အစိုးရသစ်အတွက် စိန်ခေါ်မှုတွေနဲ့ တိုင်းရင်းသားဒေသတွေက မျှော်လင့်ချက်


2020.11.06

ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရသစ်အနေနဲ့ လတ်တလောကြုံနေရတဲ့ ကပ်ဘေး၊ စစ်ဘေးနဲ့ စီးပွား ရေး အပါအဝင် ရေတို-ရေရှည် စိန်ခေါ်မှုတွေကတော့ သေချာပေါက် ရှိနေပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ - တိုင်းရင်းသားဒေသတွေမှာလည်း အစိုးရသစ်အပေါ် မျှော်လင့်ချက်တွေ ရှိနေပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲပြီးသွားလို့ရှိရင် အနိုင်ရပါတီက အစိုးရဖြစ်လာမှာပါ။ ဒီရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ ကပ်ဘေးကြောင့် နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ ဆေးရုံ၊ ဆေးခန်းမလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု၊ ဆေးဝါးအထောက်အကူပစ္စည်း မလုံလောက်မှုလို ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ဒါ့အပြင် အခြေခံလူတန်း စားတွေရဲ့ စားဝတ်နေရေးပြဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ လုပ်ငန်းမလည်ပတ်မှုတွေနဲ့ ပြည်တွင်းပြည်ပ ကုန်သွယ်ရေး ထိခိုက်မှုလို စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ - ဒါတွေကို သေချာပေါက် ရင်ဆိုင် ဖြေရှင်းရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်တဲ့အချိန်ကစလို့ - အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ပြန်တာ များလာပါတယ်။ ဒါကြောင့် ပြည်တွင်းက အလုပ်သမားတွေနဲ့ ပြည်ပက ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုက လာမယ့်အစိုးရသစ်အတွက် စိန်ခေါ်မှု တခု ဖြစ်လာနိုင်ပါတယ်။ ဒီလို မလွဲမသွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကြားထဲကမှ - အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ ကရင်ပြည် နယ်အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ အစိုးရသစ်ကို တောင်းဆိုထားသူ ကတော့ - ဘားအံမြို့က စောချိမ့်ဖောင် ဖြစ်ပါတယ်။

“အဓိက နှစ်ချက်ကို ကျနော်ပြောချင်ပါတယ်။ တချက်ကတော့ အခြေခံလူတန်းစား လူအများစုရဲ့ စားဝတ် နေရေး ပြဿနာပေ့ါဗျာ။ စားဝတ်နေရေးပြဿနာတချက်၊ ဒီထက်မက ပြေလည်တဲ့ အခြေအနေမျိုးကို ဖန်တီး ပေးစေချင်တယ်ပေါ့ဗျာ။ စားဖို့၊ နေဖို့၊ ထိုင်ဖို့၊ ကျနော်တို့ အဓိကလိုတာကတော့ ကရင်ပြည်နယ် တပြည်နယ် လုံးဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဒေသက လူအများစုကတော့ တိုင်း တပါးမှာ အလုပ်သွားလုပ်တဲ့သူ များတာပေါ့။ အဓိက ထိုင်းပေါ့ဗျာ။ ထိုင်းကို အဓိက အားကိုးနေရ တာပေါ့။ ဒါ အားလုံးသိပါတယ်။ ငြင်းလို့လည်း မရပါဘူး။ အဲ့လို အားကိုးရတာကလည်း ကျနော်တို့ဆီမှာ အလုပ်အကိုင် နည်းတာကိုးဗျာ။ မဖွံ့ဖြိုးဘူးပေါ့ဗျာ။ ဒါထက်ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ အစိုးရမျိုး ဖြစ်စေချင်ပါတယ်။ နောက်တချက်ကတော့ ကျနော်တို့ ဒေသပေါ့ဗျာ အတော်အသင့် ငြိမ်းချမ်းနေပါပြီ။ ဒီထက်ငြိမ်းချမ်းပြီးတော့ တိုင်းရင်းသားတွေကို တန်ဖိုးထားတဲ့၊ အလေးထား တဲ့ အစိုးရမျိုး ကျနော် မျှော်လင့်ပါတယ်။”

တခါ ပြည်တွင်းစစ်ဖြစ်နေတာ နှစ် ၇ဝ ကျော် ကြာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးရဖို့က တက်လာတဲ့ အစိုးရတိုင်းရဲ့ ရည်မှန်းချက်ပါ။ တိုင်းရင်းသားဒေသတချို့မှာဆိုရင် စစ်ပွဲတွေကလည်းဖြစ်နေပြီး၊ လူစုလူဝေး ရှောင်ရတဲ့ ကပ်ဘေးကာလမှာ စစ်ဘေးဒုက္ခသည်ပြဿနာနဲ့ သူတို့ရဲ့ ကျန်းမာရေး၊ စားနပ်ရိက္ခာထောက်ပံ့မှု၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးပြဿနာ ဒါတွေကလည်း ရေတိုမှာရော - ရေရှည်မှာပါ အစိုးရအတွက် သေချာ စီမံကိန်းချ ဖြေရှင်းသွားရမယ့် ပြဿနာတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ငြိမ်းချမ်းရေးအလှမ်းဝေးနေသေးတဲ့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် ထိခိုက်သေဆုံးရသူ တွေနဲ့ ဒုက္ခသည်တွေ နေ့စဉ် တိုးနေတာပါ။ ဒါကြောင့် မကြာခင် တက်လာမယ့် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ခံစားချက်အသံတွေကို သေချာနားထောင်ပြီး၊ ဒုက္ခသည်တွေအားလုံး နေရပ်ပြန်နိုင်တဲ့ အခြေအနေမျိုး ဖန်တီး ပေးစေချင်တယ်လို့ - စစ်တွေမြို့ ဥဿလင်းကျောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူ ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ့်ညှင်းဝရွာက မူလတန်းပြကျောင်းဆရာ ဦးရွှေကျော်ဝင်း က ပြောပါတယ်။

“အခုလက်ရှိ တက်နေတဲ့အစိုးရကိုလည်း ကျနော်တို့က အားရကျေနပ်မှုမရှိဘူး။ လာမယ့်အစိုးရလက်ထက် မှာတော့ ကျနော်တို့အတွက် ဘယ်လိုကောင်းနိုင်မလဲဆိုတာ ကျနော်လည်း သေချာ မပြောတတ်ဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ပြည်သူတွေရဲ့အသံကို နားထောင်ပေးတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ အစိုးရမျိုး ဖြစ်စေချင်ပါတယ်။ အခု ကျနော်တို့ ထွက်ပြေးနေရတဲ့အချိန်မှာ အခက်အခဲတွေ ကတော့ အများကြီးပဲ။ ကျနော်တို့ နေရာတာလည်း အဆင်မပြေဘူး။ စားရတာလည်း လုံးဝ အဆင်မပြေဘူး။ ပြီးရင် အခု ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေမှာ ပါလာတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးဆိုရင်လည်း လုံးဝ အဆင်မပြေဘူး။ နေရပ်စွန့်ခွာ ထွက်ပြေးလာရတာဖြစ်တဲ့အတွက် ကျနော်တို့မှာ အနာဂတ်လုံးဝ မရှိဘူး။ ပျောက်နေတယ်။ စီးပွားရေးတွေ ဘာတွေ ဘာမှ အဆင်မပြေဘူး။ အားလုံး ပျောက်ဆုံးနေတယ်။ အဲ့ဒါကြောင့် အခုလာမယ့် အစိုးရသစ်ဟာ ကျနော်တို့ကို ကယ်တင်နိုင်မယ့် အစိုးရဖြစ်စေချင်တယ်။ အခုလို ထွက်ပြေးနေရ တဲ့ ဘဝတွေကနေ နေရပ်ပြန်နိုင်တဲ့ ဘဝမျိုး ဖြစ်ချင်တယ်။ အခုဖြစ်နေတဲ့ စစ်ပွဲတွေကို အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်ပြီး အကောင်းဆုံး ဖြေရှင်းပြီး ကျနော်တို့ နေရပ်ပြန်နိုင်အောင် လုပ်ပေးစေချင်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အများဆုံးရှိရာ ရှမ်းပြည်နယ်မှာလည်း ငြိမ်းချမ်းရေးနဲ့အတူ ဒေသဖွံ့ဖြိုးရေး ကိုပါ တပြိုင်တည်း ဖော်ဆောင်ပေးဖို့၊ တိုင်းရင်းသားတွေရဲ့ လူမျိုးအမည်၊ ရိုးရာ၊ ယဉ်ကျေးမှုတွေကို အသိမှတ် ပြုပေးဖို့ တောင်းဆိုလာသူကတော့ - ရှမ်းပြည်နယ် ဒေသဖွံ့ဖြိုးရေးကွန်ယက်က ညွှန်ကြားရေးမှူး ခွန်နေထူး ဖြစ်ပါတယ်။

“တက်လာမယ့် နိုင်ငံတော်အစိုးရကနေ ဦးဆောင်ပြီးတော့ အခု သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ်မှာ တစိုက်မတ်မတ် လက်တွေ့ကျကျ ထိရောက်အောင် လျှင်မြန်စွာ ဆောင်ရွက်ပေးဖို့ဆိုတဲ့အချက်ကို ပြောကြား ချင်ပါတယ်။ နောက်တခုကတော့ ဖွံ့ဖြိုးရေးပေါ့လေ။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ တဆက်တည်း ဒေသဖွံ့ဖြိုးရေးတွေကိုလည်း လုပ်ဆောင်သွားဖို့ လိုတယ်။ တက်လာမယ့်အစိုးရကနေ ထပ်ပြီးတော့ ထည့်သွင်း စဉ်းစား အလေးအနက် ထားပေးဖို့ဆိုတဲ့တချက်ကတော့ - အထူးသဖြင့် တိုင်းရင်းသား ၁၃၅ မျိုးရှိနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ Identity ကို လေးစားအသိအမှတ်ပြုပေးစေချင်ပါတယ်။”

ရွေးကောက်ပွဲအလွန် ဘယ်ပါတီပဲတက်လာတက်လာ အစိုးရသစ်အနေနဲ့ - ၅ နှစ်တာသက်တမ်းအတွင်းမှာ ဒီစိန်ခေါ်ချက်တွေအားလုံးကို ဖြေရှင်းနိုင်မလား…. ရေတို-ရေရှည် ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။