ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို တပ်နဲ့ USDP စာရင်းမပို့သေး
2019.02.20
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။
မနေ့က မဲခွဲဆုံးဖြတ်ခဲ့တဲ့ ကော်မတီ ၄၅ ဦးပါ အစည်းအဝေးကို ဒီနေ့ ပထမအကြိမ် ကျင်းပခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီ က ကိုယ်စားတွေ တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၂ ဦးက တော့ အစည်းအဝေးကို တက်ရောက်ဖို့ သွားခဲ့ပေမယ့် နာမည် စာရင်းပေးမထားဘူးဆိုပြီး တက်ရောက်ခွင့်မပြုခဲ့ဘူးလို့ USDP ပါတီကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောပါတယ်။
"နာမည်စာရင်းပေးပါဆိုလို့ ပေးလိုက်တယ်။ ဒီနေ့ ပေးပါဆိုတော့ ပေးလိုက်တယ်။ ဒါပေမဲ့ စာကတော့ နောက်ကမှလိုက်လာမယ်။ နောက်ဆုံးလည်းကျရော ဒီနေ့ကတော့ intro ပဲ ရှိသေးလို့ ဆရာတို့ မတက်ပါနဲ့ဦး။ တရားဝင်ဖွဲ့စည်းမှုမရှိသေးဘူးတဲ့။ တော်ပြီ ကျွန်တော်တို့ကတော့ မတက်တော့ဘူး။"
ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စာရင်းပေးမှု နောက်ကျသွားတဲ့အတွက်သာ ဖြစ်ကြောင်း၊ လွှတ်တော်နာယက အမိန့်စာထွက်ပြီးရင် လာမယ့် ၂၅ ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
"နာမည်စာရင်းကတော့ အတိအကျ ရရမယ်။ အတိအကျလေး ပေးပို့လာတဲ့အခါကျရင် နောက်ဆက်တွဲ အမိန့်ကြေညာစာတွေ ထပ်ထုတ်ပြန်ပြီးတော့ ထည့်သွင်းဖွဲ့စည်း ပေးသွားမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ်အစည်းအဝေးကို ၂၅ ရက်နေ့ မွန်းလွဲ တစ်နာရီမှာ ကျင်းပပါလိမ့်မယ်။ အဲဒီအစည်းအဝေးကျရင် ခုနကိုယ်စားလှယ်တော်ကြီးနှစ်ယောက် တက်ခွင့်ရပြီ။ ပြည်ထောင်စုလွှတ်တော် နာယကကနေ အမိန့်ကြော်ငြာစာ ထုတ်ပေးပြီဆိုရင်။ ဒါလေးတချက်ပါ။"
ဒီကနေ့ အစည်းအဝေးဟာ မိတ်ဆက်တဲ့ အစည်းအဝေးသာ ဖြစ်တယ်လို့လည်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် အဲဒီကော်မတီမှာ ပါဝင်ဖို့ ရှိ မရှိဆိုတာ ဆွေးနွေး လို့ မပြီးသေးတဲ့အတွက် မတက်ရောက်နိုင်တာဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့က ဆွေးနွေးလို့မပြီးသေးလို့ပေါ့ဗျာ။ ဆွေးနွေးပြီးရင် ပြောပါမယ်။"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်ဦးသိန်းထွန်းကတော့ ဒီကနေ့ဖြစ်ရပ်အတွက် ကော်မတီမှာ ပါဝင်ဖို့အရေးကို စဉ်းစားသွားရပြီလို့လည်း ပြောပါတယ်။
အဲဒီ ကော်မတီမှာ အင်န်အယ်လ်ဒီပါတီက ၁၈ ဦး၊ တပ်မတော်သားအစုအဖွဲ့က ၈ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ SNLD ပါတီက ၂ ဦးစီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး၊ လူနည်းစု တိုင်းရင်းသား(၁၀)ပါတီက တစ်ဦးစီပါဝင်ပြီး စုစုပေါင်း ၄၅ ဦး နဲ့ ဖွဲ့စည်းထားပေမယ့် တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စာရင်းမပေးရသေးပါဘူး။