“အမေ ပြန်လွတ်လာမယ်လို့ ယုံကြည်ပါတယ်”

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.08.16
“အမေ ပြန်လွတ်လာမယ်လို့ ယုံကြည်ပါတယ်” ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်တွင် မြင်တွေ့ရစဉ်။
Photo : Reuters

RFA - မင်္ဂလာပါကင်မ်ရေ RFA နဲ့ ဒီနေ့ စကားပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကင်မ်အဲရစ် - ကျေးဇူးတင်ပါတယ်။

RFA - လန်ဒန်က မြန်မာအသင်းအဖွဲ့တွေနဲ့ပေါင်းပြီး တော်လှန်ရေးအတွက် ရန်ပုံငွေရှာတာတွေ၊ မြန်မာနိုင်ငံက ပြည်သူတွေကို ကူညီဖို့ လုပ်နေတာတွေ ကျွန်တော်တွေ့နေရပါတယ်။ ကင်မ်ရေ တော်လှန်ရေးအတွက် ခင်ဗျားဘာတွေလုပ်နေလဲ အရင်ဆုံးပြောပြပေးပါခင်ဗျာ။

ကင်မ်အဲရစ် - ကျွန်တော် လူသိများထင်ရှားတဲ့သူတစ်ယောက် မဖြစ်ချင်ပါဘူး။ အများနည်းတူ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေတာပါ။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲ ကမ္ဘာကြီးကို သတင်းစကားပေးပြောနိုင်မယ့်နေရာကိုရထားပါတယ်။ မြန်မာပြည်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို မြန်မာလူမျိုးတွေပဲ သိကြပါတယ်။ ကမ္ဘာကြီးက မြန်မာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိတဲ့သူနည်းပါတယ်။ ဒါကြောင့် ကျွန်တော်လုပ်နိုင်တာ လုပ်နေတယ်။ ရန်ပုံငွေရှာတာ၊ လူတွေကို Awareness ပေးတာတွေလုပ်နေပါတယ်။

RFA - ကျွန်တော်တို့ အားလုံးသိကြတဲ့အတိုင်းပဲ တစ်ခါတုန်းက မြန်မာစစ်ခေါင်းဆောင်တွေဟာ ခင်ဗျားအမေကို မြန်မာနိုင်ငံကိုစွန့်ခွာထွက်သွားဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ဒါကိုသူလက်မခံခဲ့ပါဘူး။ အင်္ဂလန်မှာရှိတဲ့ ခင်ဗျားတို့မိသားစုနဲ့ မြန်မာနိုင်ငံဆိုရင် မြန်မာပြည်သူတွေကို သူရွေးချယ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ပြီး ခင်ဗျားအမေ ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားဘယ်လိုပုံဖော်ချင်ပါသလဲ။

ကင်မ်အဲရစ် - ကျွန်တော့်အမေကို တချို့က ခံစားချက်မရှိတဲ့သူ၊ စာနာစိတ်မထားတတ်တဲ့သူ တစ်ယောက်လို့ ရေးကြ၊ ပြောကြတာတွေ တွေ့ရတဲ့အခါ ကျွန်တော် အမြဲ ကြေကွဲရတယ်၊ ဒေါသလည်းဖြစ်ရတယ်။ ကျွန်တော့်အဖေဆုံးချိန်မှာတောင် အဖေ့နားမှာ ရှိမပေးနိုင်ဘူးဆိုပြီးပြောကြတယ်။ အဲဒီအချိန်က ကျွန်တော်ပဲ အဖေ့ကို ပြုစုစောင့်ရှောက်ပေးနေခဲ့တာပါ။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ အဖေကိုယ်တိုင်ကလည်း အမေ့ကို အင်္ဂလန်ပြန်မလာစေချင်ပါဘူး။ အမေရှိတဲ့ မြန်မာပြည်မှာ ကျွန်တော်တို့ကရှိနေချင်ခဲ့ကြတာပေါ့။ ဝမ်းနည်းစရာကောင်းတာက မြန်မာစစ်တပ်ဟာ ကျွန်တော့်အဖေရဲ့ သေခါနီးဆန္ဒကိုတောင် မလိုက်လျောခဲ့ပါဘူး။ ကျွန်တော့်အမြင်ပြောရရင် အမေက ကျွန်တော်တို့ကို စိမ်းစိမ်းကားကားထားသွားတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရဘူး။ အမေ နေအိမ်အကျယ်ချုပ်က လွတ်တဲ့အချိန်က ကျွန်တော် အမေ့နားမှာ နေခဲ့ရတာပဲ။ ကျွန်တော်တို့ကို စွန့်ပစ်ထားခဲ့တယ်လို့ ဘယ်တုန်းကမှ မမြင်ပါဘူး။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း မိုက်ကယ်အဲရစ်နှင့် သားကြီး အလက်ဇန္ဒားအဲရစ် (ဝဲ)၊ သားငယ်ကင်မ်အဲရစ် (ယာ) တို့ကို တွေ့ရစဉ်။ (File Photo - Reuters)
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း မိုက်ကယ်အဲရစ်နှင့် သားကြီး အလက်ဇန္ဒားအဲရစ် (ဝဲ)၊ သားငယ်ကင်မ်အဲရစ် (ယာ) တို့ကို တွေ့ရစဉ်။ (File Photo - Reuters)

ပြီးတော့ အခုဆိုရင်လည်း မြန်မာစစ်တပ်ကြောင့် လူတော်တော်များများ သူတို့မိဘတွေကို ဆုံးရှုံးနေကြရတာပဲ။ ကျွန်တော့်အမေကို ကျွန်တော်တို့ဆုံးရှုံးရတာနဲ့တောင်မတူပါဘူး။ မြန်မာလူမျိုးတွေဟာ ကျွန်တော်ကြုံတွေ့နေရတာထက် အဆပေါင်းများစွာ ဆိုးတာတွေကြုံနေရပါတယ်။ ကျွန်တော်တို့က ကံကောင်းပါတယ်။ ကျွန်တော့်အမေက ကျွန်တော်တို့ကို လုံခြုံမှုရှိတဲ့ အင်္ဂလန်မှာ ထားခဲ့တယ်။ ကျွန်တော်ကံကောင်းပါတယ်။ မြန်မာလူမျိုးတွေခံစားနေရတာနဲ့ ယှဉ်ရင်တော့ ကျွန်တော်ကဒီမှာ ဘဝကိုအေးအေးချမ်းချမ်းနေရပါတယ်။

RFA - ခင်ဗျားအမေကို နောက်တစ်ကြိမ် နေအိမ်အကျယ်ချုပ်ချထားတယ်ပေါ့ဗျာ၊ အဲဒီတော့ ခင်ဗျားနဲ့ ခင်ဗျားအမေ အဆက်အသွယ်ရှိသလား။

ကင်မ်အဲရစ် - ကျွန်တော်သိသလောက်တော့ အမေ့ကို နေအိမ်အကျယ်ချုပ်ချထားတာမဟုတ်ပါဘူး။ ထောင်ထဲမှာပဲထားတာပါ။ စစ်တပ်ကတော့ ကျွန်တော့်အမေကို နေအိမ်အကျယ်ချုပ်ရွှေ့လိုက်ပြီလို့ပြောပါတယ်။ ဒါပေမဲ့ ဘာအထောက်အထားမှမပြနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ လုံးဝ အဆက်အသွယ်မရှိပါဘူး။ အာဏာမသိမ်းခင်ကတည်းက ကျွန်တော် အမေနဲ့ အဆက်အသွယ်မရှိပါဘူး။ ကျွန်တော့်အမေနဲ့ အဆက်အသွယ်ရဖို့ ကျွန်တော့်အမေကို ဘယ်မှာဖမ်းထားလဲဆိုတာသိရဖို့ မြန်မာစစ်တပ်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ စစ်တပ်ဘက်က ဘာမှပြန်ပြောဆိုတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့အခေါက်တွေက ကျွန်တော်အမေ ရန်ကုန်မှာ နေအိမ်အကျယ်ချုပ်ချထားတုန်းကဆိုရင် အဆက်အသွယ်ရပါသေးတယ်။ ဒီတစ်ခေါက်တော့ သူ့ကို ဘယ်မှာဖမ်းထားလဲ၊ ဘယ်လိုအခြေအနေထားထားလဲဆိုတာ ဘာမှမသိရပါဘူး။ အမေနဲ့ ကျွန်တော် လုံးဝ အဆက်အသွယ်မရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်သားငယ် ကင်မ်အဲရစ်နှင့် RFA အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းစဉ်။
ဒေါ်အောင်ဆန်းစုကြည်သားငယ် ကင်မ်အဲရစ်နှင့် RFA အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းစဉ်။

RFA - ဟုတ်တယ်။ ခင်ဗျားမွေးနေ့လက်ဆောင်ပို့ဖို့ဆိုပြီး လန်ဒန်က မြန်မာသံရုံးကိုသွားတာ ကျွန်တော်တွေ့ပါတယ်။ သူတို့က ခင်ဗျားကို တံခါးဖွင့်ပေးဖို့ မပြောနဲ့ ဘာမှတောင်ပြန်မပြောဘူး။ စစ်တပ်နဲ့ ခင်ဗျားအမေနဲ့ တွေ့ခွင့်ရဖို့ စစ်တပ်ဆီခွင့်တောင်းတာ ဘယ်နှကြိမ်လောက်ရှိပြီလဲ။

ကင်မ်အဲရစ် - တကယ်တမ်းပြောရရင် ဒီလူတွေနဲ့ အလုပ်လုပ်ရတာတော်တော်ခက်ပါတယ်။ ကျွန်တော့်ဆီဘာမှ အကြောင်းပြန်တာ တစ်ခါမှကိုမရှိပါဘူး။ ကျွန်တော်တခြားနေရာတွေကနေတစ်ဆင့်လည်း ဆက်သွယ်ပါသေးတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့တွေကနေ တစ်ဆင့်လည်း ကျွန်တော်တောင်းဆိုပါသေးတယ်။ ဒါပေမဲ့ ဘာအကြောင်းမှ မပြန်ပါဘူး။

"ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးလိုက်တယ်ဆိုပေမဲ့ ကျွန်တော့် အမေအသက်တစ်ရာပြည့်ရင်တောင် ပြန်လွတ်ဦးမှာ မဟုတ်ပါဘူး"

RFA - ကြားရတာစိတ်မကောင်းပါဘူးဗျာ၊ ဒါနဲ့ ပြီးခဲ့တဲ့တစ်ခေါက် လွတ်ငြိမ်းသက်သာခွင့်မှာတော့ ခင်ဗျားအမေကို ထောင်ဒဏ်နှစ်အနည်းငယ်လျှော့ပေးလိုက်တာလည်းရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ကင်မ်အဲရစ် - ဒါက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်တွေပါ။ နိုင်ငံတကာနဲ့ ပြေလည်ချင်ရင် သူတို့က ဒီလိုနည်းနာတွေ ထုတ်သုံးတာပဲ။ ဒါပေမဲ့ သူတို့ဟာ နေ့တိုင်း ကိုယ့်ပြည်သူတွေကို ပုံစံမျိုးစုံနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေဆဲပါ။ ဒီလိုကျွန်တော့်အမေကို ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးလိုက်တယ်ဆိုပေမဲ့ ကျွန်တော့် အမေအသက်တစ်ရာပြည့်ရင်တောင် ပြန်လွတ်ဦးမှာ မဟုတ်ပါဘူး။

စစ်ကောင်စီကထုတ်ပြန်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင်ဓာတ်ပုံမှတ်တမ်း။ (Photo - Myanmar Military)
စစ်ကောင်စီကထုတ်ပြန်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင်ဓာတ်ပုံမှတ်တမ်း။ (Photo - Myanmar Military)

RFA - ခင်ဗျားကိုယ်တိုင်လည်း မြန်မာနိုင်ငံကိုရောက်ခဲ့သေးတော့ လက်ရှိမြန်မာနိုင်ငံကို ဘယ်လိုမြင်ပါသလဲ။

ကင်မ်အဲရစ် - မြန်မာနိုင်ငံရဲ့ အခြေအနေက တော်တော်ကို ဝမ်းနည်းစရာကောင်းပါတယ်။ တကယ်တော့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားနေပြီ။ ဒါပေမဲ့ ဒါတွေအားလုံး အခုဘာမှမရှိတော့ပါဘူး။ စစ်တပ်အာဏာသိမ်းပြီးကတည်းက အရာရာဟာ နောက်ပြန်ဆုတ်သွားခဲ့ပါပြီ။ ၁၉၈၈ ကာလထက်တောင် ဆိုးသွားပြီလို့ ယူဆရတယ်။

"ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်သတ်နေတာ ရပ်ဖို့ ကျွန်တော်တောင်းဆိုချင်တယ်"

RFA - ခင်ဗျားပြောသလိုပဲ အခု မြန်မာနိုင်ငံအခြေအနေက အစစအရာရာ ဖရိုဖရဲတွေဖြစ်နေတယ်။ လူငယ်တွေဆိုရင် သူတို့ဘဝ လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင်နေကြရတယ်။ ဒီနေ့ တိုင်းပြည်ရဲ့အခင်းအကျင်းကိုရော ခင်ဗျားဘယ်လိုမြင်လဲ။

ကင်မ်အဲရစ် - ကျွန်တော်လေ့လာရသလောက် တိုင်းပြည်ရဲ့ အခြေအနေဟာ ဘယ်သူ့အတွက်မှ လုံခြုံမှုမရှိတော့ဘူး။ မြန်မာစစ်တပ်ကလည်း လူတွေထင်နေသလောက် အင်အားမရှိတော့ဘူး။ သူတို့မှာ အဆင်မြင့်စစ်လက်နက်ပစ္စည်းတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ လူအင်အားက ပြည်သူလူထုဘက်ကလောက် များမနေတော့ဘူး။ စစ်ပွဲတွေ အချိန်ထပ်မကြာတော့ဖို့တော့ ကျွန်တော်မျှော်လင့်ပါတယ်။ သွေးထွက်သံယိုတွေလည်း ဆက်မဖြစ်စေချင်တော့ဘူး။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ကတော့ မလွယ်သေးပါဘူး။ နောက်ထပ် နှစ်နှစ်မတိုင်ခင်မှာ အခြေအနေတွေ ကောင်းလာလိမ့်မယ်လို့မြင်တယ်။ စစ်တပ်က လုံးဝပြိုကွဲသွားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ရအောင်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မ်အဲရစ်တို့ ၂၀၁၁ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို သွားရောက် ဂါရဝပြုစဉ်။ (Photo : Reuters)
ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မ်အဲရစ်တို့ ၂၀၁၁ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို သွားရောက် ဂါရဝပြုစဉ်။ (Photo : Reuters)

RFA - ကင်မ်အဲရစ်သာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စကားပြောခွင့်ရမယ်ဆိုရင် ဘာများပြောချင်ပါသလဲ။

ကင်မ်အဲရစ် - ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်သတ်နေတာ ရပ်ဖို့ ကျွန်တော်တောင်းဆိုချင်တယ်။ ခင်ဗျားလည်းသိပါတယ်။ မြန်မာပြည်သူတွေရဲ့ သန္နိဋ္ဌာန်ခိုင်မြဲပါတယ်။ စစ်တပ်က အုပ်ချုပ်တာကို မြန်မာပြည်သူတွေ ဘယ်တော့မှ လက်မခံပါဘူး။ မြန်မာလူငယ်တွေက သူတို့ရဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးမှာကို မလိုလားပါဘူး။ အခုဆိုရင် တိုင်းရင်းသားပေါင်းစုံဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ညီညွတ်မှုတွေရပြီး အတူတကွလက်တွဲနေကြပါပြီ။ ဒါတွေကို ကြည့်ရင် စစ်တပ်ဟာ ဘယ်တော့မှ မနိုင်နိုင်ပါဘူး။

RFA - မြန်မာပြည်ကိုရော ဘယ်လိုဘယ်ပုံဖြစ်လာဖို့ မျှော်လင့်နေသလဲ။

ကင်မ်အဲရစ် - နှစ်ပေါင်းများစွာ တိုက်ပွဲဝင် တောင်းဆိုခဲ့ကြတဲ့ လွတ်လပ်ခွင့်တွေ ရနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူတို့ရဲ့ ဘဝတွေ သူတို့ပြန်လည်တည်ဆောက်ခွင့်ရဖို့၊ အနာဂတ်မှာ ပိုပြီးဒီထက်မက စည်းလုံးပြီး အားလုံးအတူတကွ လုပ်ဆောင်ကြဖို့ မျှော်လင့်မိပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြနေကြသည့် စစ်ကိုင်းဒေသခံများ။
၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြနေကြသည့် စစ်ကိုင်းဒေသခံများ။

RFA - မြန်မာပြည်သူတွေဟာ နိုင်ငံတကာက အကူအညီတွေကိုလည်း မျှော်နေကြပါတယ်။ ခင်ဗျားရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတစ်ယောက်အနေနဲ့ နိုင်ငံတကာကို ဘာများတိုက်တွန်းချင်ပါသလဲ။

ကင်မ်အဲရစ် - မြန်မာစစ်တပ်နဲ့ မရပ်တည်ဖို့၊ လူသားမျိုးနွယ်တွေအပေါ်  မြန်မာစစ်တပ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးဖို့၊ တကယ်လိုအပ်နေတဲ့နေရာတွေထိရောက်အောင် အလုပ်လုပ်နေကြတဲ့အဖွဲ့တွေကို ထောက်ပံ့ပေးဖို့၊ ပြီးတော့ စစ်တပ်ကို ပစ်မှတ်ထားပြီး ပိုပြီးထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့၊ NUG အစိုးရကို အသိအမှတ်ပြုဖို့၊ NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့ နိုင်ငံတကာကို ကျွန်တော်တိုက်တွန်းချင်ပါတယ်။

"အခုအချိန်မှာ ကျွန်တော့်အမေ အဖမ်းခံထားရတော့ ကျွန်တော်ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို သူအကြံမပေးနိုင်တော့ပါဘူး။ အဲဒီတော့ သူလုပ်စေချင်တယ်လို့ ကျွန်တော်ယူဆတာတွေကို လုပ်နေပါတယ်"

ကုလသမဂ္ဂရဲ့ အခုနောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူတွေအပေါ် သတ်ဖြတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာစတဲ့ စစ်ရာဇဝတ်မှုတွေ တိုးလုပ်နေပါတယ်။ လူပေါင်းတစ်သောင်းခွဲ အဖမ်းခံရပြီး၊ လူပေါင်း ခြောက်ထောင်ကျော် သတ်ဖြတ်ခံထားရပါတယ်။ လူပေါင်း ၁.၇ သန်းလောက်လည်း ထွက်ပြေးနေကြရပါတယ်။ စစ်တပ်ဟာ လူမျိုးဘာသာမခွဲခြားဘဲ ကိုယ့်နိုင်ငံသားတွေကိုယ် ပြန်သတ်နေပါတယ်။ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကလေးတွေ အမေတွေသေနေရပါတယ်။ ဒါတွေကိုကြည့်ရင် ဒီနေ့မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ဘယ်လောက်ဆိုးရွားလဲ ထင်ရှားပါတယ်။ ဒါတွေကို နိုင်ငံတကာအနေနဲ့ ကြည့်နေလို့မရပါဘူး။ တားဆီးဖို့လိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ  ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မ်အဲရစ်တို့ကို တွေ့ရစဉ်။ (Photo : Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မ်အဲရစ်တို့ကို တွေ့ရစဉ်။ (Photo : Reuters)

RFA - ခင်ဗျားအမေက ခင်ဗျားကိုနိုင်ငံရေးမှာ ဝင်မပါစေချင်ဘူးလို့ပြောတာကြားဖူးတယ်။ အဲဒါတကယ်ပဲလား?

ကင်မ်အဲရစ် - ဟုတ်တယ်။ အမေက ကျွန်တော့်ကို ဘယ်တုန်းကမှ မြန်မာနိုင်ငံရေးမှာ ဝင်မပါစေချင်ဘူး။ ကျွန်တော်ကလည်း ဘယ်တုန်းကမှ နိုင်ငံရေးမှာ ဝင်မပါချင်ဘူး။ ကျွန်တော်စောစောကပြောသလိုပဲ ကျွန်တော် လူသိများထင်ရှားတဲ့သူ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ စစ်တပ်က ကျွန်တော့်အမေနဲ့ ကျွန်တော့်ကို ဆက်သွယ်ခွင့်မပေးဘဲထားတဲ့အချိန်မှာ ငါတစ်ခုခုတော့ လုပ်ဖို့လိုမယ်၊ မြန်မာပြည်ကအခြေအနေတွေကို အကူအညီပေးတဲ့အနေနဲ့ ကျွန်တော်တတ်နိုင်တာ လုပ်တာလောက်ပါပဲ။ အခုအချိန်မှာ ကျွန်တော့်အမေအဖမ်းခံထားရတော့ ကျွန်တော်ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို သူအကြံမပေးနိုင်တော့ပါဘူး။ အဲဒီတော့ သူလုပ်စေချင်တယ်လို့ ကျွန်တော်ယူဆတာတွေကို လုပ်နေပါတယ်။ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့ သူလုပ်စေချင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

RFA - ခင်ဗျားအမေကို ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်သေးလား။

ကင်မ်အဲရစ် - သေချာတာပေါ့။ ကျွန်တော့်အမေ ပြန်လွတ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်ကအခြေအနေတွေ ဒီအတိုင်းဆက်သွားနေမယ်လို့ ကျွန်တော်မမြင်ပါဘူး။ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ကျွန်တော့်အမေ ပြန်လွတ်လာမယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်ကြီးလည်း ပြန်ငြိမ်းချမ်းသွားမယ်လို့ မျှော်လင့်နေပါတယ်။

၁၉၉၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နေအိမ်မှာ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ( Photo - AP)
၁၉၉၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နေအိမ်မှာ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ( Photo - AP)

RFA - နောက်ဆုံးမေးခွန်းမေးချင်ပါတယ်။ ကင်မ်ရေ၊ လက်ရှိ မြန်မာပြည်မှာ တိုက်ပွဲဝင်နေတဲ့သူတွေကိုရော ခင်ဗျားဘာပြောချင်ပါသလဲ၊ အထူးသဖြင့် လူငယ်တွေကိုပေါ့ဗျာ။

ကင်မ်အဲရစ် - ဘယ်တော့မှ လက်မလျှော့လိုက်ဖို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီတိုက်ပွဲ အောင်ကိုအောင်ရမယ်။ စစ်တပ်က ဘယ်တော့မှ နိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးက မြန်မာပြည်အကြောင်းကို တွေးမနေဘူးလို့ တစ်ခါတလေထင်ရပေမဲ့ ကမ္ဘာကြီးက မြန်မာပြည်ကို ပစ်မထားပါဘူး။ နိုင်ငံတကာက မြန်မာပြည်အရေးကို ကူညီဖို့ရှိနေတယ်လို့ ကျွန်တော်ပြောချင်တယ်။

RFA - အခုအင်တာဗျူးနေတုန်း ကျွန်တော်သတိထားမိတာ၊ ခင်ဗျားရဲ့ ဟိုးအနောက်မှာ တိုက်ချီဒိုခွေးလေးနဲ့ ခင်ဗျားအမေရဲ့ ဓာတ်ပုံချိတ်ထားတာတွေ့ရတယ်။ ဒီခွေးလေးကို ခင်ဗျားကိုယ်စားဆိုပြီး ခင်ဗျားအမေဆီမှာထားခဲ့တာပေါ့နော်။ ခင်ဗျားအမေကလည်း တော်တော်ခင်တွယ်တယ်လို့ ကျွန်တော်တို့ သိထားတယ်။ အခုဒီခွေးလေးရဲ့ အခြေအနေရော ခင်ဗျား ဘာသိထားသေးလဲ။

ဒေါ်အောင်ဆန်းစုကြည်နှင့် အချစ်တော်ခွေးကလေး တိုက်ချီဒိုတို့ကို နေပြည်တော်က နေအိမ်မှာတွေ့ရစဉ်။ (Undated Photo - Citizen Journalist)
ဒေါ်အောင်ဆန်းစုကြည်နှင့် အချစ်တော်ခွေးကလေး တိုက်ချီဒိုတို့ကို နေပြည်တော်က နေအိမ်မှာတွေ့ရစဉ်။ (Undated Photo - Citizen Journalist)

ကင်မ်အဲရစ် - သူရန်ကုန်မှာပဲရှိနေတယ်လို့ ကျွန်တော်သိထားတယ်။ ဘယ်မှာလဲ တိတိကျကျတော့မသိရပါဘူး။ သူကတော်တော်လည်းအိုနေပြီ။ မျက်လုံးတွေလည်း မကောင်းတော့ဘူး။ သေချာတာကတော့ တိုက်ချီဒိုလေးလည်း ​​​မေ​မေ့ကို လွမ်းနေမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Ma Ohm Mar Lwin
2023-08-20 09:15

မြန်မာပြည်ကိုအမြန်ဆုံး အေးချမ်းစေချင်ပါပြီး ပြည်သူတွေလည်း စားဝတ်နေရေး နဲ့ပညာသင်နေ ကလေးတွေလည်းပညာနောက်နှေးရတဲ့ အဖြစ်ဆိုးစနစ်ဆိုးတွေ ကနေလွတ်မြောက်ချင်နေပါပြီး စစ်အာဏာရှင်တွေကိုလည်း တောင်ပန်းလို့ရရင်တောင်းပန်ချင်ပါတယ် ကိုယ်တစ်ဖို့ထဲကောင်းစားဖို့အတွက် ပြည်သူတွေအသက်တွေကို ကြက်ကလေးငှက်ကလေးတွေသဘောထားပြီးသတ်ဖျက်တာတွေရပ်စဲပေးပါတော့လို့ပြောချင်ပါတယ် ဒီလောက်နဲ့လည်း ဆွေစဥ်မျိုးဆက် စားမကုန်အောင်ပြည့်စုံပါပြီး မရှိဆင်းရဲသားတွေကိုငှဲ့ညာသနားပေးပါအုံးလို့ပြောချင်ပါတယ်ရှင်😞😞