ကပ်ဘေးကာလ အထိနာနေတဲ့ စားသောက်ဆိုင်လုပ်ငန်း
2020.12.04
လုပ်ငန်းအများစု ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေကြသလို လမ်းတွေပေါ်မှာလည်း လူတွေအတော်များများ ပြန်လည်သွားလာနေကြပေမယ့် အလုပ်သမားဝန်ထမ်းများစွာနဲ့ လည်ပတ်နေရပြီး ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုထားတဲ့ စားသောက်ဆိုင်လို အသေးစား စီးပွားရေးလုပ်ငန်းတွေ အပြီးရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြည်သူတွေ မလိုအပ်ရင် အပြင်မထွက်ဘဲ နေအိမ်တွေမှာနေကြဖို့၊ အပြင်ထွက်ရင်လည်း နှာခေါင်းစည်းတပ်ဖို့၊ စားသောက်ဆိုင်တွေ ပါဆယ်ပဲရောင်းဖို့ ထုတ်ပြန်ကြေညာချက်ကို နှစ်ပတ်တစ်ခါ သက်တမ်းတိုးလာတာ ရှစ်လနီးပါးရှိလာချိန်မှာ ဝန်ထမ်းအများအပြား ခန့်ထားတဲ့လုပ်ငန်းတွေ ရပ်တည်ရခက်ခဲလာပါတယ်။
ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအကြား ဇွန်လနဲ့ ဇူလိုင်လမှာ အနည်းငယ် ပြန်လည်ဖြေလျှော့ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ညွှန်ကြားချက်တွေကြောင့် လုပ်ငန်းတွေ ထိခိုက်နေတာ ဒီနေ့အထိ အဆုံးမသတ်သေးပါဘူး။ အခုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန့်ကြားချက်တွေကို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ထပ်ပြီး သက်တမ်းတိုးထားပါတယ်။
ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မှုကတော့ လျော့သွားတာမရှိဘဲ ပုံမှန်စစ်ဆေးနေကျ လူအရေအတွက်ဝန်းကျင် စစ်ဆေးနေတာကိုတောင် နေ့စဉ် တစ်ထောင်ကျော် ပိုးတွေ့နေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြင်ပမှာတော့ လုပ်ငန်းအတော်များများလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေကြသလို ပြည်သူတွေကလည်း စားဝတ်နေရေးကြောင့် ပုံမှန်အတိုင်း သွားလာနေကြပါတယ်။ ဒီအထဲမှာ ပါဆယ်စနစ်နဲ့ ရောင်းခိုင်းထားတဲ့ အသေးစားလုပ်ငန်းတွေဖြစ်တဲ့ စားသောက်ဆိုင်တွေကတော့ နောက်ကွယ်မှာ ဝန်ထမ်းများစွာ မှီခိုနေတာကြောင့် ဆိုင်ပိတ်ရတော့မယ့် အခြေအနေကို ဆိုက်လာပါပြီ။
"ကျွန်တော်တို့ရဲ့ သဘောသဘာဝအရ ဒီဝန်ထမ်းတွေကိုလည်း စရိတ်ငြိမ်းထားပေးရတယ်၊ အခုရောင်းကောင်းကောင်း ရောင်းမကောင်းကောင်း စရိတ်ငြိမ်းပဲ၊ အဲဒီအပြင် အခုကာလမှာ ကျန်းမာရေးကိုပါ ပိုပြီးတော့ တာဝန်ယူရတဲ့ကိစ္စတွေပိုလာတယ်၊ ဆိုင်ငှားခရှိတယ်၊ မီတာခတွေရှိတယ်၊ ဝန်ထမ်းတွေရဲ့ စရိတ်ငြိမ်းတွေရှိတယ်၊ လစာတွေရှိတယ်၊ အဲလိုရှိပေမယ့် ကျွန်တော်တို့ရဲ့ Income(ဝင်ငွေ)ရောင်းအားကျတော့ ပါဆယ်ရောင်းရတာဖြစ်တဲ့အတွက် First wave(ပထမလှိုင်း)တုန်းက ၂၀ ရာခိုင်နှုန်းလောက် ရောင်းရသေးတယ်၊ ကျွန်တော်မှမဟုတ်ဘူး ဆိုင်တိုင်းဆိုင်တိုင်းပဲ၊ အခု Second Wave(ဒုတိယလှိုင်း)မှာ ၁၀ ရာခိုင်နှုန်းပဲရောင်းရတော့တယ်၊ အဲတော့ ဘယ်လိုမှရပ်တည်ဖို့ကတော့ တော်တော်ကြီးကို ခက်ခဲသွားပြီ။"
ဦးလူမော်ဝင်းဟာ စမ်းချောင်းမြို့နယ်မှာ ဆိုင်ဖွင့်ထားတာဖြစ်ပြီး အကြီးမားဆုံးအခက်အခဲက ဆိုင်ခန်းငှားခဖြစ်တယ်လို့ ပြောပါတယ်။ နယ်ကနေ လာလုပ်ကိုင်နေတဲ့ ဆိုင်ဝန်ထမ်း တစ်ရာကျော်အတွက် ငဲ့ညှာပြီး ပါဆယ်စနစ်နဲ့ ရောင်းချပေးနေပေမယ့် အဆင်မပြေတော့တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေနဲ့အညီ တိတိကျကျလိုက်နာပြီး ဆိုင်တွေပြန်ဖွင့်ခွင့်ရချင်နေပြီလို့ ဦးလူမော်ဝင်း ဆိုပါတယ်။
ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ ဆိုင်ဖွင့်ထားတဲ့ စားသောက်ဆိုင်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ရွှေကောင်းကြွယ် မိသားစုလုပ်ငန်းက ရှယ်ယာရှင် ဦးကြည်ဝင်း ကလည်း ဆိုင်ဖွင့်ထားတာ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
"Income(ဝင်ငွေ) Outcome (ထွက်ငွေ )ပြောရင်တော့ အားလုံးက အနုတ်ကြီးပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က မြေငှားခတွေရှိတယ်၊ နောက်ပြီးတော့ မီတာခတွေရှိပါတယ်၊ အခြားအခွန်အခတွေ စည်ပင်နဲ့ပတ်သက်တဲ့ အခွန်အခတွေလည်း ရှိတဲ့အတွက်ကြောင့် ကျန်တာတွေကတော့ အကုန်အနုတ်ကြီးပဲလို့ပြောချင်ပါတယ်၊ ရှေ့ဖွင့်လာနိုင်တဲ့ တစ်လနှစ်လလောက်ဆိုရင် ဖွင့်မလား ဖွင့်မလားဆိုပြီး မျှော်လင့်ချက်နဲ့ တောင့်ခံပြီးတော့ ရပ်တည်နေတဲ့သဘောပါပဲ၊ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ နောက်ထပ်နှစ်လ သုံးလထက် မပိုဘူးထင်ပါတယ်၊ အဲဒါဆိုရင်တော့ တော်တော်များများ ပြိုလဲမယ့်သဘောရှိနေတယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖွင့်ခွင့်ရမယ်ဆိုရင်တော့ အတိုင်းလက်အလွန်ပဲလို့ ကျွန်တော်သုံးသပ်မိပါတယ်။"
ရောင်းအားကျသွားပေမယ့် မြေငှားခ၊ မီတာခ၊ စည်ပင်သာယာကို ပေးဆောင်ရတဲ့အခွန်အခနဲ့ စားသောက်ဆိုင် လုပ်ငန်းလိုင်စင်ခ အပါအဝင် နှစ်စဉ်ပေးနေကျ အခွန်တွေတော့ လျော့ကျသွားခြင်းမရှိဘူးလို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
"အဆောင်ငှားထားရတဲ့ဆိုင်တွေရှိတယ်၊ အဲဒီအတွက်လည်း ကျွန်တော်တို့က စာချုပ်တွေထပ်ချုပ်ထားရတယ်၊ ဘယ်လိုလုပ်မလဲ ကိုယ့်ဝန်ထမ်းတွေ မျက်စိသူငယ် နားသူငယ်နဲ့ ပစ်ထုတ်လို့မှမရတာ၊ ကျွန်တော်လည်း ငှားခသက်တမ်းတစ်ခုပဲပေါ့။ ဒီငှားခသက်တမ်း ကုန်ပြီဆိုရင်တော့ နောက်သက်တမ်းလုပ်နိုင်မှာ မဟုတ်တော့ဘူး၊ ထပ်တိုးလိုက်တာကလည်း ကျွန်တော်တို့ မျှော်လင့်ချက်တွေ ဝေးသွားတာပေါ့ဗျာ၊ တကယ်တော့ ကျွန်တော်တို့ ပြန်ဖွင့်ချင်ပြီ၊ ကျွန်တော်တို့ စားသုံးသူတွေကိုလည်း အကောင်းဆုံးပြုစုစောင့်ရှောက်ပြီး ဖွင့်မှာပါပဲ၊ ပြီးခဲ့တဲ့ ပထမသက်တမ်းတုန်းကလည်း အကောင်းဆုံးစောင့်ရှောက်ပြီးဖွင့်ခဲ့တယ်၊ ဝန်ထမ်းတွေကိုလည်း အကောင်းဆုံးစောင့်ရှောက်ပြီးဖွင့်ခဲ့တယ်၊ အဲလိုပဲ ကျွန်တော်ပြန်ဖွင့်ချင်တယ်။"
ဆိုင်ထိုင်စားခွင့် ပိတ်ထားတဲ့ကာလ ကြာလာတာကြောင့် ဆိုင်ပိုင်ရှင်တွေရဲ့ ရောင်းအားများစွာ လျော့ကျသွားပြီး အဲဒီနောက်ကွယ်မှာ အလုပ်သမားဝန်ထမ်းများစွာနဲ့ သူတို့ရဲ မိသားစု စားဝတ်နေရေး အခက်အခဲတွေက ရှိနေတာပါ။
"တကယ်လို့ ဆိုင်ကပိတ်သွားမယ်ဆိုရင် သမီးတို့ နောက်ထပ်အလုပ်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့၊ တကယ်လို့ရွာပြန်သွားမယ်ဆိုလည်း အခုရွာပြန်ဖို့က ခက်ခဲနေတယ်၊ သမီးတို့ရွာက သူငယ်ချင်းတွေဆိုရင်လည်း စက်ရုံတွေမှာလုပ်ကြတာ စက်ရုံတွေက အခုပိတ်ထားတော့ ရွာမှာအခက်အခဲတွေဖြစ်နေတယ်၊ တကယ်လို့ သမီးတို့ဆိုင်သာ ပြန်ဖွင့်မယ်ဆိုရင် ပိုပြီးအဆင်ပြေတာပေါ့၊ ရောင်းအားအပေါ်မူတည်ပြီးတော့ လစာတော့ပေးတာပေါ့၊ တကယ်လို့ ဆိုင်ပြန်ဖွင့်ရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့ရှင်။"
လုပ်ငန်းတချို့ဆိုရင် ကိုဗစ်စဖြစ်ကတည်းက ပြန်ဖွင့်ဖို့ မျှော်လင့်ချက် မရှိတော့လို့ အပြီးဖျက်သိမ်းလိုက်ရတဲ့ အဆင့်ထိဖြစ်ခဲ့ရတယ်လို့ ရွှေကောင်းကြွယ်မိသားစု လုပ်ငန်းရှယ်ယာရှင် ဦးကြည်ဝင်းက ဆိုပါတယ်။
"စပိတ်ကတည်းက ကျွန်တော်တို့ကပြန်ပီးတော့ ဖွင့်ခွင့်မရှိတာရယ် ရှေ့လျှောက်လည်း Second Wave ပြီး Third Wave လာရင်လည်း ဒီထက်ပိုဆိုးမယ့် အနေအထားတွေဖြစ်တဲ့အတွက်ကြောင့် နောက်ပြီး ကျွန်တော်တို့မှာထပ်ပြီးတော့ နိုင်ငံတော်ကချေးငွေတွေလည်း မရတဲ့အတွက်ကြောင့် ကျွန်တော်တို့လုပ်ငန်း ပိတ်သိမ်းဖို့ဖြစ်လာတာ အကြောင်းဖန်တီးလာတာပေါ့နော်၊ ဒါကျွန်တော်တို့တင်မဟုတ်ပါဘူး အခြားခရီးသွားလုပ်ငန်းပေါ့နော် အဓိကအားဖြင့် အဲလိုလုပ်ငန်းရှင်တွေ ဒုက္ခရောက်တယ်၊ ကျွန်တော်တို့လို ဖျော်ဖြေရေးလုပ်ငန်းတွေ ဒုက္ခရောက်ပါတယ်၊ ရှေ့မှာလည်း အလားအလာ မကောင်းတာရယ် ဝန်ထုတ်ဝန်ပိုးကြီးကလည်း ဖြစ်နေတာရယ်ကြောင့် ကျွန်တော်တို့က မဖြစ်မနေ ပိတ်သိမ်းလိုက်ရတဲ့အခြေအနေ ရောက်သွားတာပါ။"
ရန်ကုန်မြို့တွင်းမှာ လက်ဖက်ရည်ဆိုင်ပေါင်း သုံးထောင်ကျော်ရှိပြီး လုံးဝပိတ်သွားရတဲ့ ဆိုင်တွေရှိသလို ဆိုင်အချို့တော့ နယ်ကနေလာပြီး နေထိုင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကြောင့် ပါဆယ်စနစ်ကိုပဲ ရသလောက်မှေးပြီး ရောင်းချနေကြရပါတယ်။
ပုံမှန်ရောင်းအားထက် ဆယ်ဆနီးပါးလောက် ကျဆင်းသွားတဲ့အတွက် ဆိုင်ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကို တာဝန်ယူထားရတဲ့ ဆိုင်ပိုင်ရှင်တွေအနေနဲ့ လစာပေးနိုင်ဖို့ ရောင်းအားရတဲ့အပေါ်ကိုပဲ မျှပြီးပေးနေရတယ်လို့ ဆိုကြပါတယ်။ ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် ကန့်သတ်မှုတွေရှိပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေဟာ ပုံမှန်အတိုင်း သွားလာနေကြချိန်မှာ နေ့စဉ် ကူးစက်ခံရမှု တစ်ထောင်ကျော် ထွက်ပေါ်နေပြီး ဒီနှုန်းအတိုင်း သွားနေရင် ဒီဇင်ဘာလလယ်ပိုင်း မရောက်ခင်ပဲ အတည်ပြုလူနာ တစ်သိန်း ကျော်သွားနိုင်ပါတယ်။
တဖက်မှာလည်း နေအိမ်တွေမှာအနေကြာလာကြတဲ့ ပြည်သူတွေဟာ ပန်းခြံတွေလို အပန်းဖြေတဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်လို နေရာတွေကိုပါ တိုးကြိတ်သွားကြတာကြောင့် စိုးရိမ်မှုတွေလည်းရှိသလို ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ပြီး စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ဖို့အတွက် အစိုးရရဲ့ ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ်ရေးမူဝါဒတွေကို ပြောင်းလဲဖို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။