မွန်မှာ NLD နဲ့ MUP ပြိုင်ဆိုင်မှု ပြင်းထန်

ဉာဏ်စိုးဝင်း
2020.10.16

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ မွန်ပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီတို့က လူထုထောက်ခံမှုများပြီး ကိုယ်စားလှယ်လောင်းတွေကြား အပြိုင်အဆိုင် မဲဆွယ် စည်းရုံးမှုတွေရှိသလို ထောက်ခံသူတွေကြားလည်း ပြိုင်ဆိုင်မှုတွေက ပြင်းထန်နေပါတယ်။

လွှတ်တော်ထဲမှာ လမ်း၊ တံတားတည်ဆောက်ရေးနဲ့ ပတ်သက်ပြီးသာ မေးခွန်းမေးနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်မျိုးကို မရွေးချယ်သင့်တော့ဘူးလို့ မွန်ညီညွတ်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ချောင်ဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်နိုင်ဦး က ပြောပါတယ်။

ဒီထက်အရည်အချင်းရှိတဲ့ အမတ်လောင်းတွေကိုသာ ရွေးချယ်မဲပေးသင့်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ ဒီ (လွှတ်တော်) အဖွဲ့စည်းထဲမှာ တကယ်ကို အမျှော်အမြင်ဉာဏ်၊ အရည် အချင်း၊ စိတ်ဓာတ်၊ စေတနာအပြည့် များများရှိနေရင် အစိုးရကောင်း မပေါ်ဘူးလား။ ကောင်းမွန်တဲ့ အုပ်ချုပ်မှု မျိုးကို ကျွန်တော်တို့ မခံစားရဘူးလား၊ ခံစားရမယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က လက်ညိုးထောင်၊ ခေါင်း ညိတ်အဆင့်ကို ရွေးချယ်လိုက်ရင် ကျွန်တော်တို့က ဘာဖြစ်မလဲ၊ ဆိုးဆိုးဝါးဝါးဟာပဲ ရမှာပေါ့၊ ဒါကြောင့်မို့ ကျွန်တော်တို့က ပြောချင်တာက ပါတီကြည့်မလား၊ လူကြည်မလား တချို့ကပြောတယ်၊ လူပဲကြည့် ကျွန်တော် ပြောတာ၊ အဓိကသည် အလုပ်လုပ်တဲ့အခါကျတော့ ပါတီက အလုပ်သွားလုပ်မှာ မဟုတ်ဘူး၊ လူက အလုပ်သွား လုပ်မှာ”

NLD ကိုယ်စားလှယ်လောင်းတွေဘက်ကလည်း အာဏာရှင်ကို တွန်းလှန်နိုင်ခဲ့တဲ့ နိုင်ငံရေးပါတီဟာ NLD တစ်ခုတည်းသာရှိခဲ့ပြီး လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အစိုးရဖွဲ့နိုင်တဲ့ NLD ပါတီသာ ပြတ်ပြတ်သားသား အနိုင်ရဖို့လိုတယ်လို့ ပြောဆိုမဲဆွယ် စည်းရုံးတာတွေရှိပါတယ်။

"ကျွန်တော်တို့ တော်လှန်ရေးကြီးဟာ မပြီးသေးဘူး၊ အာဏာရှင်ကို တွန်းလှန်ဖို့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆိုလို့ရှိရင် NLD အစိုးရမဖွဲ့နိုင်ဘဲနဲ့ ရှေ့ဆက်ဦးဆောင်ပြီးတော့ ကျွန်တော်တို့ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြောနေတဲ့ပါတီ အခုအချိန်ထိ တစ်ခုမှ မရှိသေးပါဘူး၊ ဒါကြောင့်မို့ NLD က အခြေခံဥပဒေကို ဆက်ပြီးတော့ ပြောင်းမယ်၊ လိုအပ်နေတဲ့နေရာကို ပြင်မယ်၊ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာဆိုလို့ရှိရင် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားနိုင်ဖို့ ကျွန်တော်တို့ မဲဆန္ဒရှင်အားလုံးကို ကျွန်တော်တို့ တောင်းဆိုချင်တာက မဲပေးကြပါ"


ဒါကတော့ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် အမတ်လောင်း ဦးကျော်မိုးအေးက ရေးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးတစ်ခုမှာ ပြောခဲ့တာပါ။

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ သူထက်ငါ အနိုင်ရရေးအတွက် အပြိုင်အဆိုင် မဲဆွယ်ကြပေမယ့် ရွေးကောက်ပွဲ အောင်နိုင်လို့ လွှတ်တော်ထဲ ရောက်သွားချိန်မှာ ကိုယ်စားလှယ်တချို့က ဒေသအကျိုးဆောင်ရွက်မှု နည်းပါးတယ်ဆိုတဲ့ အမြင်တွေလည်း မွန်လူထုကြားမှာ ရှိနေပါတယ်။

ရေးမြို့နယ်၊ မြောက်ပိုင်းဒေသဟာ ဖွံ့ဖြိုးမှုနောက်ကျခဲ့တာမို့ ဒေသကို အကျိုးပြုနိုင်မယ့် အမတ်တွေကိုသာ လိုချင်တယ်လို့ ရေးမြို့နယ်၊ ကော့ချကျေးရွာက ချယ်ရီလင်းက RFA ကို ပြောပါတယ်။

“ကျွန်မတို့ရဲ့ မဲတစ်ပြားဟာ ကျွန်မတို့ရဲ့ ကျေးရွာအတွက်ရော ဒါမှမဟုတ်ရင် ကျွန်မတို့ မြို့နယ်အတွက်ရော ဒါမှမဟုတ် ကျွန်မတို့ရဲ့ နိုင်ငံအတွက်ပါ အရေးကြီးတဲ့အတွက်ကြောင့် ကျွန်မတို့ရဲ့ မဲတစ်ပြားကို ကျွန်မတို့ အတွက် လုပ်ပေးနိုင်တဲ့သူကိုပဲ မဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်”

မွန်ပြည်နယ်အတွင်း နေထိုင်သူတွေဟာ အလုပ်အကိုင်နည်းပါးလို့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် နေကြတာတွေ များပါတယ်။

ဒါ့ကြောင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ မွန်လူထုက လိုလားနေပါတယ်။

ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် ကိုယ်စားလှယ်တွေရလာဖို့ ရေးမြို့နယ်၊ လမိုင်းမြို့က ဒေသခံ ဦးဇော်နိုင်ထွန်း ကမျှော်လင့်နေပါတယ်။

“မွန်ပြည်နယ်ဖြစ်တဲ့အခါကျတော့ မွန်လူမျိုး တော်တော်များများကလည်း သူတို့က မွန်ကိုယ်စားလှယ်လောင်း တွေကိုပဲ ရွေးချယ်ရမယ်၊ ကရင်ကလည်း ကရင်ကိုယ်စားလှယ်လောင်းကိုပဲ ရွေးချယ်ရမယ်၊ ဗမာတွေကလည်း NLD၊ ကြံ့ခိုင်ရေး ဒါတွေကိုပဲ ရွေးချယ်ရမယ်ဆိုပြီးတော့ သူတို့ပြောဆိုသံတွေ ကြားရတယ်၊အဓိက ကျွန်တော် တို့က မွန်ရယ်၊ ကရင်ရယ်၊ ဗမာရယ်ဆိုပြီးတော့ မကြည့်ဘဲနဲ့ တကယ် အလုပ်လုပ်တဲ့လူ၊ တကယ် တိုင်းပြည်ကို သစ္စာရှိတဲ့လူ၊ ဒေသအကျိုးအတွက် ဆောင်ရွက်တဲ့လူကိုတော့ အဲဒီလိုလူမျိုးကိုတော့ ကရင်ပဲဖြစ်ဖြစ်၊ မွန်ပဲ ဖြစ်ဖြစ်၊ ဗမာပဲဖြစ်ဖြစ် အဲလိုလူမျိုးတွေကို ကျွန်တော်တို့က အဓိက စဉ်းစားပြီးတော့ ရွေးချယ်သင့်တယ်လို့ ထင်တယ်”

ကိုယ်စားလှယ်ရွေးချယ်ရာမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘူးလို့ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာက ကိုသက်ပိုင်ဦးက ဆိုပါတယ်။

“အမတ်လောင်း ဝင်မပြိုင်ခင်ကတည်းက သူ့နောက်ကြောင်း ဘယ်လိုရှိလဲ၊ ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်တို့ သေခြားစဉ်းစားပြီးမှ ဒီခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား၊ ဒီပါတီအစွဲလည်း မကောင်းဘူးပေါ့နော်၊ ပါတီတစ်ခုမှာ လုပ်နိုင်တဲ့ ခေါင်းဆောင်မျိုးကို ကျွန်တော်တို့ လိုချင်တယ်။ ဥပမာ ပုဂ္ဂိုလ်ရေးနဲ့ မကြည့်ဘူးပေါ့၊ အဲလိုမျိုးတော့ ကျွန်တော် မဖြစ်စေချင်ဘူးပေါ့”

မွန်ပြည်နယ်ထဲမှာ နိုင်ငံရေးပါတီပေါင်း ၁၇ ခုက ဝင်ပြိုင်ကြမှာဖြစ်ပေမယ့် NLD နဲ့ MUP က လူထုထောက်ခံမှု အားအကောင်းဆုံးပါတီတွေ ဖြစ်နေပါတယ်။

လက်ရှိ အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ လမ်းတွေကောင်းလာတာ၊ ပညာရေးတွေ ကောင်းလာတာဟာ မျက်ဝါးထင်ထင်မြင်ရတဲ့ ငြင်းမရတဲ့ ကိစ္စဖြစ်တယ်လို့ NLD ပါတီဝင်ဖြစ်တဲ့ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာက ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

"NLD က ပညာရေးကိုလည်း ဦးစားပေးခဲ့တယ်၊ လူထုရဲ့ဆန္ဒကို ဦးစားပေးတဲ့အတွက် ဒါကြောင့်မို့ NLD အမေစုကိုလည်း ကျွန်တော်တို့ချစ်တယ်၊ ဒါကြောင့် NLD ပါတီကို ကျွန်တော်တို့ မဲပေးဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့ နော်၊ လက်ရှိမှာလည်း တိုးတက်နေတာတွေ ရှိတယ်လေ၊ လမ်းတွေပဲကြည့်ကြည့်၊ ပညာရေးတွေပဲ ကြည့် ကြည့်၊ သူ (NLD အစိုးရ) အတက်နိုင်ဆုံး လိုက်လုပ်ထားပေးတယ်၊ ဘာမှမဟုတ်တဲ့ အချိန်ကာလ တိုတိုလေး အတွင်းမှာပေါ့နော်၊ ဒီလောက် လိုက်လုပ်ထားပေးတဲ့အတွက်ကြောင့်မို့ အားရကျေနပ်မှု မရှိဘူး ထင်ပေမယ့် လည်း စိတ်ကတော့ နည်းနည်းကျေနပ်မှုရှိတာပေါ့နော်၊ ဒါကြောင့်မို့ NLD ကိုပဲ မဲပေးဖို့ မျှော်လင့်ပါတယ်"

၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ တိုင်းရင်းသားအများစုက ညွန်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။

လွှတ်တော်ထဲကို တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ များများရောက်မှသာ ဖက်ဒရယ် ပြည်ထောင်စုကို မြန်မြန်ရောက်နိုင်မယ်လို့ သံဖြူဇရပ်မြို့မှာနေထိုင်တဲ့ ဦးအောင်မိုးက သူယူဆချက်ကို ပြောပါတယ်။

“ကျွန်တော်ကတော့ ပွင့်ပွင့်လင်းပြောရရင် တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသား ကိုယ်စားလှယ် တွေကို ဒီလွှတ်တော်ထဲ များများရောက်အောင် ပြည်သူတွေက နေပြီးတော့ လုပ်ဆောင်ပေးဖို့လိုတယ်၊ ဒါပေမဲ့ အစိုးရဖွဲ့ဖို့အတွက်ဆိုရင်တော့ ဒါက သူတို့ ပြောကြလိမ့်မယ်၊ အစိုးရမဖွဲ့နိုင်တဲ့ပါတီတွေကို မဲမပေးပါနဲ့ ဒါကထားလိုက်၊ အစိုးရဖွဲ့ဖို့အတွက် ကျွန်တော်အနေနဲ့ မှန်းတာကတော့ NLD ဦးဆောင်တဲ့ တိုင်းရင်းသားတွေ ဝန်းရံထားတဲ့ ညွန့်ပေါင်းအစိုးရ ဒါမျိုးကို ဖြစ်စေချင်တာပေါ့”

မွန်ညီညွတ်ရေးပါတီက ဒုတိယ ဥက္ကဋ္ဌ (၃) နိုင်ချမ်းတွဲ့ကလည်း ရွေးကောက်ပွဲပြီးနောက် တိုင်းရင်းသားပါတီတွေ စုပေါင်းပြီး အစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်နေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ပါတီက ရသွားတဲ့အခါကျတော့ ဒီမိုကရေစီရေးအရ ပြည့်စုံသွားပြီးလို့ သာမန်ပြည်သူလူထုက တွက်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ရဲ့ ပေါ်လစီကို ပြန်ကြည့်တဲ့အခါကျတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြီပြီပြင်ပြင် ဘာမှချမှတ်ဆွေးနွေးထား တာမရှိဘူး၊ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီက ကိုယ့်လမ်းကို ကိုယ်ထွင်ပြီးတော့ ကိုယ်သွားရမယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့က ကိုယ့် ပြည်နယ်မှာ ကိုယ်ပါတီ အနိုင်ရအောင်လုပ်မယ်၊ ပြီးရင် ကျွန်တော်တို့ ပြည်ထောင်စုအဆင့်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံး တပ်ပေါင်းစုဖွဲ့ပြီးတော့ လုပ်နိုင်အောင်၊ သူတို့ (NLD) နဲ့ယှဉ်ပြီး ဖွဲ့နိုင်အောင် ကြိုးစားသွားဖို့လိုတယ်”

MUP နဲ့ NLD ထောက်ခံသူများတဲ့ မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း စုစုပေါင်း ၃၀၂ ဦး က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘယ်ပါတီက ကိုယ်စားလှယ် လောင်းတွေ အများစုအနိုင်ရမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

----------------------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။