ကိုဗစ်နဲ့ အာဏာသိမ်းမှုကြား ရုန်းကန်နေရတဲ့ ပူတာအိုဒေသ ခရီးသွားလုပ်ငန်း

အရင်က ခရီးသွားဧည့်သည်တွေနဲ့ အထူးစည်ကားခဲ့တဲ့ ကချင်ပြည်နယ်မြောက်ဖျားက ပူတာအိုမြို့ဟာ ကိုဗစ် ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အခုချိန်မှာတော့ လာရောက်လည်ပတ်သူ မရှိတော့ဘဲ ခရီးသွားလုပ်ငန်း ကျဆင်း လာတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပြည်တွင်း၊ ပြည်ပခရီးသွားတွေက ပူတာအိုမြို့မှာရှိတဲ့ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရမ်ရာဇီ၊ မဒွယ် စတဲ့ ရေခဲတောင်တွေအပြင် ကျောက်နဂါး၊ ပူတောင်း၊ မူလာရှီးဒီး၊ နတ်ကျွန်း စတဲ့ အထင်ကရနေရာတွေကို စိတ်ဝင်တစား လည်ပတ်လေ့ရှိပါတယ်။
ပူတာအိုမြို့ရဲ့ ခရီးသွားရာသီဟာ ရာသီဥတု အင်မတန်ကြည်လင်တဲ့ အောက်တိုဘာလ ကနေ ဧပြီလအထိ ဖြစ်ပါတယ်။
အရင်နှစ်တွေက အဲဒီလိုလတွေမှာ လာရောက်လည်ပတ်သူတွေ များလွန်းတာကြောင့် တည်းခိုဖို့ ဟိုတယ်တွေတောင် မလောက်တော့ဘဲ ဧည့်သည်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေမှာပါ အခကြေးငွေပေးပြီး တည်းခိုရတဲ့အထိ စည်ကားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပူတာအိုကို လာရောက် လည်ပတ်သူ မရှိသလောက် နည်းသွားတယ်လို့ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်တဲ့ (Trekking in Myanmar) လုပ်ငန်းလုပ်ကိုင်သူ ကိုရဲက ပြောပါတယ်။
"မပြည့်မီပါဘူး။ ကိုဗစ်မတိုင်ခင်ကဆိုရင် ခရီးသွားဧည့်သည် တော်တော်များများက ရေခဲတောင်နဲ့ ပူတာအိုမြို့တွင်း လည်ပတ်တဲ့ ခရီးသွားဧည့်သည် တော်တော်များများ ရှိပါတယ်။ ကိုဗစ်စပြီးနောက်ပိုင်းမှာတော့ ခရီးသွားတွေ လုံးလုံးကို မရှိတော့တာပေါ့။ ပြီးခဲ့တဲ့ရာသီတွေက ၁၁ လပိုင်းအထိကို လုံးဝ မရှိခဲ့ဘူး။ ၁၁ လပိုင်းကစပြီး တစ်ဦးစ၊ နှစ်ဦးစ လည်ပတ်ကြတာပေါ့။ ကိုဗစ်မတိုင်ခင်ကဆိုရင် ခရီးသွားဧည့်သည်များလို့ ဒီဟိုတယ်၊ တည်းခိုခန်းတွေ ဘယ်လိုမှကို မဆံ့လို့ ဘုန်းကြီးကျောင်းတို့၊ ဒေသခံတို့ အိမ်မှာ တည်းခိုရတဲ့အထိရှိခဲ့တယ်။ အခုကတော့ ပူတာအိုခရီးသွားလုပ်ငန်းမှာ အင်မတန် ရှားတယ်လို့ ပြောလို့ရတယ်"
ပူတာအိုကို ဧည့်သည်တွေက လေကြောင်းနဲ့ ကုန်းကြောင်း နှစ်ခုစလုံးကနေ လာရောက်လေ့ ရှိပါတယ်။
"လုပ်ငန်းတော်တော်များများ မလည်ပတ်နိုင်တော့ဘူး။ ဝန်ထမ်း တွေလည်း လျှော့ရတယ်။"
အာဏာသိမ်းပြီးနောက်မှာ တိုင်းပြည်က လုံခြုံမှုမရှိတော့ဘူးလို့ ယူဆတာကြောင့် လေကြောင်းက လာလေ့ရှိတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ပူတာအို မလာတော့သလို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား မြစ်ကြီးနား-ပူတာအို လမ်းမမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကုန်းလမ်းက လာရောက်လေ့ရှိတဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ရေခဲတောင်တက်ချင်တဲ့ လူငယ်ခရီးသွားတွေလည်း မရှိသလောက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလုပ်အကိုင်ရှားပါးပြီး ခက်ခဲတဲ့ ပူတာအိုဒေသမှာ ဒေသခံအများစုက ဧည့်သည်တွေကို အမှီပြုပြီး ရိုးရာအသုံးအဆောင် ပစ္စည်းတွေ၊ ဒေသထွက် ဆေးမြစ်တွေ ရောင်းချသလို ရေခဲတောင်တက်လမ်းပြနဲ့ အထမ်းသမားတွေအဖြစ် အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
အခု ခရီးသွားလုပ်ငန်းကျဆင်းတာကြောင့် အလုပ်အကိုင်မရှိဘဲ စားဝတ်နေရေး ခက်ခဲ တယ်လို့ ရဝမ်လူမျိုး အထမ်းသမား ကိုအဒီး က RFA ကို ပြောပါတယ်။
"အခုချိန်ကဆိုရင် နည်းနည်း နိုင်ငံရေးကမကောင်းတော့ ခရီးသွားတွေနည်းသွားတယ်၊ အရင်က တစ်လမှာဆို နှစ်ခေါက်၊ သုံးခေါက်လောက် တက်ရတယ်၊ အခုနောက်ပိုင်းကျ သိပ်များများ စားစား မရှိတော့ဘူး၊ တချို့ဆိုလည်း တစ်ဖွဲ့တလေပဲ ရေခဲတောင် သွားကြတော့တယ်၊ ခရီးသွားတွေဆို ကျနော်တို့က ပစ္စည်းတွေလည်း ထမ်းပေးတယ်၊ ပြီးရင် သူတို့ဝေယျာဝစ္စလည်း လုပ်ပေးပါတယ်၊ အခုတော့ ခရီးသွားနည်းတော့ ဝင်ငွေနည်းသွားတယ်"
ရေခဲတောင်ခရီးတွေဟာ တစ်ကြိမ်ကို တစ်ပတ်ကနေ ၁၀ ရက်အထိ ကြာတတ်ပြီး၊ လာရောက် လည်ပတ်သူ အများစုကလည်း ဖုန်ကန်ရာဇီနဲ့ ဖုန်ရင်ရာဇီလို ရေခဲတောင် တွေကို အများဆုံး တက်ရောက်ကြတာမို့ ဧည့်လမ်းညွှန်တွေရော၊ ဟိုတယ်နဲ့ တည်းခန်းခိုခန်း ဖွင့်သူတွေပါ အတော်ဝင်ငွေ ကောင်းခဲ့တာပါ။
ရေခဲတောင်တွေ ဝန်းရံထားတဲ့ ပူတာအိုမြို့မှာ ရဝမ်၊ ခမ်းတီးရှမ်း၊ ဂျိန်းဖော၊ လီဆူ စတဲ့ တိုင်းရင်းသားတွေ အများဆုံးနေထိုင်ပြီး၊ ခရီးသွားတွေက ဒေသခံတိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံနဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း စိတ်ဝင်စားကြပါတယ်။

ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က ခရီးသွားဧည့်သည်တွေ စည်ကားလှတာကြောင့် ဟိုတယ်တွေ အသစ်ဆောက်လုပ်ပြီး လုပ်ငန်းချဲ့ထွင်ခဲ့ပေမယ့် အခုတော့ လုပ်ငန်းရပ်ပြီး အရှုံးပေါ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"အစ်ကိုတို့ဆိုရင် ကြိုပြီးလုပ်ရတာပေါ့နော်။ ကိုဗစ်မတိုင်ခင်ကတည်းက ကြိုပြီးတော့ ဧည့်သည်များ ပိုစည်လာရင် ကိုယ်တွေ အခန်းမလောက်ဘူး။ နောက်ဆုံး အခန်း မလောက်တော့ ဒေသခံအိမ်တွေမှာ သွားနေရတဲ့ အဆင့်ရောက်လာတော့ အားလုံးက ကြိုပြီးပြင်ဆင်ကြတာပေါ့။ မမျှော်လင့်ဘဲ ကိုဗစ်ရောက်လာတော့ အကုန်လုံး ရပ်ကုန်တယ်။ လုပ်ငန်းတော်တော်များများ မလည်ပတ်နိုင်တော့ဘူး။ ဝန်ထမ်း တွေလည်း လျှော့ရတယ်။ လုပ်ငန်းလည်ပတ်ရုံလောက်ပဲ Run နေကြတာ။ တချို့ ဟိုတယ်ကြီးတွေဆို ပိတ်ကုန်ပြီ"
ပြည်တွင်းခရီးသွားတွေအနေနဲ့ ရေခဲတောင်တက်ရောက်တာကို အများဆုံး စိတ်ဝင်စားကြပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ မြစ်ကြီးနား စတဲ့ ဒေသတွေကနေ ပူတာအိုကို အများဆုံး လည်ပတ်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။
ကိုဗစ်ကာလကတည်းက မြန်မာနိုင်ငံကို ပြည်ပခရီးသွားတွေ အဝင်နည်းသွားပြီး အာဏာ သိမ်းပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ခရီးသွားဖို့မသင့်တဲ့ အန္တရာယ်ရှိတဲ့ နိုင်ငံအဖြစ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပြင် အာဆီယံနိုင်ငံအချို့ကပါ ကြေညာချက်ထုတ် တားမြစ်ထားပါတယ်။
ကချင်ပြည်နယ်အပါအဝင် ကရင်၊ ချင်းနဲ့ ကယားပြည်နယ်သာမက ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာပါ ဗုံးကွဲမှု၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု၊ ဖမ်းဆီး သတ်ဖြတ်မှုတွေ များလွန်းတာကြောင့် ကျီးလန့်စာစား ဖြစ်နေရတဲ့ မြန်မာပြည်သူတွေ ကလည်း ပူတာအိုဒေသထိ တောင်တက်ခရီး၊ လေ့လာရေးခရီးထွက်ဖို့ လက်တွေ့ မလုပ်နိုင်တော့ပါဘူး။
၂၀၁၆ ခုနှစ်နောက်ပိုင်းမှ ဖွံ့ဖြိုးတိုးတက်လာတဲ့ ပူတာအိုမြို့ ခရီးသွားလုပ်ငန်းကို မှီခို အသက်မွေးရတဲ့ ဒေသခံတွေကတော့ မြန်မာပြည်မြောက်ဖျားက အေးခဲပြီး ထူးခြားတဲ့ သူတို့ ဒေသလေးမှာ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာဖို့ကို စိတ်ကူးနဲ့ မျှော်လင့် နေကြပါတယ်။