ပိုးတွေ့လူနာတွေထဲ ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ပါဝင်
2020.10.16
မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထဲမှာ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ရှိနေပါတယ်။ မလိုအပ်ဘဲ နေအိမ်အပြင် မထွက်ကြဖို့နဲ့ ကပ်ဘေးဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းတွေကို ကူညီကြဖို့ တိုက်တွန်းကြပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ နေ့စဉ် ထောင်နဲ့ချီတွေ့ရှိနေတဲ့အထဲမှာ ကပ်ဘေးကုသရေးပိုင်းမှာ လူနာတွေကို ရှေ့တန်းကနေ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေလည်း ပါဝင်လာပါတယ်။
ပိုးတွေ့လူနာ တရှိန်ထိုး မြင့်တက်လာတာနဲ့ တပြိုင်တည်းမှာပဲ ကျန်းမာရေးဝန်ထမ်း အများအပြားလည်း ပိုးကူးစက်ခံလာရတာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးကူးစက်ခံထားရသူတွေထဲ ကျန်းမာရေးဝန်ထမ်း ၂ဝဝ နဲ့ ၃ဝဝ ကြားမှာရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအဖွဲ့ဝင် ဒေါက်တာ သန်းနိုင်စိုး က ပြောပါတယ်။
“အတိအကျတော့မရှိဘူးဗျ၊ ကျနော်တို့ သိတာတော့ ၂၀၀ နဲ့ ၃၀၀ ကြားရှိနေပြီလို့ သိရတယ်။ အသက်ဆုံးရှုံးသွားသူတွေထဲမှာ လက်ရှိ ကျန်းမာရေးဝန်ထမ်းထဲက ဆုံးရှုံးတာတော့ မရှိဘူးခင်ဗျ၊ အပြင်က ဆရာဝန်ကြီးတွေ ဆုံးရှုံးရတာတော့ အားလုံးလည်း သိမှာပါ။ အခြေအနေဆိုးလို့ ICU ခန်းထဲ (ကျန်းမာရေးဝန်ထမ်းတွေ) ဝင်တယ်။ ဒါပေမဲ့ ပြန်ထွက်သွားတာတွေရှိပါတယ်”
ကပ်ဘေးကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကဆိုရင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၅၀ နီးပါး ပိုးကူးစက်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ပိုးကင်းစင်လို့ တာဝန်ပြန်လည်ထမ်းဆောင်နေကြသူတွေလည်း ရှိနေပါတယ်။ ဆေးရုံတွေကိုရောက်ရှိလာတဲ့ လူနာအများစုဟာ ရောဂါပိုးရှိမရှိ မသိဘဲ တခြားရောဂါအခံတွေကို ပြသရာကနေ ကျန်းမာရေးဝန်ထမ်းတွေဆီ ရောဂါပိုးကူးစက်ခံရမှုတွေလည်း ရှိနေတာပါ။
“ဘယ်နေရာက ကူးသွားမှန်း မသိဘူး။ လူကတော့ နေကောင်းပါတယ်။ ကျန်းကျန်းမာမာပါပဲ။ နှစ်ပတ်နေပြီးရင်တော့ ဂျူတီပြန်ဆင်းရမယ်။ ရှေ့က positive ထွက်သွားတဲ့ အမတွေ သူငယ်ချင်းတွေလည်းရှိတယ်။ သူတို့လည်း အခုဆို ဂျူတီပြန်ဆင်းနေကြပြီ။ နေရာတိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်းတွေက ဝန်ပိနေကြပါတယ်”
လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးရင်း ကူးစက်ခံလိုက်ရတဲ့ ရန်ကုန်မြို့က အမည်မဖော်လိုသူ သူနာပြုဆရာမတစ်ဦး ပြောသွားတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးသွားသူတွေထဲမှာ နာမည်ကြီး ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမြတ်သူရ၊ မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာကိုကိုသန့်၊ တပ်မတော်က အငြိမ်းစားဆရာဝန်မကြီးတစ်ဦး၊ ပုဂ္ဂလိကဆေးရုံတစ်ခုက သူနာပြုတစ်ဦးတို့ ပါဝင်ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ကျန်းမာရေးဝန်ထမ်းတွေ ပိုးကူးခံရတာနဲ့အမျှ ကိုဗစ်တိုက်ဖျက်ရေးမှာ ဝန်ဆောင်မှုလျော့ကျသွားမှာပဲလို့ ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာတော့ Public ထဲကနေ ပြန်ကူးစက်တာရှိပါတယ်။ ဆေးရုံထဲကနေတော့ ကူးတာမရှိပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေ ကူးပြီဆိုတာနဲ့ ဝန်ထမ်းတွေပေးနေတဲ့ service က လျော့ကျသွားမှာဖြစ်တယ်။ ကျန်တဲ့သူတွေက သူ့အလုပ်တွေကို ပိုပြီးတော့ လုပ်ပေးရတဲ့အခါ မနိုင်ဝန်တွေထမ်းရတဲ့အခက်အခဲတွေ ဖြစ်လာမယ်”
ဒီကပ်ဘေးကို ကျန်းမာရေးဝန်ထမ်းတွေရဲ့အား တစ်ခုတည်းနဲ့ ထိန်းလို့မရဘဲ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုက ၇၅ ရာခိုင်နှုန်း အရေးကြီးတယ်လို့ ဒေါက်တာသန်းမင်းထွဋ်က တိုက်တွန်းပါတယ်။ ဧရာဝတီတိုင်းထဲမှာဆိုရင် ကျောင်းကုန်းမြို့နယ်က ဆရာဝန်တစ်ဦး၊ ကျန်းမာရေးမှူးတစ်ဦးနဲ့ သူနာပြုတစ်ဦး ပိုးကူးစက်ခံထားရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပိုးကူးစက်ခံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့ အောက်တိုဘာ ၉ ရက်နေ့က ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြီး ဆုတောင်းစကားပြောခဲ့ပါတယ်။
“ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ပြောတိုင်းပြောတိုင်းတော့ မဖြစ်မနေကျေးဇူးတင်သင့်တာကတော့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါပြန့်ပွားမှုများတဲ့နေရာတွေမှာ မလုံလောက်တဲ့အခါ ရောဂါအခြေအနေကောင်းတဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေကနေပြီးတော့ ခေါ်ယူရပါတယ်။ လာပြီး ကူညီပေးတဲ့ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရောဂါပြန့်ပွားမှု များတဲ့နေရာတွေမှာ တစိုက်မတ်မတ်လုပ်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတချို့လည်း ရောဂါ ကူးစက်ခံနေရတယ်ဆိုတာ ပြည်သူတွေ သိထားပြီးသားပါ။ အဲဒီဝန်ထမ်းတွေလည်း မြန်မြန်ဆန်ဆန် ကျန်းမာကြပါစေလို့ ဆုတောင်းပါတယ်”
ပိုးတွေ့လူနာ နေ့စဉ်နဲ့အမျှ တိုးနေတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်ပေးနေရတဲ့ ဆေးရုံကြီးတွေမှာ စက်ပစ္စည်း မလုံလောက်မှုတွေကလည်း ကျန်းမာရေးဝန်ထမ်းတွေကို ဝန်ပိစေတယ်လို့ ကျန်းမာရေးအသိပညာ မျှဝေနေတဲ့ စာရေးဆရာ ဒေါက်တာဖြိုးသီဟက ထောက်ပြပါတယ်။
“နိုင်ငံတကာအဆင့်မီ ကိုဗစ်စင်တာတွေလုပ်တာ သိပ်ကောင်းပါတယ်။ ကြည့်ရတာ အင်မတန်အားရတယ်။ သို့သော်လည်း တကယ့်ကိုပင်မကုသမှုနေရာတွေလို့ ပြောလို့ရတဲ့ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး ဒီလို အစိုးရဆေးရုံကြီးတွေကိုလည်း နည်းနည်းပိုပြီး အဆင်ပြေအောင် လုပ်ပေးကြပါအုံး ။ ဘာလို့လဲဆိုတော့ အခုဆိုရင် အစိုးရဆေးရုံတွေမှာ အောက်ဆီဂျင်တောင် မလုံလောက်ဘူးဆိုတဲ့အသံတွေ ကျွန်တော်တို့ ကြားနေရတာကြောင့် ဒီအောက်ဆီဂျင်လေးတွေ ရအောင်လေးပဲ လုပ်ပေးရင် မဆိုးဘူး။ များသောအားဖြင့် လူနာတွေက အောက်ဆီဂျင်လိုလို့ လာကြတဲ့အခါ အောက်ဆီဂျင်တောင်မရှိဘူး။ အောက်ဆီဂျင်အိုးကို ပတ်ပြီးတော့ ရှာနေရတယ်ဆိုရင် အဆင်မပြေဘူး။ ဒီလို Support လုပ်ပေးတဲ့အပိုင်းတွေကို လုပ်စေချင်ပါတယ်။ နောက်တစ်ချက်ကတော့ အိမ်မှာနေလို့ရတဲ့သူတွေ အိမ်မှာထားတဲ့ ပေါ်လစီလေး ပြောင်းစေချင်ပါပြီ”
PPE လို့ ခေါ်တဲ့ ပိုးကူးစက်မှုကာကွယ်ရေးအတွက် ဝတ်ဆင်ရတဲ့ အလုံပိတ်ဝတ်စုံကို ဝတ်ဆင်ရမှု၊ စိတ်ဖိစီးမှု၊ မိသားစုနဲ့ ဝေးကွာမှု အစရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်ပြီး လုပ်ကိုင်နေကြရတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
“ရှိတဲ့ဝန်ထမ်းတွေ ပင်ပင်ပန်းပန်းနဲ့ လုပ်နေရတယ်။ လူအင်အားနဲ့ လူနာအင်အားနဲ့ ကြည့်မယ်ဆိုရင် လူနာအင်အားက များလာတယ်။ PPE နဲ့လုပ်ရတဲ့အခါမှာလည်း PPE ကို ဝတ်ပြီး ၄ နာရီပဲလုပ်လို့ရတယ်။ PPE ထဲမှာ မနေနိုင်ဘူး။ ဒီရာသီဥတုနဲ့။ ဆေးရုံဆေးခန်းတိုင်းမှာလည်း အဲကွန်းရှိတာ မဟုတ်ဘူး။ အဲလိုအခြေအနေကြောင့် လုပ်ရမယ့် ကိုင်ရမယ့် လူအရေအတွက်က နည်းနေတယ်။ ဆရာဝန် ဆရာမတွေမှာ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုများတယ်။ လုပ်နေရင်းနဲ့ လူနာတွေ အသည်းအသန်ဖြစ်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလည်းများတယ်။ နောက်တစ်ချက်ကတော့ အလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ အတွက် မိသားစုနဲ့မတွေ့ရဘူး။ ရောဂါကူးမှာ ကြောက်တဲ့အတွက် အိမ်မပြန်ချင်ဘူး။ ဒီလိုမျိုးပင်ပန်းတဲ့အခြေအနေမှာတော့ ရှိတယ်။ ကိုဗစ်က ကာလကြာရှည်တာကိုး”
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုး က ကျန်းမာရေးဝန်ထမ်းတွေအားလုံး ပင်ပန်းနေတဲ့ကြားကနေ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်ပေးနိုင်အောင် ကြိုးစားနေကြတယ်လို့ ပြောပါတယ်။
“လက်ရှိအနေအထားကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက အဖွဲ့လိုက် အဖွဲ့လိုက် လာနေပါတယ်။ လက်ရှိအနေအထားကတော့ လုံလောက်မှုရှိတယ်လို့ ပြောရမယ်။ ကူညီတဲ့လူလည်း များတယ်။ ပင်ပန်းတာတော့ တအားပင်ပန်းတယ်။ လုံလောက်တယ်ဆိုတာက တနေ့ကို ၈ နာရီ အဆိုင်းလေးဆင်းပြီး အေးအေးလူလူ လုံလောက်နေတာတော့ မဟုတ်ဘူး။ တကယ့်ကို ပင်ပင်ပန်းပန်းနဲ့ ဆင်းပြီး လုံလောက်အောင် လုပ်ပေးနေတာပါ။ ပြည့်စုံလုံလောက်တဲ့ အနေအထားတော့မရှိဘူး ပြည့်စုံအောင် အားလုံးက စေတနာ မေတ္တာ ဝါသနာ အနစ်နာနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်ပေးနေတာပါ။ လူအင်အားကတော့ နိုင်ငံတကာ အနေအထား မီချင်မှမီမယ်။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်ပေးနိုင်အောင်တော့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးက ကြိုးစားနေပါတယ်”
ပိုးတွေ့လူနာ၊ သံသယလူနာတွေကို ဆေးရုံကြီးတွေ၊ စင်တာတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့အထဲမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်သလို ပြင်ပက ဆရာဝန်တွေလည်း လုပ်အားပေးအနေနဲ့ လုပ်ကိုင်ပေးနေကြတာပါ။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စလို့ အခုဆိုရင် ၇ လအတွင်း ပိုးကူးစက်ခံရသူပေါင်း ၃သောင်းကျော်၊ သေဆုံးသူ ၇၀၀ ဝန်းကျင်ရှိပြီး ပိုးကင်းစင်လို့ ဆေးရုံဆင်းခွင့်ရသူ တစ်သောင်းတစ်ထောင်ကျော် ရှိပါတယ်။
ရောဂါမကူးစက်အောင် အိမ်မှာပဲ နေထိုင်ကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာတဲ့ နည်းလမ်းတွေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းကြပါတယ်။