ကပ်ဘေးကာလ အခြေခံလူတန်းစားတွေရဲ့ဘဝ

ဝေယံမိုးမြင့်၊ နေမျိုးထွန်း
2020.09.18

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုများပြားလာတဲ့ သြဂုတ်လလယ်ပိုင်းက စတင်ပြီး လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် အလှုရှင်တွေ သိသိသာသာ နည်းပါးသွားသလို အစိုးရထောက်ပံ့မှုကလည်း အကန့်အသတ်နဲ့သာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု စတင်ဖြစ်ပေါ်လာတဲ့ ဧပြီလမှာ အိမ်မှာပဲနေကြဖို့ အစိုးရက ညွှန်ကြားလိုက်ပြီးနောက်ပိုင်း လက်လုပ်လက်စား အခြေခံလူတန်းစားတွေနေထိုင်တဲ့ ရပ်ကွက်တွေမှာ အလှူရှင်တွေအများအပြား လာရောက်လှူဒါန်းမှုတွေကို နောက်တစ်လအထိ တွေ့ခဲ့ပါတယ်။

ကူးစက်မှု ရုတ်တရက် ပြန်လည် မြင့်တက်လာတဲ့ သြဂုတ်လကစတင်ပြီး မြို့အတော်များများမှာ အိမ်မှာပဲနေကြဖို့ အစိုးရက ထပ်မံညွှန်ကြားလိုက်ပေမယ့် ရန်ကုန်က အခြေခံလူတန်းစားများနေထိုင်ရာ ရပ်ကွက်တွေမှာ ထပ်မံလှူဒါန်းသူတွေ ပေါ်ပေါက်မလာသေးဘူးလို့ ပြောကြပါတယ်။

စားသောက်ကုန် လာရောက်လှူဒါန်းတာ မမြင်ရသေးဘဲ နှာခေါင်းစည်းလို ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းပေးကြဖို့ လှည့်လှည်ဆော်သြနေတာကိုပဲ တွေ့ရတယ်လို့ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်မှာ နေထိုင်တဲ့ ဦးလှမြင့်က ပြောပါတယ်။

"အရင်တုန်းက ရပ်ကွက်လည်း တစ်ပတ်ကို တစ်ခါဆိုသလို လာလှူကြတယ်၊ အခုစဖြစ်တဲ့အချိန်က ဒီရက်အထိ တစ်ခါမှ လာလှူတာမတွေ့ရသေးဘူး၊ မနေ့တုန်းကတော့ ရပ်ကွက်လူကြီးက လက်သန့်ဆေးတို့ နှာခေါင်းစည်းတို့ လှူပေးကြဖို့ လိုက်ဆော်သြနေပါတယ်။"

အရင်က ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စတဲ့ရိက္ခာကို ရပ်ကွက်ထဲ လှည့်လည်လှူဒါန်းတာ တစ်ပတ်မှာ နှစ်ကြိမ် လောက်ရှိပြီး အစိုးရရဲ့ ထောက်ပံ့ငွေ ရရှိကြတဲ့အတွက် လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် အပြင်ထွက် ဝင်ငွေမရှာဘဲ စားသောက်နေထိုင်ဖို့ အနည်းငယ် အဆင်ပြေပေမယ့် အခုလို ကူးစက်မှု ပိုမို ပြင်းထန်လာချိန်မှာ အပြင်ထွက် အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။

အစိုးရက ဧပြီလကနေ ဇွန်လအတွင်း စားသောက်ကုန်လှူဒါန်းမှု တစ်ကြိမ်၊ ငွေကျပ် နှစ်သောင်း ထောက်ပံ့မှု နှစ်ကြိမ် ရှိခဲ့ပြီး သြဂုတ်နဲ့ စက်တင်ဘာလမှာတော့ ထောက်ပံ့မှု မရှိသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတချို့က ပြောပါတယ်။

အရပ်ထဲမှာ စားသောက်ကုန် လှူဒါန်းတာ မရှိပေမယ့် ကာကွယ်ရေးသုံးပစ္စည်းတွေတော့ လှူဒါန်းတာတွေ များလာတယ်လို့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဆိုပါတယ်။

"အရင်ထက်စာရင် ဒုတိယအကျော့မှာ အလှူရှင်နည်းသွားတယ်၊ လုပ်ငန်းတွေက ရပ်ဆိုင်းထားရတော့ လှူချင်တန်းချင်းပေမယ့် နဲနဲစိမ်းသွားတဲ့သဘောပါ၊ စားကုန်သောက်ကုန်တော့ လျှော့သွားတယ်၊ ကျန်းမာရေးပိုင်းတော့ တက်လာပါတယ်၊ လက်ဆေးရည်တို့ နှာခေါင်းစည်းတို့လှူတာ များလာတယ်။"


အစိုးရအနေနဲ့ အိမ်မှာပဲနေဖို့ ညွှန်ကြားထားတဲ့ ဧပြီလကစတင်ကာ မီတာခတွေကို လျှော့ချပေးနေပါတယ်။ ကြပ်မတ်စောင့်ကြည့်ခံရသူတွေအတွက်လည်း လှူဒါန်းမှုတွေကတော့ ရှိနေတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

"အခြေခံလူတန်းစားတွေကို လိုက်ဝေတာမျိုးတွေမတွေ့ရဘူး၊ နိုင်ငံတော်ကတော့ တမျိုးပေါ့၊ ပေါ့စတစ်ဖြစ်တဲ့အိမ် လော့ဒေါင်းချခံရတဲ့နေရာတွေဆိုရင် အုပ်ချုပ်ရေးပိုင်းနဲ့ လူမှုအဖွဲ့အစည်းတွေ လိုက်လုပ်ပေးတာတွေတော့ရှိပါတယ်။ ကြပ်မတ်စောင့်ကြည့်ခံရသူတွေအတွက်တော့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့တွေက ရိက္ခာ ထောက်ပံ့နေကြတယ်"

We Love Yangon အဖွဲ့ အထွေထွေ အတွင်းရေးမှုး ဦးဇော်ဝင်းခိုင် က လှူဒါန်းမှု လျော့နည်းသွားတာမျိုး မဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ရေးနဲ့ ကုသရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လှူဒါန်းလာကြတာလို့ ပြောပါတယ်။

"လှူတဲ့ခေါင်းစဉ် နဲနဲပြောင်းသွားတယ်၊ ကိုဗစ်နိုင်တင်းကာကွယ်ကုသရေးအတွက် လိုအပ်သလို သုံးပါဆိုတော့ အဲဒီခေါင်းစဉ်နဲ့သုံးစွဲရပါတယ်၊ လှူတဲ့အလှူရှင်က လျှော့မသွားပါဘူး တိုးလာပါတယ်၊ we love yangon အနေနဲ့ လှူတဲ့အလှူရှင်က ဒီနေရာသုံးပါဆိုရင် အဲနေရာမှာ လှူပေးရပါတယ်။ ကြိုက်တဲ့နေရာ အသုံးပြုပါဆိုရင် အစားအသောက်တွေ ဝေပေးတဲ့နေရာမှာပါ သုံးပါတယ်။"

အသွားအလာကန့်သတ်စောင့်ကြည့်ခံရတဲ့ ရပ်ကွက်တွေမှာ စားသောက်ကုန် လှူဒါန်းနေပြီး မကြာခင် လက်လုပ်လက်စား အခြေခံလူတန်းစားရပ်ကွက်တွေကို လှူဒါန်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း ၂၈ မြို့နယ်က ပြည်သူတွေ အိမ်မှာပဲနေဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။