ရုန်းကန်ရဦးမယ့် ပုဂံခရီးသွားလုပ်ငန်း

2022.02.02
ရုန်းကန်ရဦးမယ့် ပုဂံခရီးသွားလုပ်ငန်း ပုဂံရှေးဟောင်းဒေသကို ၂၀၂၂ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အချိန်တစ်နှစ်ပြည့်လာချိန်မှာ ပုဂံရှေးဟောင်းဒေသကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ မရှိသလောက်ဖြစ်သွားခဲ့ပြီး ပြည်တွင်းက ငွေကြေးတတ်နိုင်သူအချို့သာ လာရောက်ကြတော့တယ်လို့ ပုဂံဒေသခံတွေက ပြောပါ တယ်။

ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြရတဲ့ ဒေသခံတွေဟာလည်း အခုအချိန်မှာ ရပ်တည်ဖို့ ခက်ခဲလာကြပါတယ်။

"အိမ်ကအခြေအနေ မကောင်းဘူးဆိုတဲ့ အနေအထားတစ်ခုမှာ ဧည့်သည်က လာနိုင်စရာ အကြောင်းမရှိဘူးပေါ့"

တစ်ချိန်က တစ်နေ့ကို ကျပ်သုံးသောင်းအထိ ဝင်ငွေရှိခဲ့ပေမယ့် အခုတော့ ငါးထောင် လောက်သာ ရတော့တယ်လို့ ဧည့်သည်အလာများခဲ့တဲ့ ရှင်အဇ္ဇဂေါဏဘုရားရင်ပြင် ဈေးသည်တစ်ဦးက ပြောပါတယ်။

"ခရီးသည် အခုရက် ပါးသွားတယ် သိပ်မရောင်းရဘူးပေါ့၊ ဧည့်သည်မကျတော့ နည်းနည်းပါးပါး နေ့တွက်လေးပေါ့၊ အလုပ်မရှိလို့သာ လာရတာ ရောင်းအားက ဧည့်မကျတဲ့အချိန် နေ့တွက်လေး လေးငါးထောင်လောက်ပေါ့"

သူဟာ ဒီနေရာနဲ့ ငါးမိုင်လောက်ဝေးတဲ့ ညောင်တောရွာကနေ ဈေးလာရောင်းတာ ၄ နှစ်လောက် ရှိပါပြီ။

ပြီးခဲ့တဲ့ ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူးနေ့တွေက ပြည်တွင်းဧည့်သည်အချို့ လာတာ တွေ့ရပေမယ့် အခြားအချိန်ဆို ဧည့်သည်မရှိဘူးလို့ သူက ပြောပါတယ်။

သူ့လိုပဲ ဓမ္မံရံကြီးဘုရားမှာ ဈေးရောင်းနေသူတစ်ဦးကလည်း မိရိုဖလာယွန်းထည်လုပ်ငန်းနဲ့ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် အအေးဆိုင်ဖွင့်ပြီး ရပ်တည်နေရတယ်လို့ ပြောပါတယ်။

"ဒီဘုရားထဲမှာ ကိုယ်ပိုင်ဈေးဆိုင်လေးရှိတယ်၊ ယွန်းထည်ဆိုင်လေး ရှိတယ်၊ မိသားစု ဆိုင်လေးဆိုတော့ ကိုယ့်ဘာသာ တစ်သောင်းဖိုးရ၊ နှစ်သောင်းဖိုးရ တစ်ခါတလေ တစ်ပြားမှ မရဘူး။ ကိုယ်ကတော့ ဧည့်သည်ပေါမှ ကိုယ့်ပုဂံ စည်းကားမှာပဲ သိတာပဲ။ အခု မြန်မာလေး နည်းနည်းပါးပါး လာရင်ကိုပဲ ဒီလိုလေး နည်းနည်းပါးပါးလေးတော့ ရသေးတာပေါ့။ အခု ကိုယ်ပိုင်အလုပ် မရှိကြဘူး။ ယွန်းလုပ်ငန်းသမားတွေ စားဝတ် နေရေး ကျပ်တည်းကြတယ်"

သူဟာ ပုဂံမြို့ အနောက်ဘက် မြင်ကပါးအရပ်မှာနေထိုင်ပြီး တစ်ချိန်က သူ့ရဲ့မိသားစုဝင် ငါးဦးစလုံး မိရိုးဖလာ ယွန်းလုပ်ငန်းနဲ့ပဲ ရပ်တည်ခဲ့တာပါ။

သူ့လိုပဲ မြင်ကပါးအရပ်က ယွန်းလုပ်ငန်းနဲ့ ရပ်တည်နေကြရသူအားလုံးဟာ အခုဆိုရင် လုပ်ငန်းအားလုံးနီးပါး ရပ်နားထားရတယ်လို့ ပြောပါတယ်။

ယွန်းလုပ်ငန်းကြီးတဲ့ တချို့အိမ်တွေမှာ တစ်ချိန်က အလုပ်သမား ၅၀ ဝန်းကျင်အထိ အလုပ်ပေးထားနိုင်ခဲ့ပေမယ့် အခုတော့ အဲဒီအလုပ်သမားတွေလည်း ဘုရားတွေမှာ သနပ်ခါးလိမ်း၊ လမ်းပြ၊ ပို့စကတ်ရောင်း စတဲ့အလုပ်တွေ ပြောင်းလုပ်နေရပေမယ့် ဧည့်သည်အလာနည်းလို့ စားဝတ်နေရေး အဆင်မပြေကြဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတကာ ခရီးသွားတွေကို ဝင်ရောက်ခွင့်မပြုခဲ့ရာက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ၈၈ ရာခိုင်နှုန်းထိ လျော့ကျသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ခရီးသွားလုပ်ငန်းတွေပြန်လည် စတင်နိုင်ဖို့လျာထားကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။ ဒါပေမဲ့ ပုဂံဒေသက ဟိုတယ်မန်နေဂျာဟောင်း ကိုလူအေးကတော့ လတ်တလော အခြေအနေတွေအရ အခုနှစ်အတွင်းမှာလည်း ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့ဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။

"ပုဂံဆိုတာမျိုးက ခရီးသွားလုပ်ငန်း မြို့တော်ဖြစ်နေတဲ့အတွက် ဧည့်သည်ကို မှီခိုနေရတဲ့ မြို့တော်မျိုး။ ဒါပေမဲ့လည်း ဒီအနေအထားတစ်ခုမှာ ၂ နှစ်ကျော်ရပ်တည်လာပြီးတဲ့ နောက်ပိုင်း အခု ၂၀၂၂ မှာ ထပ်ပြီးတော့ ရုန်းကန်ရမယ်ဆိုတဲ့ အနေအထားတစ်ခုမှာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့။ အဲတော့ လုပ်ငန်းတစ်ခု ပြောင်းရင်ပြောင်း မပြောင်း ရင် အခြားတစ်ခု ပြန်စဉ်းစားရမယ်။ အချို့သော မိသားစုဟိုတယ်လေးတွေ one star, two star ဟိုတယ်လေးတွေ အချို့ဆို ရောင်းဖို့အထိ ပြင်ဆင်လာတဲ့ အနေအထားတစ်ခု ရောက်သွားတယ်။ ဧည့်သည်ဆိုတဲ့ အမျိုးသည် အိမ်သာမှလာတာ ဖြစ်တဲ့အတွက် အိမ်ကအခြေအနေ မကောင်းဘူးဆိုတဲ့ အနေအထားတစ်ခုမှာ ဧည့်သည်က လာနိုင်စရာ အကြောင်းမရှိဘူးပေါ့။ အဲတော့ ၂၀၂၂ လည်း ပြန်လည်ဦးမော့နိုင်စရာ မကြောင်းမရှိဘူး လို့ ကျွန်တော်တော့ သုံးသပ်တယ်"

bagan-pagoda.jpg
(ပုဂံရှေးဟောင်းဒေသက ဓမ္မရာဇိကဘုရားကို ၂၀၂၂ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်)

ဟိုတယ်လုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ ပုဂံမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ တည်းခိုနိုင်တဲ့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပေါင်း ၁၇၉ လုံးရှိပြီး အခုအချိန်မှာ ဝန်ထမ်းတွေကို တစ်ဝက်လောက် လျှော့ထားကြရတယ်လို့ ကိုလူအေးက ပြောပါတယ်။

ပုဂံဒေသမှာ တစ်ချိန်က ခရီးသွားလုပ်ငန်းပေါ် မှီခိုခဲ့ကြရတဲ့ ဒေသခံတွေဟာ အခုအချိန်မှာ မိရိုးဖလာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ အခြား ပန်းရံ၊ လက်သမား၊ ကြုံရာကျပန်း အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရီးသွားလုပ်ငန်းကို မွေးကတည်းက မှီခိုလုပ်ကိုင်လာကြတဲ့ဒေသဖြစ်တာမို့ လက်ရှိ ကိုဗစ် နဲ့ အာဏာသိမ်းမှုဒဏ်ကနေ လွတ်မြောက်ပြီး ယခင်လို ခရီးသည်တွေ စည်စည်ကားကား ဝင်ရောက်လာမှာကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။