မြန်မာ့ရုပ်သေးတင်ဆက်နေတဲ့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့
2023.07.30
“ကမ္ဘာမှာ အကြမ်းဖျင်းအားဖြင့် ရုပ်သေးခြောက်မျိုးခွဲထားတယ်။ အားလုံးထဲမှာမှ ကြိုးဆွဲရုပ်သေးဟာ အဆင့်အမြင့်ဆုံး ရုပ်သေး။ နောက်ကြိုးဆွဲတဲ့ ပညာတော်ရင်တော်သလို အရုပ်က အသက်ဝင်တယ်လို့တောင် ထင်ရတယ်။ ဒါကြောင့် မြန်မာ့ရုပ်သေးရဲ့ထူးခြားချက်က အဲဒါပဲ။ အရုပ် “က” ရင် လူနဲ့တူတယ်။ လူ “က” တော့ အရုပ်နဲ့တူတယ်ဆိုတဲ့ စကားလေးလိုပဲ။ ရုပ်သေးအနုပညာဆိုတာ ကမ္ဘာက မြန်မာ့ရုပ်သေးကို အထင်ကြီးတယ်လေ။ လေးစားရတဲ့ အနုပညာတစ်ခုပေါ့”
ထွေးဦးမြန်မာရုပ်သေးအဖွဲ့ တည်ထောင်ထားတဲ့ ဦးခင်မောင်ထွေးဟာ မြန်မာ့ရုပ်သေးက ကမ္ဘာမှာ တခြားရုပ်သေးအမျိုးအစားတွေထက် မနိမ့်ကျဘူးလို့ ယုံကြည်ထားတဲ့သူတစ်ယောက်ပါ။ ဒါကြောင့် သူဟာ ဝင်ငွေကောင်းတဲ့ သင်္ဘောသားအလုပ်ကို ၂၀၀၆ ခုနှစ်မှာစွန့်လွှတ်လိုက်ပြီး ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။
“ငါတို့လဲ မြန်မာပြည်မှာ ရုပ်သေးရုံထောင်မယ်၊ ဧည့်သည်တွေကို ပြမယ်ဆိုတဲ့စိတ်ကူးနဲ့ ဦးထွေးသမီး ငါးနှစ်သမီးအရွယ်မှာ ဦးထွေး သင်္ဘောလိုက်တာကိုရပ်ပြီးတော့ ဒီ ထွေးဦးမြန်မာကို တည်ထောင် လိုက်ပြီးတော့ ဒီအသက်မွေးဝမ်းကျောင်းကို စလိုက်တာပေါ့နော်”
ဦးခင်မောင်ထွေးဟာ ရန်ကုန်မြို့မှာ ရုပ်သေးပွဲကို ပုံမှန်ပြသနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရုပ်သေးပွဲတွေဟာ မြန်မာပရိသတ်နဲ့ ဝေးကွာနေလို့ ခရီးသွားလုပ်ငန်းကိုမှီပြီး ရပ်တည်လုပ်ကိုင်ခဲ့ရတာပါ။ ဒါကြောင့် ရုပ်သေးအဖွဲ့ တည်ထောင်ပြီး နှစ်အတော်ကြာတဲ့အထိ အခက်အခဲတွေ ရှိခဲ့ပါတယ်။
“ မြန်မာ့အနုပညာကို မြန်မာပြည်မှာ မြန်မာ့စင်မြင့်ပေါ်မှာတင်ပြီး နိုင်ငံခြားကို ပြချင်တာ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ပံ့ပိုးမှု၊ ခရီးသွားလောကရဲ့ ပံ့ပိုးမှုကိုလည်း မရဘူး။ အုပ်ချုပ်တဲ့ အစိုးရဘက်က အသိမှတ်ပြုမှု ပံ့ပိုးမှုကိုလည်း မရတော့၊ နောက် ဦးထွေး နည်းမျိုးစုံနဲ့ကြိုးစားပြီး မအောင်မြင်တဲ့အခါကျတော့ ဒီအလုပ်ကို စွန့်လွှတ်ဖို့တောင် ကြံခဲ့သေးတယ်။ ဒါပေမယ့် တကယ့်ရုပ်သေးပညာရှင် သူတို့ရဲ့ရင်ထဲက Passion (စိတ်ပြင်းပြမှု)တွေပေါ့နော်။ ပိုက်ဆံရရ မရရ ရုပ်သေးဆွဲနေရရင် ပျော်တယ်ဆိုတဲ့သူတွေနဲ့ ဦးထွေး အလုပ်လုပ်ခဲ့ရတယ်”
တကယ်တော့ ရုပ်သေးပညာဟာ ခရစ်မပေါ်ခင် နှစ်ပေါင်းသုံးထောင်လောက်ကတည်းက ရှေးဟောင်း ဂရိလူမျိုးတွေမှာ ရှိခဲ့တယ်လို့ဆိုပါတယ်။ မြန်မာ့ရုပ်သေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော် လောက်က စခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ့ရပါတယ်။
“တကယ့် ရုပ်သေးပွဲကြီး ခမ်းခမ်းနားနား ထည်ထည်ဝါဝါပြနိုင်တဲ့အချိန် တိုးရစ်ခရီးသွားကားကြီးကလည်း ဆိုက်လာပြီးတော့ မြန်မာ့ရုပ်သေးဆိုတာ ဒီလိုကွဆိုပြီး ပြချင်တာ”
ဦးခင်မောင်ထွေးဟာ ရုပ်သေးပွဲကို သီးသန့်ဇာတ်ရုံနဲ့ ခမ်းခမ်းနားနားပြဖို့ စိတ်ကူးနဲ့ဆန္ဒတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြောင့် ၂ဝ၁၁ ကစပြီး ရန်ကုန်တိုင်း အလုံမြို့နယ် ရာမလမ်းက သူ့အိမ်မှာပဲ အိမ်တွင်းပြသတင်ဆက်မှုအနေနဲ့ ကြိုးစားခဲ့ပါတယ်။ အဲဒီကနေ ဧည့်သည်တွေကြား တဖြည်းဖြည်း သတင်းပျံ့နှံ့ခဲ့တာလို့ပြောပြပါတယ်။
“ခမ်းခမ်းနားနား ပြတုန်းကမလာတဲ့ဧည့်သည်တွေက ဒီအိမ်ခန်းကျဉ်းလေးထဲကို စာတွေဖတ်ပြီးလာကြတယ်။ လာပြီး သူတို့ဒီလိုကြည့်ရတဲ့အတွေ့အကြုံကို သူတို့ရင်ဖွင့်တာ Review (သုံးသပ်ချက်) တွေရေးတာ။ တိုးရစ်ဇင် ပလက်ဖောင်းက Travel Advisor (ခရီးသွားလမ်းညွှန်) ဆိုတဲ့ ဝက်ဘ်ဆိုက်ရှိတယ်။ အဲဒီ ဝက်ဘ်ဆိုက်မှာ သူတို့ Review(သုံးသပ်ချက်) တွေကို ရေးတဲ့အခါကျတော့ သူတို့ဒီပွဲကို အရမ်းသဘောကျ တယ်ပေါ့။ အနီးကပ်ကြည့်ရတယ်။ နောက် ဦးထွေးရဲ့ရှင်းပြတာကသူတို့ ဘာကြည့်ရတယ်ဆိုတာရော”

အဲဒီလိုနဲ့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့ဟာ အိမ်မှာဧည့်ပရိသတ်တွေကို ဖျော်ဖြေခဲ့သလို နိုင်ငံခြားကိုပါသွားပြီး မြန်မာ့ရုပ်သေးအနုပညာကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါ ပေါ်ပေါက်လာတဲ့ အခါမှာတော့ အရှိန်ရနေတဲ့ ရုပ်သေးပွဲတွေကို လုံးဝရပ်ဆိုင်းခဲ့ရပါတော့တယ်။
အခုတော့ ထွေးဦးမြန်မာရုပ်သေးပွဲကို အိမ်မှာကပြဖျော်ဖြေသလို ကျောင်းတွေက ဖိတ်တဲ့အခါ မျိုးဆက်သစ်လူငယ်တွေ မြန်မာ့ရိုးရာရုပ်သေးကိုလေ့လာနိုင်အောင် လိုက်ပြီးတင်ဆက်ပေးနေပါတယ်။ ရုပ်သေးကို ကြည့်ရှုလေ့လာသူတွေနဲ့ ပိုပြီးနီးစပ်နိုင်မယ့် အစီအစဉ်တွေကိုလည်းလုပ်နေပါ တယ်။ အခု ထူးခြားတာကတော့ ရုပ်သေးရုပ်ကို ကြိုးကိုင်တင်ဆက်တဲ့သူတွေထဲမှာ သူ့ရဲ့မျိုးဆက်သစ် သားသမီးတွေ ပါလာတာဖြစ်ပါတယ်။
“သမီးနဲ့သားက ဦးထွေးလုပ်တဲ့အချိန်မှာ နှစ်နှစ်သားနဲ့ ကိုးနှစ်သမီး။ ပထမဆုံးရုပ်သေးကို စွဲသွားတာက သားအငယ်။ ကြိုးဆွဲတတ်တာကတော့ ခြောက်နှစ်သားမှ ပေးဆွဲတာ။ သမီးကိုတော့ ကိုးနှစ်သမီး ဖြစ်တော့ ဦးထွေးစသင်ပေးတယ်။ သမီးက ကိုးနှစ်သမီးကတည်းက စဆွဲတာ”
အခုတော့ ဦးခင်မောင်ထွေးဟာ အခက်အခဲတွေ ကြားကပဲ ရုပ်သေးပွဲတွေကို မိသားစုနဲ့အတူ ပြန်ပြီး ကပြနေပါပြီ။ သူစိတ်ကူးထားတဲ့ မြန်မာ့ရုပ်သေးကို ရုံကြီးနဲ့ အမြဲပြနိုင်ဖို့ဆိုတဲ့ရည်မှန်းချက်ကို ဆက်လက်ကိုင်ဆွဲရင်း မြန်မာ့ရုပ်သေး ပိုပြီးတွင်ကျယ်လာမဲ့ကာလကို မျှော်လင့်ရင်း၊ အလွန်နည်းတဲ့ ပရိသတ်တွေကို ဖျော်ဖြေနေဆဲဖြစ်ပါတယ်။
“ကိုယ့်ရဲ့အိပ်မက်ပေါ့။ အိမ်မှာဒီလိုမျိုးလေးပြတဲ့အဆင့်ကနေ အင်ဒိုနီးရှား ဗီယက်နမ်တို့လို ရုပ်သေးကပွဲရုံ အကြီးကြီးဆောက်ပြီးတော့ တကယ့်ကို ဆိုင်းတွေ ဝိုင်းတွေ အဆို အပြောတွေနဲ့ပေါ့။ တကယ့် ရုပ်သေးပွဲကြီး ခမ်းခမ်းနားနား ထည်ထည်ဝါဝါပြနိုင်တဲ့အချိန် တိုးရစ်ခရီးသွားကားကြီးကလည်း ဆိုက်လာပြီးတော့ မြန်မာ့ရုပ်သေးဆိုတာ ဒီလိုကွဆိုပြီး ပြချင်တာ။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ချင်တဲ့အတွက် ဦးထွေး ဒါကိုမစွန့်လွှတ်သေးဘဲနဲ့ ရရင်ရသလို ရုပ်သေးပွဲတွေ လုပ်နေတာပါ”