ကရင်ရိုးရာလက်ချည်ပွဲ မဲဆောက်မှာကျင်းပ
2024.08.11

လက်ချည်ပွဲလို့ လူသိများတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရွှေ့ပြောင်းအခြေချနေထိုင်နေကြတဲ့ ကရင်လူမျိုးတွေ မနေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။
ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် ကိုယ့်ရဲ့ ရိုးရာ ဓလေ့တွေ မေ့ပျောက်မသွားအောင်လို့ ရည်ရွယ်ပြီး အခုလိုကျင်းပတာလို့ ပွဲစီစဉ်သူ မန်းလှသိန်းက ပြောပါတယ်။
“ကရင်ရိုးရာမှာ ဒီလုပ်တာတော့ နှစ်နှစ်တော့ရှိပါပြီ၊ ဒီနောင်ဘွားရွာမှာပေါ့နော်၊ နောက်ပြီးတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ အခုက ဟိုဘိုးဘွားတို့ကရှိထားတဲ့ လိပ်ပြာခေါ်လာဖို့ရာ အဲဒါတစ်နှစ်တစ်ခါ ဝါခေါင်လပြည့် ဝါခေါင်လမှာ အကုန်လုံး ဘယ်ကလာလာ လုပ်လို့ရတယ်၊ ဝါခေါင်လကျရင်၊ အဲဒါရိုးရာက ဟိုးဘိုးဘွားတို့ တစ်ချိန်တုန်းကလုပ်ပေးတာကို ကျွန်တော်တို့က အခုထိ မပျောက်ပျက်အောင် လုပ်ပေးတာပဲ’’
ဝါခေါင်လရောက်တိုင်း ကရင်လက်ချည်ပွဲကို ကျင်းပလေ့ရှိပြီး များသောအားဖြင့် ကြီးတဲ့သူက ငယ်တဲ့သူကို လက်ကောက်ဝတ်မှာ ချည်ဖြူနဲ့ ချည်နှောင်ဆုတောင်းပေးတာပါ။
နာမကျန်းဖြစ်ရင် မကောင်းဆိုးဝါး အနှောင့်အယှက်မပေးနိုင်ဖို့ သူတပါးက ကိုယ့်ကို လိမ်လည်လှည့်ဖျားတာမခံရဖို့ ဒီလိုလက်ချည်တာလို့ ကရင်တိုင်းရင်သားတွေရှေးကတည်းက ယုံကြည်ခဲ့ကြတာပါ။
အခုလို လက်ချည်ပွဲလုပ်တာဟာ ကရင်တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့လုပ်တာလို့ အသက် ၇၀ ကျော်အရွယ် ကရင်တိုင်းရင်းသား ဖိခွန်စိုးမောင်ကလည်း ပြောပါတယ်။
“ကိုယ့်ကရင်တွေမညီညွတ်ရင် ညီညွတ်အောင် မစည်းလုံးရင်စည်းလုံးအောင် ဒါလက်ချည်ပွဲကို ပြန်စတယ်၊ ရိုးရာအဘိုးအဘွားအဆက်ဆက်နဲ့ နှစ်ပေါင်းများစွာဖြစ်လာတာကြာပြီပေါ့၊ အခုက နောင်လာ နောက်သား ကလေးတွေသိအောင် ကိုယ့်မြန်မာပြည်မှာ ဘယ်နေရာမှာရောက်ရောက် ဘယ်တိုင်း ပြည်မှာရောက်ရောက် လက်ချည်ပွဲမပပျောက်အောင် အားလုံးတာဝန်ရှိတယ်’’
ဆက်နွှယ်သောသတင်းများ
ကရင်ရိုးရာ လက်ချည်ပွဲ ပီတလင်ဂျာရွန်ရက် တက်ရောက်
ရန်ကုန်မှာ ကျင်းပတဲ့ ကရင်ရိုးရာ လက်ချည်ပွဲ
ကရင်တိုင်းရင်းသားတွေကို ကျေးဇူးတင်ကြောင်း အတိုင်ပင်ခံပြော
လက်ချည်ပွဲဆုတောင်းရင် ချည်ဖြူအပြင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်းတို့လည်း ပါပါတယ်။ ငှက်ပျောသီးဟာ အဖီးလိုက် အတွဲလိုက်ရှိတာကြောင့် ကရင်လူမျိုးတွေရဲ့ စည်းလုံးခြင်းကိုဆောင်တယ်၊ ကောက်ညှင်းက စေးစေးကပ်တဲ့သဘောရှိတာကြောင့် ကရင်တွေကြား ဘယ်တော့မှခွဲလို့မရဘူးဆိုတဲ့ သဘောကိုဆောင်တယ်၊ ထမင်းဆုပ်က စုစည်းခြင်းကို ဆောင်တယ်လို့ ကရင်တိုင်းရင်းသားတွေက အဓိပ္ပာယ်ဖွဲ့လေ့ရှိပါတယ်။
“အရင်ကိုယ့်နယ်မှာရှိတုန်းကလည်း နှစ်စဉ်နှစ်တိုင်းကျင်းပတာပေါ့၊ ရွာတွေဘာတွေမှာလည်း၊ ဒီကျွန်တော်တို့ အမေတွေကလည်း အမြဲတန်းနှစ်တိုင်းလုပ်ပေးတာပေါ့၊ နောင်လာနောက်သားကျွန်တော်တို့ နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းရမှာပေါ့ ဒါကရိုးရာတစ်ခုဖြစ်တဲ့အတွက် အစဉ်မပြတ်ထိန်းသိမ်းရမှာပေါ့၊ မပျောက်ကွယ်သွားအောင် ကရင်လူမျိုးတစ်ယောက်အနေနဲ့ပေါ့’’
တခြားတိုင်းရင်းသားတွေနည်းတူ စစ်ဒဏ်နှစ်ရှည်လများခံခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေဟာ ဒုက္ခသည်အဖြစ်နဲ့ ပြည်ပနိုင်ငံတွေကို ရောက်သွားကြပေမဲ့လည်း အခုလိုဝါခေါင်လရောက်တိုင်း လက်ချည်ပွဲကို ရောက်တဲ့အရပ်မှာ ဆင်နွဲနေကြတာ ဖြစ်ပါတယ်။