ပုသိမ်ကြီးမြို့နယ်က နေအိမ်တစ်ရာကျော် ဖျက်ဆီးဖယ်ရှားခံရ
2024.04.08

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုက နေအိမ်တစ်ရာကျော်ကို ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဒေသအာဏာပိုင်တွေက စက်ယန္တရားတွေနဲ့ လာရောက်ဖျက်ဆီးဖယ်ရှားသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေအတွင်းမှာ နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဓာတ်အားလိုင်း အလယ်ဗဟိုရဲ့ ဘယ်၊ ညာ ၇၅ ပေအတွင်းမှာရှိနေတဲ့ နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားတာလို့ ဆိုပါတယ်။
နန်းဦးလွင်၊ ကန်ကောက်၊ ဂွေ့ကြီးကုန်းရွာတွေက နေအိမ်တွေကို ပုသိမ်ကြီးမြို့နယ် စည်ပင်ကော်မတီအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖျက်ဆီးသွားတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လောလောဆယ် နှစ်ရက်လာပြီး ဖျက်သွားတယ်။ ကိုယ်တိုင်ဖျက်ချင်ဖျက် မဖျက်ရင် သူတို့ကိုယ်တိုင် စက်နဲ့ ထိုးချတာ။ ကိုယ့်ရဲ့ချွေးနည်းစာလေးနဲ့ စုဆောင်းဝယ်ထားတာလေးတွေ ပါသွားပြီ။ အခု နေစရာမရှိလို့ ကြံဖန်နေနေရတာ။ ကိုယ်တွေတင်မဟုတ်ဘူး တော်တော်များများ နေစရာမရှိ ဒုက္ခရောက်နေကြတာ"
ဖျက်ဆီးခံရတဲ့ နေရာတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက နေထိုင်လာခဲ့ကြတာလို့ သူကဆိုပါတယ်။
လက်ရှိ ဖျက်ဆီးခံထားရတဲ့ နေအိမ် တစ်ရာကျော်က လူဦးရေ လေးရာကျော် နေစရာ အခက်အခဲဖြစ်နေပြီး မဖျက်ဘဲ ကျန်နေတဲ့ နေအိမ်တွေကိုလည်း ဖျက်ဆီးဖယ်ရှားတာတွေ ဆက်လုပ်ဖို့ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသအာဏာပိုင်တွေရဲ့ အကြောင်းကြားစာထဲမှာတော့ လျှပ်စစ်ဓာတ်အားလိုင်းပေါ်မှာ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်လုပ်ထားတာကြောင့် ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့နဲ့ မဖျက်ပေးရင် အရေးယူမယ်လို့ ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လျှပ်စစ်လိုင်းဧရိယာမှာ ပါနေလို့ဆိုပြီး ဖယ်ရှားခံရမယ့်အထဲမှာ ရွာရှစ်ရွာနီးပါးက နေအိမ်တွေပါဝင်နေပြီး စုစုပေါင်း အိမ်ခြေတစ်ထောင်ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ မီးရထားဌာနပိုင်မြေ၊ လျှပ်စစ်တာဝါတိုင် နယ်နိမိတ်၊ ဆည်မြောင်းမြေ နယ်နိမိတ်နဲ့ လမ်းနယ်နိမိတ်ကို ကျူးကျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်ဖျက်ဆီးဖယ်ရှားခံရမှု မကြာခဏဖြစ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။