဲ့ပွဲတော်ပါ။
မြန်မာပြည်က နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပရောက် မြန်မာတစ်ယောက်အနေနဲ့ ပျှော်ရွှင်စရာအစစ် အမှန်ရှိတဲ့ပွဲတော်ကို ကြုံချင်တယ်လို့ ကိုသီဟ (အမည်လွှဲ) က ပြောပါတယ်။
“ဘာသာရေးအရ ကျွန်တော်တို့ ကထိန်ပွဲကျင်းပတဲ့ဟာမျိုးတွေ၊ ဘုရားကျောင်းကန်စေတီတွေမှာ လုပ်တဲ့ပွဲတွေ ကထိန်ပွဲတွေ အဲဒါမျိုးတွေလည်းလွမ်းတယ်ဗျ"
လွယ်ကထုံပွဲတော်မှာတော့ ကမ္ဘာအနှံ့က ခရီးသွားတွေလည်း ပါဝင်ဆင်နွဲကြတာတွေ့မြင်နိုင်သလို ပွဲတော်ရက်အတွင်း ပုံမှန်ထက် စည်ကားနေတာပါ။
ဆက်နွှယ်သောသတင်းများ
ထိုင်းရိုးရာ လွယ်ကထုံပွဲတော် မဲဆောက်ရောက်မြန်မာတွေပါဝင်ဆင်နွှဲ
ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း
ကရင်ရိုးရာလက်ချည်ပွဲ မဲဆောက်မှာကျင်းပ
မြန်မာပြည်မှာလည်း နိုင်ငံရေးအခြေအနေကောင်းသွားတဲ့အခါ ထိုင်းနိုင်ငံလိုပဲ ပွဲတော်တွေကို နိုင်ငံခြားဝင်ငွေရအောင် ကျင်းပနိုင်စေချင်တယ်လို့ ချင်းမိုင်ကိုရောက်နေတဲ့ ကိုလှိုင်မျိုးထွေးက ဆိုပါတယ်။
“ကျွန်တော်က နိုင်ငံရေးအခြေအနေ တကယ်ကောင်းသွားပြီ။ မြန်မာပြည်လည်း တကယ်ကောင်းသွားပြီဆိုရင် တော့ အပြတ်အသတ်ပဲ။ ပြီးတော့ enjoy လုပ်ချင်တာထက်ကို မြန်မာတွေ အဲလိုအခြေအနေကောင်းသွားပြီ ဆိုရင် ကိုယ့်ရဲ့မြန်မာမှာလည်း နိုင်ငံခြားဝင်ငွေရအောင် tourist attractions ရအောင် ကျင်းပနိုင်စေချင်တယ်”
ထိုင်းနိုင်ငံ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT) က လွယ်ကထုံပွဲတော်လာရောက်ဖို့အတွက် ကမ္ဘာလှည့်ခရီး သွားတွေကို ဖိတ်ခေါ်ထားပါတယ်။
မြန်မာပြည်ရဲ့ အထင်ကရပွဲတော်တွေမှာ ပါဝင်မဆင်နွှဲနိုင်တဲ့အချိန် ပြည်ပရောက်မြန်မာတွေအနေနဲ့ ပွဲတော်ရက် တွေရောက်တိုင်း အိမ်ကိုလွမ်းမိကြပါတယ်။
ဒီအထဲမှာ ချင်းမိုင်မြို့ကိုရောက်နေတဲ့ ကိုလှိုင်မျိုးထွေးလည်း အပါအဝင်ပါ။ သူကတော့ အမိမြေနဲ့ မိသားစုကို လွမ်းရတယ်လို့ပြောပါတယ်။
ကိုစိုင်းသီဟလင်းအောင်ကလည်း မြန်မာပြည်ငြိမ်းချမ်းတဲ့အခါ တန်ဆောင်တိုင်ပွဲတော်ကို ဘယ်လိုဖြတ်သန်းချင်တယ်ဆိုတာ အခုလိုပြောပြပါတယ်။
“မြန်မာပြည်က လည်လို့ကောင်းသွားတဲ့တနေ့ကျရင်ပေါ့နော် တန်ဆောင်တိုင်ကို သူငယ်ချင်းတွေနဲ့တဝကြီး ပျော်ပစ်မယ်လို့ အဲလိုမျိုးရည်မှန်းထားပါတယ်”
ကိုလှိုင်မျိုးထွေး ကလည်း မြန်မာပြည်ကို လွမ်းနေတာပါ။
“တအားလွမ်းတာပေါ့အခုအချိန်။ တကယ်ကိုလွမ်းတယ်အိမ်ကိုကတော့ တော်တော်လေးလွမ်းတယ်။ ဒီလိုမျိုး ပွဲတော်တွေရှိတဲ့အချိန်တွေဆိုရင် သီတင်းကျွတ်လပြည့်ညတို့ တန်ဆောင်တိုင်လပြည့်ညတို့ ပွဲတော်တွေဘာတွေ ရှိတဲ့အချိန်ဆိုရင်ပိုလို့လွမ်းတယ်။ ဘာလို့လဲဆိုတော့..အိမ်မှာက ပြောချင်တာကကိုယ့်ရဲ့အမိမြေဆိုတော့ ကိုယ်ချစ်တဲ့သူတွေရှိတဲ့နေရာဆိုတော့..”
ကိုသီဟ(အမည်လွှဲ) ကတော့ မြန်မာပြည်မှာ ပွဲတော်တွေဆင်နွှဲနိုင်မယ့်နေ့ကို အားတင်းထားဖို့ အခုလို တိုက်တွန်းပါတယ်။
"ဘာပဲဖြစ်ဖြစ်အားတင်းထားပြီးတော့ နောက်ထပ် တကယ့်ကို ပျော်ရွှင်စရာအစစ်အမှန်ရှိတဲ့ပွဲတော်တွေကို ကြုံချင်ပါသေးတယ်လို့။ အားလုံးပဲ အားတင်းထားကြပါလို့”