ကပ်ဘေးထဲက ခရစ်ယာန် စေတနာ့ဝန်ထမ်းများ

သန့်ဇင်ဦး
2020.10.30

မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ MCC ရဲ့  ဦးဆောင်မှုနဲ့ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံ၊ ဖောင်ကြီးဆေးရုံ၊ အောင်မြင့်မိုရ်နဲ့ ရိုးမကွာရတင်းစင်တာ စတဲ့ နေရာတွေမှာ အလှည့်ကျ အကူအညီ ပေးနေတဲ့ စေတနာ့ဝန်ထမ်း လေးရာခန့် ပုံမှန်ရှိပြီး အနားယူသွားသူတွေပါဆိုရင် ငါးရာကျော်ရှိနေပါပြီ။ ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အဆိုအရ ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့ ပြည်သူတွေအတွက် ဆက်ကပ်အစေခံတာ ဖြစ်ပါတယ်။

ဒီအထဲမှာ  မြောက်ဒဂုံ မြို့နယ်က အသက် ၃၁ နှစ်အရွယ် ကိုသန့်ဇင်မျိုး(ခေါ်) ကိုသရှီးက ရောဂါပိုး ကူးစက်ခံရမှာကြောက်ပေမယ့် Positive ဖြစ်သွားမယ်၊ ပိုးကူးခံရမယ်ဆိုရင် ပိုလို့တောင် အကူအညီပေးနိုင်ဦးမယ်လို့ တွေးထားသူပါ။

“ကျွန်တော်တို့ ဒီမှာရှိတဲ့သူတွေ အချိန်မရွေး Positive ဖြစ်သွားနိုင်တယ်၊ ဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် Positive ဖြစ်ရင်လည်း ကျွန်တော်တို့ကလာတာ Volunteer လာလုပ်တယ်၊ ကိုယ်တိုင်ဖြစ်ရင်လည်း ဒီလူနာဆောင်ထဲမှာ ကျွန်တော်တို့ Volunteer ထပ်လုပ်ဖို့အတွက်ဆိုပြီးတော့ စိတ်ကပြင်ဆင်ပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ရဲရဲတင်းတင်းပဲ လုပ်နိုင်ခဲ့တယ်။ လုံလုံခြုံခြုံ ကိုယ့်ကိုယ်ကိုယ်လည်း Safe ဖြစ်အောင်လုပ်တယ်။ အလုပ်ကိုလည်း စိတ်ချလက်ချ လုပ်နိုင်ခဲ့တယ်။ ဒါ တကမ္ဘာလုံးမှာဖြစ်နေတဲ့ ကပ်ဖြစ်တယ်ဆိုတော့ ဒါက အစိုးရရဲ့တာဝန်ဆိုတာထက် ကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်တယ်”

ကိုသရှီးဟာ ခြောက်လတိတိ ဖောင်ကြီးမှာ စေတနာ့ဝန်ထမ်းလုပ်ကိုင်ခဲ့ပြီး ခဏပြန်အနားယူနေတာဖြစ်ပါတယ်။

အလားတူ တောင်ဒဂုံမြို့နယ်က အသက် ၃၆ နှစ်အရွယ် မာ့ခ်ဆိုသူကလည်း စေတနာ့ဝန်ထမ်းလုပ်နေရင်း စိတ်မချမ်းသာစရာတွေ တွေ့ကြုံခဲ့ပေမယ့် အခြားသူတွေကို အားပေးရင်းနဲ့ ဖောင်ကြီးဆေးရုံမှာပဲ ခြောက်လကြာခဲ့တယ်လို့ ပြောပါတယ်။

“အထူးအားဖြင့် ပြောရမယ်ဆိုရင် သက်ကြီးရွယ်အိုတွေပေါ့၊ သူတို့ဆီမှာက နဂိုရောဂါအခံတွေလည်း ရှိရင်ရှိမယ်။ ဒီရောဂါကလည်း ကပ်ဆိုးကြီးဖြစ်တဲ့အတွက်က ပြင်းထန်တဲ့ဝေဒနာ သူတို့ခံစားရတယ်။ တချို့တွေဆိုရင် လမ်းမလျှောက်နိုင်ဘူး။ စလာကတည်းကလည်း ပြင်ဆင်ထားပြီးသားပေါ့နော်။ ဒီလိုလူတွေနဲ့ ငါတို့က ကြုံတွေ့ရမှာပဲ။ ဒီအလုပ်ကို ငါတို့လုပ်ရမှာပဲ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ရုတ်တရက်ဖြစ်ပေါ်သွားတဲ့ ကြောက်လန့်စိတ်တွေလည်း ရှိတယ်။ တုန်လှုပ်သွားတာပေါ့နော်။ ဒီသေခြင်းတရားဆိုတာ ကိုယ့်ရှေ့မှာ မြင်လိုက်ရတဲ့အခါကျတော့၊ ဘာပဲပြောပြော ကိုယ်က ပြင်ဆင်လာတဲ့အတွက်ကတော့ အကောင်းဆုံးဖြေရှင်းပေးသွားနိုင်ခဲ့တယ်။ ကိုယ့်စိတ်ထဲမှာ ဝမ်းနည်းနေရင်တောင်မှ ချမပြနိုင်တော့ဘူး။ ငါဒါကို လုပ်ရမယ်ဆိုတဲ့အရာကိုး။ ဘေးကလူတွေကအစ ပူပင်သောကရောက်နေသူတွေကို ကိုယ်ကရအောင်အားပေးရတာပေါ့နော်”

မာ့ခ်ကလည်း ပိုးတွေ့လူနာတွေကို ထိတွေ့ကူညီရင်း ကိုယ်တိုင်ပိုးကူးခံခဲ့ရရင်လည်း ကန့်သတ်ထားတဲ့အထဲမှာပဲ လူနာတွေကို အားပေးစကား ပြောတာကနေ အမှိုက်သိမ်းတာအဆုံး ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အတည်ပြုလူနာတွေကြားထဲမှာ ကုတင်ပေါ်က မဆင်းနိုင်သူတွေလည်း ပါဝင်ပါတယ်။ ဒီလိုလူနာတွေဆိုရင် အညစ်အကြေးစွန့်၊ သန့်ရှင်းရေးလုပ်ကိုင်မှုအတွက် စေတနာ့ဝန်ထမ်းတွေက ကူညီပေးရတာပါ။ ဒီလိုကူညီရတဲ့ထဲမှာ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ မသက်မွန်နှင်းလည်း ပါဝင်ပါတယ်။

“တကယ့် Positive လူနာတွေနဲ့ နဖူးတွေ့ ဒူးတွေ့  တကယ်တွေ့တဲ့အခါမှာတော့ နည်းနည်းကြောက်ခဲ့တယ်။ ပြီးတော့ သူတို့တွေကို ကိုယ်တိုင် မ ပြီးတော့ တစ်ခါတရံမှာ ဒိုက်ဗာ(သေးခံ) လဲပေးတာတွေ ဘာတွေကအစ ကျွန်မတို့ ကြုံခဲ့ရတဲ့အခါကျတော့ PPE က ဘယ်လောက်ပဲ လုံခြုံလုံခြုံ ကိုယ့်စိတ်ထဲကတော့ နည်းနည်းကြောက်တဲ့စိတ်ကတော့ ရှိနေတာပေါ့နော်”

သူတာဝန်ကျခဲ့တဲ့ အဆောင်နှစ်ခုဟာ အောက်ဆီဂျင်လိုအပ်သူတွေ၊ အသက်ကြီးတဲ့သူတွေနဲ့ အခြေအနေ မကောင်းသူတွေထားတဲ့နေရာဖြစ်လို့ နေ့တိုင်းနီးပါး သေဆုံးမှုတွေတွေ့တိုင်း ဝမ်းနည်းရပေမယ့် ဆုတောင်း မေတ္တာ ပို့သရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူးလို့ ရန်ကင်းမြို့နယ်က အသက် ၃၇ နှစ် အရွယ် မသက်မွန်နှင်းက စိတ်မကောင်းဖြစ်စွာနဲ့ ပြောပါတယ်။

အတည်ပြုလူနာတွေကို ကူညီပြုစုရတဲ့ လုပ်အားပေးတွေထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိလာပါတယ်။ ကူးစက်ခံရတဲ့ အမျိုးသမီးငယ်ဟာ မသက်မွန်နှင်း  ရက်အတန်ကြာ အနားယူဖို့ အသင်းတော်ရုံးကို အပြန်လမ်းမှာ ကားထဲ အတူထိုင်လိုက်ပါလာတဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဒီအမျိုးသမီး ကူးစက်ခံထားရတယ်ဆိုတာ သူတို့တွေ မသိကြပါဘူး။

ဒီလို စေတနာ့ဝန်ထမ်းတွေ စေလွှတ်ပြီး အစေခံတဲ့အလုပ်ကို မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီက ဦးဆောင်ပြီးလုပ်တာဆိုပေမယ့် လုပ်အားပေးတွေထဲမှာ တခြားဘာသာဝင်တွေလည်းရှိပါတယ်။ သူတို့ထဲက တယောက်ကတော့ ရင်သွေးငယ်နှစ်ယောက်ကို အိမ်မှာထားခဲ့ပြီး အောင်မြင့်မိုရ် ကွာရန်တင်းစင်တာမှာ လုပ်အားပေးနေတဲ့ ဗုဒ္ဓဘာသာဝင် မအေးကလျာ ဖြစ်ပါတယ်။

“ပွင့်ပွင်းလင်းလင်း ပြောရင်တော့ မသွားခင်က ကြောက်တယ်၊ ရပ်ကွက်ထဲမှာ ဝင်းရောင် ဝင်းရောင်(လူနာတင်ကား) အသံတွေ ကြားရင်ကြောက်တယ်၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ နေ့စဉ်တွေ့တာများတော့ မကြောက်တော့ဘူး၊ အခုဆို လုံး၀ မကြောက်တော့ဘူး၊ တကယ် လေ့လာသုံးသပ်ကြည့်တဲ့ ရာခိုင်နှုန်းနဲ့ဆိုရင် Positive ထွက်တဲ့လူဦးရေနဲ့ နောက်ဆုံး သေသွားတဲ့လူဦးရေနဲ့ဆိုရင် ပမာဏက အရမ်းကို နည်းပါးပါတယ်၊ သူများနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ သေဆုံးမှုနှုန်းကို အများကြီး ထိန်းချုပ်ထားနိုင်တယ်လို့ ကျွန်မယူဆမိပါတယ်”

အခုလို ကပ်ဘေးကာလမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ စေတနာ့ဝန်ထမ်းလုပ်ကိုင်ပေးနေသူတွေကို အသင်းတော်များကောင်စီက နောက်ကနေ အပြည့်အ၀ ထောက်ပံ့ပေးထားပါတယ်။
ဒီလိုဖြစ်လာဖို့ ဧပြီလမှာ ခရစ်ယာန်လူငယ်တချို့ရဲ့ ပါဝင်မှုနဲ့   အစပြုခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဒုတိယဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် စောရွှေလင်းက ရှင်းပြပါတယ်။

“ပထမဦးဆုံးစခဲ့တဲ့အချိန်တုန်းက တောင်ဥက္ကလာပဆေးရုံမှာ ၁၂ ယောက်နဲ့ စခဲ့တာ။ နောက်တော့ ဝေဘာဂီမှာ တပတ်ကိုတစ်ခါ လုပ်အားပေးတယ်။ နောက်ပိုင်းကျတော့ ဖောင်ကြီးမှာ ၄၀ လောက်နဲ့ စခဲ့တယ်။ အဲဒီတုန်းက ဖောင်ကြီးမှာ Positive လူနာမရှိဘူးဆိုတော့ ဖောင်ကြီးမှာ အေးအေးဆေးဆေးပဲ။ ကျွန်တော်တို့ ၄၀ လောက်နဲ့ စတယ်။ အခုတော့ ကျွန်တော်တို့ တော်တော်လေးများနေ ဘာလို့ဆို ဖောင်ကြီးမှာလည်း ၁၈၀၊ ၁၉၀ ရှိတယ်။ အောင်မြင့်မိုရ်မှာ ၁၀၀ နီးပါး ရှိတယ်။ ရိုးမစင်တာမှာ ၄၀၊ ၅၀ လောက်ရှိတယ်”

စေတနာ့ဝန်ထမ်းတွေကို ဗိုင်းရပ်စ်ကာအင်္ကျီ PPE ကို နည်းလမ်းတကျ ဝတ်ဆင်ခြင်း၊ စွန့်ပစ်ခြင်း အပါအဝင် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အသိပညာပေးတာတွေကို စနစ်တကျသင်ကြားပေးတဲ့အပြင် စင်တာတွေက ပြန်လာသူတွေကိုလည်း နေအိမ်ကို မပြန်ခင် ရောဂါရှိ/မရှိ စစ်ဆေးတာ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့ အညီ အသွားအလာကန့်သတ်ပြီး အနားယူခိုင်းတာတွေ လုပ်ပေးထားတယ်လို့ သိက္ခာတော်ရ ဆရာတော် စောရွှေလင်းက မိန့်ပါတယ်။

ဦးနောအောက်မေ့ဖွယ်ရာ မြန်မာနှစ်ချင်းအသင်းတော်ရဲ့ သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော် ဦးတိုးတိုးက စေတနာ့ဝန်ထမ်းတွေ စားသောက်ရေးအတွက် သူတို့ ကူညီနေတယ်လို့ ရှင်းပြပါတယ်။

“တပတ်ကို လူလေးရာစာလောက်   ဦးနောဘုရားကျောင်းကနေပြီးတော့ ချက်ပြုတ်ကျွေးမွေးလျက်ရှိပါတယ်။ ဒီဦနော ခရစ်ယာန်ဘုရားကျောင်းအနေနဲ့တော့ အသင်းတော်မိသားစုတွေက ဘယ်လိုပဲဖြစ်ဖြစ် ဒီရောဂါဝေဒနာကုသမှုတွေ တိုက်ဖျက်မှုတွေ ပြီးဆုံးတဲ့အထိ ပါဝင်ကြမယ်လို့တော့ သန္နိဋ္ဌာန်ချပြီးတော့ ကူညီမစတဲ့အလုပ်ကိုတော့ ဒီနိုင်ငံတော်ရဲ့ လမ်းညွန်မှုနဲ့ အညီပေါ့နော် လုပ်ဆောင်သွားမယ်လို့  ဒီလိုပဲ ဆုံးဖြတ်ထားပါတယ်”

ကျန်းမာရေးဝန်ထမ်းတွေအားလုံးအတွက်ပါ ချက်ပြုတ်လှူဒါန်းချင်ပေမယ့် ခရစ်ယာန်မိသားစုတွေရဲ့  အလှူငွေက အကန့်အသတ်ရှိတာကြောင့်  အများကြီးမလှူနိုင်သေးဘူးလို့   ဆရာတော်ကမိန့်ပါတယ်။

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်အဖွဲ့ဝင် စေတနာ့ဝန်ထမ်းတွေရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ စထက်အောင်သူက ရောဂါကူးစက်ခံရနိုင်တဲ့ အခြေအနေမှာ ပါဝင်ကူညီပေးနေသူတွေကို လေးစားဂုဏ်ယူတယ်လို့ အားပေးပါတယ်။

“ရောဂါဖြစ်နိုင်ရဲ့သားနဲ့၊ အသက်အန္တရာယ်ဖြစ်နိုင်ရဲ့သားနဲ့ ပါဝင်ပြီးတော့ လုပ်ဆောင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်၊ ဆက်လက်ပြီးတော့ အားတင်းထားကြဖို့ အတွက်လည်း တွန်းအား ခွန်အားပေးလိုပါတယ်၊ အခုလုပ်တဲ့လူငယ်တွေ ဆက်လက်ကြီးတော့ ကြိုးစားအားထုတ်ပေးပါ၊ ဒါက မိမိဘဝရဲ့တစ်သက်စာ မှတ်တမ်းပါဝင် စေတနာ့ဝန်ထမ်းအကျိုးပြုခြင်းဖြစ်ပါတယ်”

တာဝန်ထမ်းနေချိန်အတွင်း စေတနာ့ဝန်ထမ်း လေးယောက်မှာ   ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပေမယ့် စိတ်ဓာတ်ခိုင်မာစွာနဲ့ ကျန်းကျန်းမာမာရှိနေကြတယ်လို့ သိရပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ကုသရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း  စေတနာ့ဝန်ထမ်းတွေအားလုံးအတွက် ဂုဏ်ပြုလက်မှတ်ကို အသင်းတော်ရဲ့ တာဝန်ရှိသူတွေကနေတဆင့် ချီးမြှင့်ပေးနေပါတယ်။

အစိုးရကထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ကုသရေးနဲ့ဆိုင်တဲ့ အမိန့်ကြေညာချက်တွေကို အထောက်အကူဖြစ်စေဖို့နဲ့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆေးရုံ၊ ဆေးခန်း၊ လုပ်ငန်းဌာနတွေမှာ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်တွေကို အကူအညီပေးဖို့ဆိုတဲ့ ရွည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီက စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့တာ ၇ လနီးပါး ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။