ဒီမိုကရေစီအင်အားစုတွေနဲ့ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှု စစ်ကောင်စီ မအောင်မြင်နိုင်
2023.08.03
အာဏာသိမ်း စစ်ကောင်စီဟာ အခုအချိန်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိနေပေမဲ့ အမှန်တကယ် လေးနက်တဲ့ ကမ်းလှမ်းမှုမရှိသေးဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆန်က သုံးသပ်ပါတယ်။ မကြာခင်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာနဲ့ နိုင်ငံရေးအကျဉ်းသား အချို့ကို ပြန်လွှတ်ပေးခဲ့တဲ့ လုပ်ရပ်တွေရှိလာပေမဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်မှပဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ယုံကြည်ရတဲ့ အခြေအနေ ဖြစ်လာမယ်လို့ သူက သုံးသပ်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
---
RFA: ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အခု သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီက ထောင်ဒဏ် နှစ်တချို့ကို လျှော့ပေးလိုက်တယ်။ နေအိမ် အကျယ်ချုပ်ကို ပြောင်းရွှေ့ထားတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။ နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်ကောင်စီဘက်က ဒီလို ခြေလှမ်းလှမ်းလာတာ ဘာအကြောင်းရင်းတွေ ရှိတယ်လို့ သုံးသပ်မိပါသလဲ။
■ ဒါက ငြိမ်းချမ်းရေးလိုလားတဲ့အတွက် ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ သဘောလို့တော့ မထင်ပါဘူး။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေအကြားမှာ စိတ်ဝမ်းကွဲအောင်၊ အားလျော့သွားအောင် နဲ့ အာရုံပြောင်းသွားအောင် လုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ပါ။ ဒါတင်မကဘဲ မြန်မာပြည်သူတွေကို လှည့်ဖြားဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။ သူတို့အပေါ်မှာ လူထုက ယုံကြည်လေးစားမှု လုံးဝမရှိပေမဲ့ ရလိုရငြား ကြိုးစားကြည့်တာလို့ ထင်ပါတယ်။ စစ်ကောင်စီဟာ မြန်မာပြည်သူတွေ နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ စိတ်အားထက်သန်မှုကို လျှော့တွက်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ထောင်ဒဏ် ၃၃ နှစ်ထဲက အချို့ကို လျှော့ပေါ့ပေးလိုက်ရုံနဲ့၊ စိတ်ကျေနပ်သွားပြီး၊ စေ့စပ်ညှိနှိုင်းလို့ ရလိမ့်မယ်လို့ ယူဆနေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် အောင်မြင်မယ်လို့ မထင်ပါဘူး။ ဒီလို ပြစ်ဒဏ်လျှော့ပေးလိုက်တာ အလွန်နည်းပြီး အလွန်နောက်ကျနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာမှ ထူးလာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
RFA: စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးလိုက်ပါတယ်။ ဒီတော့ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ် ကာလတွေကလိုမျိုး နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ နိုင်ငံခြား သံတမန်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီး၊ မဆုံးနိုင်တဲ့ ဆွေးနွေးမှုတွေကို ပြန်မြင်ရမယ့် အခြေအနေကို ပြန်ရောက်လာတော့မလား။
■ တချို့အပိုင်းတွေက သမိုင်းထဲကအတိုင်း အတိအကျ ပြန်ဖြစ်လာတာပါ။ ဒါပေမဲ့ အချို့အပိုင်းတွေကတော့ လုံးဝ အသစ်ပါ။ ၁၉၉၀ ခုနှစ်တွေမှာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတုန်းက၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွမှုတွေဟာ လက်ရှိ ကြုံနေရတဲ့ အတိုင်းအတာလောက် ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်တုန်းကလည်း အခုလိုပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ၊ နိုင်ငံတကာမှာ အထီးကျန် ဖြစ်မှု နဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးစနစ်ကို မကျေနပ်ကြတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလောက် ကြီးကြီးမားမား မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက၊ အခုလောက် ကြီးမားကျယ်ပြန့်တဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုမျိုး မကြုံဖူးသေးဘူးလို့ ထင်ပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် သြဇာလွှမ်းမိုးနိုင်မှု အတိုင်းအတာကိုလည်း အတွက်မှားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးမှုရှိတာက တော်လှန်ရေး အင်အားစုတွေရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်ကိုင်း နဲ့ မကွေးတို့လို ဒေသတွေမှာ ပြည်သူ သန်းပေါင်းများစွာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မဲပေးခဲ့ကြတယ်။ ဒီလိုမျိုး သူ့ကိုထောက်ခံခဲ့တဲ့ အမာခံဒေသတွေက ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားထောင်ကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အခြားဒေသတွေက ပြည်သူတွေကတော့ စစ်ကောင်စီဘာပြောပြော မယုံကြည်ကြတော့ပါဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြောင်းထားလိုက်ပြီး၊ အခြား အကျဉ်းသားအချို့ လွှတ်ပေးလိုက်တာဟာ နိုင်ငံတစ်ဝန်းက တော်လှန်ရေး အင်အားစုတွေ စိတ်ဝမ်းကွဲပြီး အားပျော့သွားအောင် လုပ်ဖို့နဲ့ ဒီအထဲက လက်နက်ကိုင်အဖွဲ့ အချို့ကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ရောက်လာအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာလို့ သုံးသပ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် သူတို့ လိုလားတဲ့ ရည်ရွယ်ချက် အောင်မြင်မှာ မဟုတ်ပါဘူး။
RFA: စစ်ကောင်စီရဲ့ ရည်ရွယ်ချက် မအောင်မြင်ရင် ပဋိပက္ခ တိုက်ခိုက်မှုတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ။
■ လက်ရှိ ပဋိပက္ခ တိုက်ခိုက်မှုတွေ ကြာလာတာနဲ့အမျှ ရေရှည်မှာ မြန်မာ စစ်တပ်နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေကို အင်အားလျော့ကျလာစေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တော်လှန်ရေး အင်အားစုတွေဘက်က သိပ်မကြာခင်မှာ အောင်ပွဲခံနိုင်တော့မယ်လို့ တွက်ဆနေတာတွေကလည်း အကောင်းမြင်လွန်းပါတယ်။ အဲဒီလို ဖြစ်လာမယ်လို့ ကျွန်တော်တော့ မယူဆပါဘူး။ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေအရဆိုရင်၊ မြန်မာနိုင်ငံ ဒေသအနှံ့မှာ လက်နက်ကိုင် အဖွဲ့ပေါင်းစုံက attrition warfare လို့ခေါ်တဲ့ အင်အားပိုကြီးတဲ့ ရန်သူကို ရေရှည် တိုက်ခိုက်ရတဲ့ နည်းဗျူဟာနဲ့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေလိမ့်မယ်၊ မြန်မာစစ်တပ်ရဲ့ စစ်အင်အားလည်း ပိုပြီး လျော့နည်းလာနေမယ်လို့ သုံးသပ်ရပါတယ်။
RFA: စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလားတယ်ဆိုရင် တော်လှန်ရေး အဖွဲ့တွေရဲ့ ယုံကြည်မှုရဖို့ ဘယ်လို လုပ်ရပ်မျိုး နဲ့ ပြသသင့်တယ်လို့ ထင်ပါသလဲ။
■ စစ်ကောင်စီဘက်က စေ့စပ်ဆွေးနွေးမှု လုပ်ဖို့ စဉ်းစားနေပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချတဲ့နည်းလမ်းအစား၊ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ချက်ချင်း ရပ်တန့်တဲ့ နည်းလမ်းနဲ့ သူတို့ ဘယ်လောက် အလေးအနက်ထားတယ်ဆိုတာ ပြသသင့်ပါတယ်။ အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီးမှ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ခုချင်းစီကို ကမ်းလှမ်းမှုတွေ စလုပ်သင့်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေဘက်မှာလည်း ဘယ်လို အခြေအနေဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာကို လက်ခံနိုင်မလဲဆိုတာရယ်၊ စေ့စပ်ဆွေးနွေးမှုကနေ ဘယ်လို အချက်တွေ အောင်မြင်မှု ရချင်သလဲဆိုတာတွေကို ညှိနှိုင်းထားဖို့ လိုပါတယ်။ အရေးအကြီးဆုံးက နှစ်ဘက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ဖြစ်ပါတယ်။ စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ မရပ်တန့်သရွေ့၊ စေ့စပ်ဆွေးနွေးဖို့ သူတို့ကို ယုံကြည်လို့မရနိုင်ပါဘူး။