ရွှေစာရံဘုရားပွဲက တစ်ဦးတည်းသော စက်လှေသမ
2025.03.14

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ မနေ့က စတင်ကျင်းပနေတဲ့ ရွှေစာရံဘုရားပွဲကို နေ့စဥ် လူသောင်းနဲ့ချီ လာရောက်ဆင်နွှဲနေပြီး အခုနှစ်ပွဲဟာ နှစ်ပေါင်း နှစ်ဆယ်အတွင်း အစည်ကားဆုံးလို့လည်း ပြောကြပါတယ်။ ဒီဘုရားပွဲ လာရောက်သူတွေကို စက်လှေ အငှားလိုက်ပို့သူတွေထဲမှာ အသက် ၃၇ နှစ်အရွယ် မမြင့်မြင့်အေးလည်း ပါဝင်ပါတယ်။
နှစ်စဥ် တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၈ ရက်နေ့အထိ ကျင်းပလေ့ရှိတဲ့ ရွှေစာရံဘုရားပွဲ လာရောက်လည်ပတ်သူတွေကို သူက အခုလို စက်လှေနဲ့ အငှားလိုက်ပို့ပေးနေတာ ဆယ်နှစ်လောက် ရှိနေပါပြီ။
အခုနှစ် ဘုရားပွဲမှာ စက်လှေအငှားမောင်းသူ သုံးဆယ်ကျော်ရှိပြီး သူကတော့ တစ်ဦးတည်းသော အမျိုးသမီး စက်လှေမောင်းသူလည်း ဖြစ်ပါတယ်။
ဘုရားပွဲ လာရောက်သူတွေက ပွဲစျေးကို လည်ပြီးနောက် မြစ်တစ်ဖက်ကမ်းမှာ ရေကစားကြသလို နားဋောင်းကျစေတီကို စက်လှေနဲ့ သွားကြရတာပါ။
မြစ်ငယ်မြစ်မှာ စက်လှေ မောင်းရတာ အန္တရာယ်များပေမဲ့ မမြင့်မြင့်အေးကတော့ ဒီအလုပ်မှာ ကျွမ်းကျင်နေပါပြီ။
“အန္တရာယ်ကတော့ များတာပေါ့။ ဘယ်လိုမောင်းရင် ဘယ်လိုလွတ်မယ်ပေါ့နော်။ သူတို့လာရင် ဘယ်လို ရှောင်ရမယ်ဆိုတာတော့ အဲဒီလိုမျိုးပေါ့။ ကိုယ်က ရှေ့ကိုကြိုတင်ပြီးတော့ အန္တရာယ် ရှောင်ရတာပေါ့။ မတိုက်မိအောင် အကုန်လုံး ကြိုးစားပြီးတော့ ခရီးသည်တွေ ဒုက္ခမရောက်အောင် လုပ်ပေးရတာပေါ့။ ကိုယ်နိုင်တဲ့ဝန်လေးတင် ကိုယ့်ဘာသာကိုယ် ပို့တာလေ”
ရွှေစာရံရွာအနီး ကျွဲနဖားရွာဇာတိဖြစ်တဲ့ မမြင့်မြင့်အေးဟာ ဘုရားပွဲကာလမှာပဲ စက်လှေ အငှားမောင်းတာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ ငါးရောင်းတဲ့အလုပ်နဲ့ ရပ်တည်ပါတယ်။ အခုနှစ် စက်လှေ မောင်းလို့ရတဲ့ ဝင်ငွေက တစ်နေ့ကို ကျပ် တစ်သိန်းလောက် ရတာမို့ သူ့အတွက် အဆင်ပြေပါတယ်။
တချို့ ဘုရားပွဲစျေးသည်တွေနဲ့ ဘုရားဖူးလာသူတွေကတော့ ပွဲတော်နေ့မရောက်ခင် တစ်လလောက်ကတည်းက ရွှေစာရံကို လာရောက်လေ့ရှိပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကနေ ဒေသထွက် ခမောက်လေးတွေ လာရောက်ရောင်းချတဲ့ ဒေါ်ဌေးဌေးကလည်း ဒီနှစ်မှာ လူစည်ကားတဲ့အတွက် စျေးရောင်းကောင်းတယ်လို့ ပြောပါတယ်။
“ဒီမှာ လာရောင်းတာ ငါးနှစ်လောက်ရှိပြီ။ ကောင်းပါတယ်။ မနှစ်ကထက်တော့ အစ်မတို့က ဒီနှစ်ပိုစည်တာပေါ့။ ဒီနှစ် ပိုစည်တာပေါ့။ ဒီနှစ် ပြီးခဲ့တဲ့ စနေလောက်ကတည်းက စည်တာလေ”
ရွှေစာရံ ဘုရားပွဲနေ့ မတိုင်ခင် လာရောက်ကြတဲ့သူတွေရဲ့ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားလာပြီးနောက် ဒီနှစ် ဘုရားပွဲကို လာရောက်လည်ပတ်သူ အရင်နှစ်တွေကထက် ပိုများလာတာလို့ ဆိုကြပါတယ်။
အခုနှစ် ရွှေစာရံ ဘုရားပွဲဟာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း အစည်ကားဆုံးဖြစ်တယ်လို့ မမြင့်မြင့်အေးရဲ့ အစ်မအကြီးဆုံးဖြစ်သူ မအေးက ပြောပါတယ်။
“နှစ်တိုင်း နှစ်တိုင်း ကျွန်မတို့ ဒီမှာ နှစ်နှစ်ဆယ်ကျော်၊ သုံးဆယ်လောက်ရှိပြီ။ ဒီနှစ်လောက် စည်တာ ဒီနှစ်ပဲရှိတယ်။ အရင်နှစ်တွေက အဲဒီလိုမျိုး မစည်ခဲ့ဖူးဘူး။ နှစ်တိုင်း နှစ်တိုင်း ဒီနှစ် အပျော်ဆုံးပဲ ထင်တာပဲ။ ကိုယ့်ညီမကိုကျတော့လည်း စားဝတ်နေရေးအတွက် လုပ်ရတာဆိုတော့လေ သိပ်တော့ စိတ်မချဘူးပေါ့”
မမြင့်မြင့်အေးရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရန်ကုန်တိုင်းဘက်က သူ့ရဲ့ဇာတိရွာကို ခဏပြန်ချိန် လမ်းခရီးမှာပဲ စစ်သား စုဆောင်းခံခဲ့ရပါတယ်။ အဲဒီနောက် ရှေ့တန်း စစ်မြေမြင်တစ်နေရာမှာ မိုင်းနင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရပါတယ်။ ဒါပေမဲ့ တပ်ကနေ ထွက်ခွင့်မရသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
ပုသိမ်ကြီးမြို့နယ်က နေအိမ်တစ်ရာကျော် ဖျက်ဆီးဖယ်ရှားခံရ
ပုသိမ်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ခုနစ်ဦး သေဆုံး
လည်ပတ်သူ နည်းပါးသွားတဲ့ ရွှေစာရံဘုရားပွဲ
မမြင့်မြင့်အေးမှာ နို့စို့အရွယ် ကလေး အပါအဝင် သားသမီး လေးဦးရှိပါတယ်။ မမြင့်မြင့်အေးရဲ့ မျှော်လင့်ချက်ကတော့ မိသားစု စုံစုံလင်လင် ပြန်နေရဖို့ တစ်ခုပဲ ဖြစ်ပါတယ်။
“သူ့ကို ပြန်လာဖို့ရာ ပြောထားတယ်။ ခြေတုရရင် ပြန်လာမယ်တဲ့။ မိသားစု စုံစုံလင်လင်ပဲ ပြန်နေတော့မယ်တဲ့။ အဲဒီလိုတော့ ပြောတယ်။ အစ်မ မျှော်လင့်ချက်က မိသားစု စုံစုံလင်လင်နဲ့ပဲ နေချင်တာပေါ့။ တစ်ကွဲတစ်ပြားကြီး မနေချင်ဘူးပေါ့”