ကပ်ဘေးကာလ သဘင်သည်တွေရဲ့ ဘဝ

ဉာဏ်စိုးဝင်း
2020.12.04

ကပ်ဘေးကာလမှာ လူစုလူဝေးတွေ မလုပ်ဖို့ ကန့်သတ်ထားချိန်မှာ လူစုလူဝေးနဲ့ ကပြဖျော်ဖြေတဲ့ မြန်မာပြည်တောင်ပိုင်းက ဇာတ်ပွဲတွေ နားထားရတဲ့အတွက် ဇာတ်သဘင်လုပ်သားတွေဟာ စားဝတ်နေရေး ခက်ခဲလာပါတယ်။ အခက်ခဲဆုံးအချိန်မှာ သဘင်သည်တွေ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေ ရှိသလို ဝင်ငွေရလမ်းတခုခုကို ဖမ်းဆုပ်ဖို့ အခြေအနေမပေးတဲ့ သူတွေလည်း ရှိပါတယ်။

ရုပ်မြင်သံကြားနဲ့ စမတ်ဖုန်းတို့ကနေ ဖျော်ဖြေရေးအစီအစဉ်တွေ အများအပြား ကြည့်ရှုနိုင်ကြတဲ့အတွက် ရပ်တည်ရ ခက်ခဲလာတဲ့ သဘင်သည်တွေဟာ အခုဆိုရင် ပိုမို ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ ကပ်ဘေးကာလမှာ ဇာတ်သဘင် လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းထားရတဲ့အတွက် ဝင်ငွေ မရှိကြတော့တဲ့ အခက်အခဲပါပဲ။ ဇာတ်သဘင်ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူ အများစုက တခြား အလုပ်တွေနဲ့ အကျွမ်းတဝင် မရှိကြပါဘူး။

ဒါကြောင့် ဇာတ်ပွဲတွေ နားလိုက်ရပြီး လပေါင်းများစွာ ကြာလာချိန်မှာတော့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာကြတာပါ။ ပွဲတွေနားထားရတဲ့ကာလက ၈ လ ကြာလာပါပြီ။ ခက်ခဲနေသူတွေ ကြားထဲမှာ အိမ်ငှားခအတွက် စိတ်ပူရသူတွေရဲ့ အခက်အခဲက ပိုမိုကြီးမားပြီး တချို့ကတော့ ပင်လယ်ဘက်ထွက်ပြီး ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေကြတယ်လို့ မွန်ပြည်နယ် သဘင်ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ မင်းနိုင်စိုးက ပြောပါတယ်။

“သဘင်သည် အများစုက အိမ်ပိုင်ယာပိုင် မရှိကြဘူးလေ။ အိမ်ပိုင်ယာပိုင် မရှိဘူး ဆိုတော့ ကျွန်တော်တို့က အိမ်ငှားဘဝနဲ့ နေကြတယ်။ အိမ်လခတွေလည်း တချို့ကျတော့ မပေးနိုင်ကြဘူး။ အိမ်ရှင်တွေကလည်း တချို့က နားလည်မှုပေးသလို၊ တချို့ကျတော့လည်း နားလည်မှု မပေးကြဘူး၊ အိမ်လခ မပေးနိုင်တဲ့အခါကျတော့ တချို့ အလုပ်ကြမ်းသမားတွေဆို မောင်းချ ခံထိတယ်လေ။ တခြားနေရာမှာ ပြောင်းပြီး နေကြရတယ်လေ၊ အဲ့လိုပဲ တောင်းပန်ပြီးတော့ နေရတာရှိတယ်။ တချို့ကျတော့လည်း ပင်လယ်ထွက်ကြတာပေါ့။ အလုပ်ကြမ်းသမားတွေကျတော့လေ။ ကျိုက်ခမီဘက် ပင်လယ်ထွက်သွားတယ်လို့လည်း သတင်းကြားတယ်”

အသွားအလာကန့်သတ်၊ အိမ်မှာပဲ နေထိုင်ကြရတဲ့ မော်လမြိုင်လို ဒေသမှာ ဆိုရင် အလုပ်အကိုင် ရှာဖို့ မလွယ်ဘူးလို့ မင်းနိုင်စိုးက ပြောပါတယ်။ ပွဲတွေ ရှိစဉ်တုန်းကတော့ ဇာတ်ထဲက အလုပ်ကြမ်းသမား တစ်ယောက်ဟာ တစ်ညကို လုပ်အားခ ရှစ်ထောင်ကနေ တစ်သောင်း ကြားရပါတယ်။ မင်းသမီးတွေထဲမှာတော့ အခြေခံယိမ်းသမားဆိုရင် တနေ့ လုပ်အားခ ရှစ်ထောင် ခန့်၊ အလယ်တန်း ယိမ်းသမားဆို တစ်သောင်းခွဲဝန်းကျင်နဲ့ အကြီးတန်း ယိမ်းသမားဆို သုံးသောင်းကနေ ငါးသောင်းအထိ ရကြပြီး လူရွှင်တော်ဆိုရင် တစ်ည နှစ်သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိ ရကြပါတယ်။

အလုပ်အကိုင်တွေ ရပ်ဆိုင်း၊ ဝင်ငွေရလမ်းပိတ်ကုန်ကြတဲ့ ဒီကာလရှည်ကြီးထဲမှာ ရရစားစား ဇာတ်သဘင်သမားတွေဟာ အထိခိုက်ဆုံးလူတန်းစားထဲ ပါဝင်နေတာပါ။ လက်ရှိမှာ ဇာတ်သဘင် တည်ထောင်သူတွေ အပါဝင် လူရွှင်တော်၊ မင်းသမီး၊ မင်းသားနဲ့ ဇာတ်သဘင် လုပ်သားတွေဟာ ကျရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။

ထားဝယ်မြို့၊ အောင်စည်မင်းဇာတ်သဘင်က လူရွှင်တော် ရှင်းရှင်းကတော့ ထားဝယ်ကမ်းနားလမ်းမှာ ခရုကင် ထွက်ရောင်းနေပါတယ်။ ကိုဗစ်ကြောင့် ဇာတ်သဘင်အလုပ်အပြင် ပြင်ပစီးပွားရေးကိုပါ တွဲဖက်လုပ်ကိုင်ဖို့ ဆင်ခြင်လာမိတယ်လို့ သူက ရင်ဖွင့်ပါတယ်။

“ထားဝယ် လေးမြို့နယ် လူရွှင်တော်ရှင်းရှင်း ဆိုရင် ခွေးကအစ သိတယ်။ ကျွန်တော်တို့ သူများကို ရယ်အောင် လုပ်နိုင်တယ်။ အခု ကျွန်တော်တို့ကို ရယ်အောင် လုပ်ပေးနိုင်တဲ့သူ မရှိဘူး။ ကျွန်တော်တို့ဘဝဟာ၊ လူရွှင်တော်ဘဝဟာ၊ အတက်နိုင်ဆုံးတော့ မျှော်လင့်ချက် မထားတော့ဘူး၊ ဇာတ်ကရမှ ထမင်းစားရမယ် ဆိုတဲ့အသိက ခေါင်းထဲကကို ထုတ်ပလိုက်ပြီး ကိုဗစ်ကိုလည်း ကျေးဇူး တင်တယ်။ နောက်မဟုတ်ရင် ယူလိုက် ပြန်ကလိုက်နဲ့ သံသရာလည်တယ်။ ကိုဗစ်ဖြစ်တာ ဒုက္ခ ရောက်တာ၊ ရောက်တာ တကဏ္ဍ ဒါပေမယ့် အချိန်မီသေးတယ်။ အသိပေးလိုက်တယ်။ ဒီလို မကရရင် မင်းတို့ဘာလုပ်မလဲ ဆိုတာကို အသိပေးလိုက်တာ။ ကျေးဇူးတင်တယ် ကိုဗစ်ကို။ အခုက ကိုယ်ငယ်တုန်း ဇာတ် မကရရင် အပြင်စီးပွားရေး ကြိုလုပ်ထားသင့်ပြီ ဆိုတာ အချက်ပေး ခေါင်းလောင်းသံပဲ။ ကျေနပ်တယ်”

ပွင့်လင်းရာသီရောက်လာပြီ ဖြစ်ပေမယ့် ကပ်ရောဂါက မပျောက်သေးလို့ ဇာတ်ပွဲတွေ ပြန်ကျင်းပနိုင်ဖို့ ဆိုတာက ဝေးနေပါသေးတယ်။

ဒီအခြေအနေကြောင့် သဘင်သည်တွေဟာ စားဝတ်ရေးအတွက် ဈေးရောင်းတာကအစ လမ်းဖောက် လုပ်ငန်း အလုပ်ကြမ်း အဆုံး မျိုးစုံ လုပ်ကိုင်ရတာပဲလို့ တနင်္သာရီတိုင်း သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်သိန်း က ပြောပါတယ်။

“သဘင်လုပ်သားတွေက ရရာအလုပ်ကို လုပ်ကြရတယ်။ ကျွန်တော်ဆိုရင် ဒါရှက်စရာမဟုတ်ပါဘူး၊ ကျွန်တော်လည်း တခါတလေကျလို့ရှိရင် အားနေရင် Taxi ထွက်ဆွဲတယ်။ ဒါ ကိုယ်သုံးဖို့ စွဲဖို့ ရဖို့အတွက်။ တချို့ဆိုလည်း ကျွန်တော်တို့ မြို့နယ်ဥက္ကဋ္ဌ ဆိုလည်း လက်လှမ်းမီသလောက် သစ်သီးဝလံ ရောင်းတာတို့၊ ထီရောင်းတာတို့၊ ကျန်တဲ့ လူရွှင်တော်တွေ၊ မင်းသမီးတွေလည်း ရှက်(ခရု) ကင် ရောင်းတာတို့၊ ပန်းသီးရောင်းတာတို့ တချို့မိန်းကလေးတွေဆိုလို့ရှိရင် လမ်းလုပ်တယ်။ အဲ့ဒီထဲထဲမှာပါ ဝင်ပြီး အလုပ်လုပ်ကြရတယ်။ ဒါလက်ရှိ မိမိဘဝရပ်တည်ရေးကို မဖြစ်မနေလုပ်ကြရတဲ့ အလုပ်ပေါ့ဗျာ”

မွန်ပြည်နယ်က ဇာတ်သဘင်လုပ်သားတွေလည်း ဆိုင်ကယ်မောင်းသူကမောင်း ကွမ်းယာရောင်းသူက ရောင်း၊ ငါးဖမ်းစက်လှေနဲ့ လိုက်သူကလိုက်နဲ့ ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေကြပါတယ်။ တနင်္သာရီတိုင်းမှာ ဇာတ်သဘင် ၁၂ ဖွဲ့ခန့်ရှိပြီး မွန်ပြည်နယ်မှာတော့ ဇာတ်သဘင် ၄၄ ဖွဲ့လောက် ရှိတာပါ။

ဇာတ်သဘင်တစ်ဖွဲ့မှာ အနည်းဆုံးသဘင်လုပ်သား ၄၀ ဦးစီရှိတာမို့ မွန်နဲ့ တနင်္သာရီမှာ ဇာတ်သဘင်လောကသား အင်အား ၂၂၀၀ ကျော် ပါတယ်။ ဒီထဲမှာ ဝင်ငွေမရှိလို့ အခက်အခဲနဲ့ ရင်ဆိုင်နေရသူ အရေအတွက် ဘယ်လောက်ရှိမလဲ မသိရသေးပါဘူး။ သဘင်သည်တွေဟာလည်း အများနည်းတူပဲ ပုံမှန်အခြေအနေကို ပြန်ရောက်လိုသူတွေပါပဲ။ ဒါပေမယ့် ကပ်ဘေးကာလ မကုန်ဆုံးသေးတဲ့အတွက်ကြောင့် သူတို့ဟာ ဇာတ်စင်၊ ပွဲကြည့်ပရိသတ်တို့နဲ့ ဝေးကွာနေရဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။