လိုင်စင်မရှိတဲ့ ပရဟိတအသင်းနဲ့ လူနာတင်ယာဉ်တွေကို စစ်ကောင်စီက ဆက်လက်လုပ်ကိုင်ခွင့်မပြု

Happy Taxi Family လူမှုထောက်ကူပြု ပရဟိတအသင်းရဲ့ လူနာတင်ကားကို တွေ့ရစဉ်
Happy Taxi Family လူမှုထောက်ကူပြု ပရဟိတအသင်းရဲ့ လူနာတင်ကားကို တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီရဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ချက်မှာ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းတွေ ဥပဒေနဲ့အညီ မှတ်ပုံတင်ဖို့၊ မှတ်ပုံတင်လိုခြင်းမရှိပါက ဖျက်သိမ်းဖို့နဲ့ လိုင်စင်မရှိတဲ့ လူနာတင်ယဉ်တွေကို အသုံးပြုခွင့် မပြုကြောင်း ပါရှိပါတယ်။

အဲဒီလိုထုတ်ပြန်လိုက်တဲ့အတွက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ပရဟိတ လူမှုကူညီရေးအသင်း အတော် များများ ရပ်နားရတော့မှာဖြစ်တယ်လို့ ပရဟိတသမားတွေက RFA ကို ပြောပါတယ်။

"ကျမတို့ အသင်းအနေနဲ့ ဆုံးဖြတ်ချက်ချတာကတော့ လောလောဆယ် ယာယီရပ်နားလိုက်တော့မယ်၊ ဘာလို့လဲဆိုတော့ ဥပဒေနဲ့ ငြိစွန်းတဲ့ အနေအထားမျိုးနဲ့လည်း မလုပ်ချင်ပါဘူး။ စာထုတ်ထားပြီးပြီဆိုတော့ ကိုယ်တိုင်လည်း ဒီစာထုတ်ထားတာ လက်ခံထားပြီးပြီဆိုတော့လေ၊ လောလောဆယ် လိုင်စင်ကားမရခင် အထိ ကျမတို့ကားတွေ ခနရပ်ထားပါတယ်ရှင့်"

"မကူညီရဘူးဆိုရင် ကျနော်တို့ ပရဟိတအသင်းက မနစ်နာဘူး။ တကယ်နစ်နာမှာ ပြည်သူနစ်နာမယ်။ ဒီလိုမျိုး အင်တိုက်အားတိုက်နဲ့ လုပ်နေတဲ့ အချိန်၊ အနီးစပ်ဆုံးပြောရရင် ဒီကားပဲ Third Wave မှာတုန်းက ဒီကားပဲ၊ ဘော်ဒီ လေးငါး ယောက်အထိ တင်ခဲ့ရတယ်။ စိတ်မကောင်းစွာပဲ တစ်ယောက်နဲ့တစ်ယောက် ထပ်ပြီးတော့ တင်ခဲ့ရလောက်တဲ့ အဆင့်အထိ ဖြစ်တယ်၊ ထမင်းမေ့၊ ဟင်းမေ့နဲ့ လုပ်ပြီးတော့ ကူညီခဲ့ရ ဖူးတယ်။ အကယ်၍များ အဲလိုများလာခဲ့မယ်ဆိုရင် မလာဖို့လည်း ဆုတောင်းတယ်။ ဒီလိုအခြေအနေမျိုးနဲ့ တော်တော်ကြီးကို အခြေအနေဆိုးသွားနိုင်တယ်"

ပရဟိတကားတစ်စီးရဲ့ လိုင်စင်လုပ်ဖို့ ကုန်ကျငွေဟာ သိန်း ၂၀၀ ကျော် ရှိတဲ့အတွက် အများပြည်သူ အလှူငွေ နဲ့ ရပ်တည်ရတဲ့ ပရဟိတအသင်းတွေအနေနဲ့ လိုင်စင်လုပ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင်ပြတ်လို့ သေဆုံးရတာတွေ ဆေးရုံကုသ တက်ရောက်ဖို့ ခက်ခဲခဲ့တာတွေ ကြုံခဲ့ရလို့ ပရဟိတအသင်းတော်တော်များများဟာ အဲဒီအခက်အခဲတွေကို လာမယ့် ကိုဗစ်လှိုင်းတွေမှ မဖြစ်ရအောင် ကြိုတင်ပြင်ဆင် နေကြပါတယ်။

ရန်ကုန်မြို့တွင်းမှာ လူမှုကူညီရေးအသင်းပေါင်း ၅၀၀ ကျော်ရှိပေမဲ့ ကားလိုင်စင်နဲ့ အသင်းလိုင်စင်ရှိတဲ့ အသင်းက သုံးပုံတစ်ပုံသာ ရှိပါတယ်။ ပရဟိတအသင်းအများစုဟာ မြို့နယ်ထွေအုပ်တွေမှာ တင်ထားတဲ့ ပရဟိအသင်း လိုင်စင် ရှိပေမယ့် ပရဟိတ ကားလိုင်စင်မရှိကြဘူးလို့ ဆိုကြပါတယ်။

"ဒီလိုမျိုး ကန့်သတ်လိုက်တာဆိုတော့ လုပ်ထားသမျှ အချည်းအနှီးဖြစ်တာပေါ့၊ ကျနော်တို့ ပြင်ဆင် ထားတာ အောက်ဆီဂျင်အိုးတွေရော၊ အောက်ဆီဂျင်စက်တွေရော ကွန်ဆန်ထရိတ်တာတွေရော အောက်ဆီဂျင် ပလန့်တွေနဲ့ ချိတ်ထားရတယ်၊ Third Wave မှာတုန်းက အောက်ဆီဂျင် ရှာရတာခက်တယ်၊ အောက်ဆီဂျင်စက်ရုံကို ဒူးထောက်မတတ် သွားပြောလည်း မရလာဘူး။ ကျနော်တို့ တစ်ညလုံး တန်းစီတယ် မရလာဘူး။ အဲဒီတုန်းက တော်တော်လေးဒုက္ခရောက်ခဲ့တယ် ပင်ပန်းခဲ့ရတယ်။ ပိုက်ဆံ ပေးရင်တောင် မရနိုင်ဘူး ကျနော်တို့အခု အောက်ဆီဂျင် ပလန့်တွေနဲ့လည်း ချိတ်ထားတယ် အောက်ဆီဂျင် ပလန့်တွေက တာဝန်ခံတွေအနေနဲ့လည်း ကြိုးစားနေတယ်။ ကျနော်တို့ စတုတ္ထလှိုင်းကို ရင်ဆိုင်ဖို့ အားမွေးထားတာပေါ့ဗျာ၊ ဒီလိုကြီးလုပ်လိုက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ။ စိတ်ဓါတ်ကျတာ အဓိကပေါ့"

"ပရဟိတကား ၁၀၀ ရှိလို့ရှိရင် ၉၉ ရာခိုင်နှုန်း လောက်က လိုင်စင်ရှိတဲ့ ကားမရှိဘူး၊ ဘယ်သူမှ မဝယ်နိုင်ဘူး။ တန်ဖိုးအနေအထားကလည်း အများကြီး ကွာသွားတယ်၊ သိန်း ၃၀၀ ကျော် ၄၀၀ ရင်းမှ ဒီကားတစ်စီးရမှာ။ အဲလိုမျိုးကြတော့ ပရဟိတသမားအနေနဲ့ ဘယ်လိုမှမဝယ်နိုင်ဘူး၊ စတုတ္ထလှိုင်း ဝင်လာပြီဆိုရင် ဘာမှလုပ်လို့မရဘူး။ အကိုတို့ လက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ထုတ်ပြန်ထားတဲ့ အမိန့်အာဏာအရ မထွက်ရဘူးဆို မထွက်ရဘူး။ ထွက်လာရင် အကိုတို့လည်း ပြဿနာတက်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ အကိုတို့မှာ မထွက်ပါဘူးဆိုတာ ခံဝန်ထိုးထားတာမျိုးလည်း ရှိတယ်။ ဒါတွေကို မသွားရဘူးဆိုတာ သိရှိကြောင်း လတ်မှတ်ထိုးထားရတာ ရှိတယ်။ အဲဒါကိုသိရဲ့နဲ့ ထွက်ရင် အကိုတို့ အန္တရာယ်ရှိနိုင်တယ်။ အကိုတို့သူများကို ကူညီချင်တယ်။ အကိုတို့အတွက်ပါ အန္တရာယ် ရှိနိုင်လို့ ဘာမှမလုပ်ပေးနိုင်တော့ ဘူးဖြစ်သွားတယ်"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်း မှာ သေဆုံးသူ ၃၂၁၆ ဦး ရှိခဲ့ပါတယ်။

ပရဟိတအဖွဲ့တွေဟာ ကိုဗစ်တတိယလှိုင်းအတွင်း ရန်ကုန်မြို့မှာ အောက်ဆီဂျင် ရှာဖွေတာ၊ ကိုဗစ်နဲ့ သေဆုံးတဲ့ လူနာတွေကို သုဿန်ပို့ဆောင်တာနဲ့ သီးခြားခွဲထားတဲ့ နေရာတွေကို လူနာပို့ဆောင်တာလို ကူညီရေးအလုပ်တွေကို နေ့မနား ညမအား မနိုင်မနင်း လုပ်ပေးခဲ့ကြရပါတယ်။

"ကျမတို့ဆီဖိုး အခက်အခဲတွေက အလှူရှင် မရှိဘူး။ ပထမလှိုင်းထဲက အခုချိန်ထိလုပ်လာတာ အလှူရှင်မရှိဘူး"

အလှုရှင်မရှိတော့လို့ ရပ်တည်ဖို့ ခက်ခဲနေတဲ့ ပရဟိတအဖွဲ့တွေဟာ အာဏာသိမ်းစစ်ကောင်စီက လိုင်စင်ကန့် သတ်ချက်တွေ ထုတ်လိုက်တာကြောင့် နောက်ထပ် ကိုဗစ်လှိုင်းတွေရှိလာခဲ့ရင် ပြည်သူတွေ အခက်အခဲ ပိုကြုံနိုင်တယ်လို့ ပရဟိတသမားတွေက RFA ကို ပြောပါတယ်။

"ကျမတို့မှာ အခက်အခဲကတော့ နောက်ထပ် လိုင်စင်ကားတစ်စီး ရှာဖို့လည်း ပါလာပြီ။ ငှားသုံး ရတော့မှာလေ။ ငှားရတော့ ငွေရေးကြေးရေးအပိုင်းတွေ ပါလာပြီ။ နောက်တစ်ခုက ကျမတို့ဆီဖိုး အခက်အခဲတွေက အလှူရှင် မရှိဘူး။ ပထမလှိုင်းထဲက အခုချိန်ထိလုပ်လာတာ အလှူရှင်မရှိဘူး။ အခုဆို ကျမတို့မှာ တော်တော်ကြီးကို ကျပ်ကျပ်တည်းတည်းကြားက လုပ်နေရတာ။ အခြေအနေတစ်ခုကို ရောက်နေတာ အကုန်လုံး ဘေးကျပ်နံကျပ်ပေါ့။ နိုင်ငံရေးအရလည်း ဘေးကျပ်နံကျပ်၊ စီးပွားရေးအရ အသင်းရဲ့ ရပ်တည်မှုအရ ခဲရာခဲဆစ် တော်တော်ဖြစ်နေတယ်"

ambulance-1.jpg
(မေတ္တာသီတာရေစင်အသင်းရဲ့ လူနာတင်ကားကို တွေ့ရစဉ်)

"ဘယ်လိုပြောရမလဲ။ ဒီလောက်လုပ်နေတာတောင်မှ ကျနော်တို့ဆို ဒါ First wave Second wave တုန်းကဆို အိမ်မပြန်ရဘူး၊ ၆လကျော် မိသားစုနဲ့ ခွဲခွာနေရတယ်၊ ကိုယ်တွေကူညီနေပေမယ့် မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကိုယ့်ဆီကနေ ကူးမှာစိုးလို့ ကျနော်တို့ဆို အိမ်တောင်မပြန်ဘဲနဲ့ လအရှည် သီးသီး သန့်သန့် နေကြတယ်။ ဒါ Second wave မှာ၊ Third wave မှာကျတော့ အသင်းတွေမှာပဲ နေထိုင်ပြီးတော့ ကူညီတယ်။ ဒီကားတွေနဲ့ ဒီလိုကူညီတာတောင်မှ Third wave လိုမျိုးမှာ လူ့အသက်ပေါင်း မြောက်မြားစွာ ဆုံးရှုံးရတယ်။ အခုလို မလုပ်ရဘူး၊ မထွက်ရဘူး။ ဒီကားတွေ အသုံးမပြုရဘူးဆိုရင်တော့ တော်တော်ကို စဉ်းစားလို့မရတဲ့ အတိုင်းအတာတွေ ဖြစ်သွားနိုင်တယ်လို့ ကျနော်က ထင်တယ်ဗျ"

အခုချိန်မှာတော့ ပရဟိတအဖွဲ့တွေဟာ ဆေးရုံဆင်းတဲ့ နယ်ဝေးလူနာတွေကို နီးစပ်ရာမြို့တွေက ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လူနာလမ်းကြောင်း ပို့ဆောင်ပေးနေရတာတွေ ရှိပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်ပထမလှိုင်း စတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့အထိ ပိုးတွေ့လူနာ ၅၂၂၈၂၅ ဦး၊ ကိုဗစ်ပျောက်ကင်းလူနာ ၄၉၈ ၀၅၀ဦးနဲ့ သေဆုံးလူနာ ၁၉၁၁၁ ဦးတို့ ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လအတွင်းက စတင်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ နေ့စဉ် လူ ၅၀၀ကျော် သေဆုံးကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် မြေပြင်အခြေအနေမှာတော့ သေဆုံးမှု အဲဒီပမာဏထက် ပိုတယ်လို့ အရပ်ဖက်ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။