ယခင်နဲ့ ယခု ရွေးကောက်ပွဲကော်မရှင်

အောင်သိင်္ခ
2020.10.23

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ပတ်သက်နေပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားဖို့ စတင်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်ကစပြီး ကျင်းပလာတာ လာမယ့် နိုဝင်ဘာ ၈ ရက် နေ့ဆိုရင် ၃ ကြိမ်ဖြစ်တော့မှာပါ။

ဒီမိုကရေစီခရီးလမ်းကို ခြေလှမ်းစလှမ်းခဲ့တယ်လို့ ပြောလို့ရတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဥပဒေအောက်ကနေကျင်းပခဲ့တာ ၂၀၁၀ ပြည့်နှစ်မှာပါ။ အဲဒီရွေးကောက်ပွဲ အပြီးမှာတော့ အသွင်ပြောင်းအစိုးရဖွဲ့မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ USDP က အနိုင်ရရှိခဲ့ပါတယ်။

တပ်မတော်အစိုးရက ကြိုတင်စီစဉ်ထားတဲ့အတိုင်း ထိပ်တန်းဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင်ကို ဦးစီးခဲ့ရပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ ကြီးစိုးတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးတင်အေးရဲ့ လုပ်ပုံကိုင်ပုံတွေဟာ သံသယဝင်ခံရပြီး ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။  ဒါပေမဲ့လည်း ဦးတင်အေးဦးဆောင်တဲ့ ၂၀၁၅ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု အားကောင်းခဲ့တယ်လို့ USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ် အရေအတွက် ခြောက်ထောင်ကျော် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ ၁၀၀ ကျော်လောက်ကလည်း စောင့်ကြည့်လေ့လာခွင့် ရရှိခဲ့တယ်လို့ မှတ်တမ်းတွေ အရသိရပါတယ်။

ဦးတင်အေးက သတင်း မီဒီယာတွေနဲ့ တွေ့ဆုံမှုလည်း အားကောင်းခဲ့ပါတယ်။ နောက်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တဲ့  ဦးလှသိန်းနဲ့ သူဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး အားနည်းတယ်လို့ ဝေဖန်ခံနေရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့အချုပ် NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ကော်မရှင်အနေနဲ့ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးဖို့ အခက်အခဲရှိတာမှန်ပေမယ့် တွေ့ဖို့လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

ဒီရွေးကောက်ပွဲဟာ ကမ္ဘာ့ကပ်ဘေးကာလမှာ ကျင်းပရမှာဖြစ်လို့ ကန့်သတ်မှုတွေကြားက အမတ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေရှိသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေကို ချိုးဖောက်မဲဆွယ်တာတွေ၊ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးမှုတွေလို စည်းရုံးရေးကာလ ပြဿနာတွေရှိပေမယ့်လည်း ဒီအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြပ်မတ်မှု အားနည်းတယ်လို့လည်း သုံးသပ်ကြပါတယ်။ သတင်းမီဒီယာတွေကို သတင်းပြန်လည် ဖြန့်ဝေပေးတာမှာလည်း အားရမှု မရှိကြပါဘူး။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်တစ်ဦးလည်း ဖြစ်၊ မော်ကွန်း သတင်းဌာနရဲ့ အယ်ဒီတာတဦလည်းဖြစ်တဲ့ ဦးဇေယျာလှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေသွားတဲ့ ရွေးကောက်ပွဲကော်မရှင်တွေထဲမှာ ဦးတင်အေး ဦးဆောင်တဲ့ ၂၀၁၅ ခုနှစ် ကော်မရှင်က သတင်းထုတ်ပြန်ရေးအပိုင်းမှာ အဆင်အပြေဆုံး ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

သတင်းမီဒီယာကောင်စီကလည်း  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် ကော်မရှင်က အရေးတယူ ဖြေကြားတာမရှိလို့ အားမရဖြစ်နေတယ်လို့ ဦးဇေယျာလှိုင်က ဆိုပါတယ်။   
ကပ်ဘေးကာလ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားနိုင်အောင် အိမ်မှာပဲ နေထိုင်ကြရတဲ့ အခြေအနေကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ထိခိုက်လာပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေက   ရွေးကောက်ပွဲကို  နောက်ဆုတ်ပေးဖို့  စာပေးပို့ အကြံပြုထားပေမယ့်လည်း ကော်မရှင်ဘက်က ပြန်လည် အကြောင်းကြားတာ မရှိသေးပါဘူး။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက ကော်မရှင်ကို မေးမြန်းဖို့ ကြိုးစားရာမှာ  စာပေးပို့မေးမြန်းနိုင်ပါတယ်။ သတင်းသမားတွေအတွက် တုန့်ပြန်ချက် ပြန်ရနိုင်ဖို့တော့ မျှော်လင့်ချက် သိပ်မရှိပါဘူး။

ကိုဗစ်ကာလမှာ သတင်းမီဒီယာတွေကိုလည်း အိမ်မှာနေထိုင်ဖို့ ညွှန်ကြားထားတဲ့အတွက် ကော်မရှင်ကို ဖုန်းနဲ့ဖြစ်စေ၊ အီးမေးလ်ကဖြစ်စေ မေးခွန်းတွေ ပေးပို့မေးမြန်းပေမယ့်လည်း အဖြေပြန်ရလေ့မရှိဘဲ ကော်မရှင်က အလျင်းသင့်ရင် သင့်သလို လုပ်ပေးလေ့ ရှိတဲ့ သတင်းစာရှင်းလင်းပွဲတွေမှာပဲ မေးမြန်းရလေ့ရှိပါတယ်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင် လို့ ခေါ်တဲ့ လွှတ်တော်ရေးရာတွေကို လေ့လာစောင့်ကြည့်တဲ့ အဖွဲ့က ဦးအေးကျော်ကတော့ ကပ်ဘေးကာလ နေထိုင်သွားလာရေး အခက်အခဲအပြင် လက်ရှိကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေး အားနည်းမှုတွေကြောင့်လည်း လာမယ့် နိုဝင်ဘာ ၈  ရွေးကောက်ပွဲမှာ မဲပေးမယ့်လူဦးရေ ရာခိုင်နှုန်းကျဆင်း နိုင်တယ်လို့ ထောက်ပြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းလောက် မဲပေးခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ  ၆၉ ရာခိုင်နှုန်း မဲပေးခဲ့ပြီး ဒီနှစ်မှာတော့ ရာခိုင်နှုန်း ပိုနည်းမယ်လို့ ဦးအေးကျော်က ခန့်မှန်းထားပါတယ်။

ဒီလို ဝေဖန်ခံနေရချိန်မှာပဲ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်နေတဲ့ ဒေသတချို့လည်း ပါဝင်လာပါတယ်။ အဲဒီလို ပယ်ဖျက်လိုက်တဲ့ ဒေသတွေဟာ NLD ပါတီကို ထောက်ခံမှု နည်းပါးတဲ့ ဒေသတွေ ဖြစ်နေတဲ့အတွက် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာရပါတီဘက်လိုက်ရာကျတယ်လို့ စွပ်စွဲခံနေရပါတယ်။ ကော်မရှင်ကတော့ အဲဒီနေရာတွေကို ပြန်လည် သုံးသပ်ပြီး လုံခြုံမှုရှိတယ်လို့ ယူဆရင် နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ ပါဝင်အောင် စီစဉ်ပေးမယ်လို့ ပြောထားပါတယ်။

----------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။