ထိုင်းမှာ ထိန်းသိမ်းခံနေရတဲ့ အလှမယ်ဟန်လေးနဲ့ ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲ စင်မြင့်ထက်ကနေ ပြောဆိုခဲ့သူ မြန်မာအလှမယ် ဟန်လေးကို ဘန်ကောက်မြို့က လေဆိပ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ မနေ့က ညပိုင်း ၁ဝ နာရီလောက်က အခြေအနေတွေကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။
-------------
မြန်မာအလှမယ် ဟန်လေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၁ ရက် မနေ့ညမှာ ဖမ်းဆီးလိုက်တာပါ။
ဟန်လေးဟာ ၂ဝ၂၁ ခုနှစ် ဧပြီလတုန်းက ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Grand International နိုင်ငံတကာအလှမယ်ပြိုင်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့ ပြောဆိုခဲ့သူဖြစ်ပါတယ်။
အဲဒီနောက် သူဟာ မြန်မာနိုင်ငံကို မပြန်ဘဲ ထိုင်းနိုင်ငံမှာ အလည်အပတ်ဗီဇာနဲ့ နေထိုင်နေတာ အခုဆိုရင် တစ်နှစ်ခွဲကျော် ရှိပါပြီ။
ဗီဇာ သက်တမ်းထပ်တိုးလို့ မရတော့တာကြောင့် ထိုင်းနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို သုံးရက်ခရီးသွား အဝင်အထွက်ပြပြီး သက်တမ်းပြန်တိုးဖို့ ကြိုးစားချိန် လေဆိပ်မှာ အဖမ်းခံရတာဖြစ်ပါတယ်။
RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ မနေ့က ညပိုင်းအချိန်ထိ သူဟာ ထိုင်းနိုင်ငံပြန်ဝင်လို့ မရဘဲ လေဆိပ်မှာ ထိန်းသိမ်းခံထားရတာပါ။

သူဟာ မြန်မာပြည်တွင်းမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့သူဆိုပြီး စစ်ကောင်စီဘက်က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ကို အကြောင်းကြားထားတာကြောင့် အဖမ်းခံနေရတာလို့ အခုလိုစပြောပါတယ်။
"ဗီယက်နမ်ကနေ ထိုင်းကိုပြန်လာချိန်မှာ ဗီယက်နမ်ကို မြန်မာဘက်က အကြောင်းကြားထားတယ်ထင်ပါတယ်။ ဗီယက်နမ်က ပြန်လာတဲ့အချိန်မှာ ဟန်လေးရဲ့ ပတ်စ်စပို့ကို စစ်တော့ အင်တာပိုလ်မှာ တင်ထားတယ်ဆိုပြီး red notice ( အနီရောင် သတိပေးချက်) ပေါ်လာတယ်။ အဲ့ဒါနဲ့ ထိုင်းဘက်ကို ဝင်ခွင့်မပြုဘူး။ မပြုဘဲနဲ့ ဗီယက်ကျင်းလေကြောင်းက ပတ်စပို့ကို သိမ်းထားတယ်။ process အရဆိုရင် သူတို့က လာတဲ့နိုင်ငံကို ပြန်ပို့ရတာပေါ့နော်။ ဒါပေမဲ့ ဟန်လေးက ဗီယက်နမ်ကို ထပ်မသွားချင်ဘူးလို့ ငြင်းထားတော့ လေဆိပ်မှာ ခဏထားထားတယ်။ ပြီးတော့ UNHCR ကလည်း ထိုင်းအစိုးရနဲ့ ချိတ်လုပ်နေတယ်။ ညီမကို အကောင်းဆုံးလမ်းရောက်အောင်၊ ထိုင်းဘက်ကို ပြန်လာတာပဲဖြစ်ဖြစ် တခြားနိုင်ငံသွားတာပဲ ဖြစ်ဖြစ်ပေါ့နော်။ "
RFA - ဟန်လေးရဲ့ ပတ်စ်စပို့စ်က ဘာလို့ နိုင်ငံတကာရဲတပ်ဖွဲ့မှာ အမည်ပျက်စာရင်းပေါက်နေရတာလဲ။
ဟန်လေး - ထိုင်းရဲတပ်ဖွဲ့က သတင်းပို့ထားတာလို့ ပြောတယ်။ မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်ခဲ့လို့ပေါ့နော်။ ပတ်စ်စပို့စ်ကတော့ ပျောက်ဆုံးစာရင်းထဲ ထည့်ထားတယ်။
RFA - ဟန်လေးက ဗီယက်နမ်ဘက် ဘာသွားလုပ်တာလဲ။
ဟန်လေး - ပတ်စ်စပို့ဗီဇာသွားတိုးတာ၊ ထိုင်းမှာက Overstay ဖြစ်နေလို့၊ ဒီကနေ ပြန်ထွက်ပြီး ဗီဇာပြန်လုပ်ရင် ပုံမှန်အားဖြင့် ဗီဇာက အစကနေပြန်လျှောက်ဖို့ လွယ်တယ်။ မထွက်ခင်လည်း အကုန်စစ်သွားသေးတယ်။ ပြန်ဝင်လို့ရမလားပေါ့နော်။ ကိစ္စမရှိဘူး။ ထွက်လို့ရတယ်ဆိုတော့ ထွက်သွားပြီးမှ ဗီယက်နမ်ကနေ ထိုင်းကိုပြန်လာတဲ့အချိန်မှာ မြန်မာဘက်က ဗီယက်နမ်ကို အကြောင်းကြားလိုက်တယ်ထင်တယ်။
RFA - မြန်မာပြည်ဘက်ကို ပြန်ပို့မယ်လို့ရော ဟန်လေးကို ပြောလား။
ဟန်လေး - သူတို့မှာ အဲ့ဒီလို လုပ်ပိုင်ခွင့်မရှိဘူးပြောတယ်။ ညီမက UNHCR ရဲ့ အောက်မှာမို့လို့။ ဒါပေမဲ့ ဗီယက်နမ်ဘက်ကနေ ပြန်သွားရင်တော့ မသေချာဘူး ဗီယက်နမ်ဘက်က ပြန်ပို့နိုင်တယ်ပေါ့နော်။
RFA - ထိုင်းနိုင်ငံထဲမှာ ဟန်လေးက ဘာ ဗီဇာနဲ့ နေနေတာလဲ
ဟန်လေး - tourist visa နဲ့ နှစ်လတစ်ခါ တိုးပြီးနေနေတာ။ ပုံမှန်ဆို tourist visa နဲ့က ငါးလခြောက်လလောက်ပဲလုပ်လို့ရတာ။ အခုက overstay ကိုအများကြီးဖြစ်နေပြီ။ tourist ဗီဇာ နဲ့ နိုင်ငံခြားမှာ အကြာကြီးနေလို့မရဘူး။ တိုးချင်ရင် ကိုယ့်နိုင်ငံပြန်တိုးရတယ်။ သူတို့က နားလည်မှုနဲ့ တိုးပေးနေတာပေါ့နော်။

RFA - အခုဟန်လေးက တတိယနိုင်ငံသွားချင်လား၊ ဘာဆက်လုပ်မလဲ။
ဟန်လေး - ညီမဖြစ်ချင်တာက ထိုင်းဘက်ပဲ ပြန်ဝင်ချင်တယ်။ ပြီးတော့မှ UNHCR အောက်ကနေ တစ်ခုခုလုပ်ချင်တယ်။ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။
RFA - ဟန်လေးဆိုရင် ဒါနိုင်ငံတကာ စင်မြင့်ကနေ စစ်တပ်ကို ရှုတ်ချခဲ့တယ်။ အဲ့ဒါကြောင့် နောက်ဆက်တွဲ အခုဆို ဒုက္ခရောက်နေတာပေါ့။ ဟန်လေး နောင်တရလား ။
ဟန်လေး - ညီမရဲ့ ရပ်တည်ချက်နဲ့ ညီမမှန်တာ လုပ်ခဲ့တယ်။ အခုထိလည်း မှားတယ်မတွေးခဲ့ဘူး။ ညီမမှန်တာ လုပ်တယ်။ ဘယ်သူစကားမှ နားမထောင်ဘဲ ခိုင်ခိုင်မာမာရပ်တည်တယ်။ ဒီလိုဖြစ်လာတာလည်း မှားလို့ဖြစ်လာတာ မဟုတ်ဘူး။ အမှန်တရား လုပ်လို့ဖြစ်လာတာ။ ညီမကိုကူညီမယ့် အဖွဲ့အစည်းတွေ နိုင်ငံတွေက ညီမကို အဆင်သင့်စောင့်မျှော်နေမယ်လို့ ညီမမျှော်လင့်တယ်။
RFA - အခုဆို ဟန်လေး နိုင်ငံမဲ့တစ်ယောက်လိုဖြစ်နေတာပေါ့။ မြန်မာပြည်မှာတော့ အလှမယ်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တော့ အခု ဘဝရပ်တည်ရေး ဘယ်လိုလုပ်နေလဲ။
ဟန်လေး - အလှမယ်ဆိုပြီးတော့ သိပ်မစဉ်းစားဖြစ်သေးဘူး။ လတ်တလော နိုင်ငံခြားမှာ ရုန်းကန်နေရတယ်။ အသင့်စား အသင့်နေနေရတဲ့ ဘဝမဟုတ်ဘူးလေ။ ပိုက်ဆံက ဘယ်သူမှ ညီမကို လာပေးတာ မဟုတ်ဘူးလေ။ ညီမရဲ့ Miss Organization က ညီမကို အလုပ်ပေးထားလို့ အဆင်ပြေနေတာ။ ညီမ တခြားနိုင်ငံရောက်ရင်လည်း ဘယ်ကစရစရ အဆင်ပြေတယ်။
"သူတို့ကတော့ နိုင်ငံတော် အကြည်အညိုပျက်စေတယ်ပေါ့နော်။ မကြိုက်လို့ မကြိုက်ကြောင်းပြောတာကို အကြည်ညိုပျက်တယ်တဲ့"
RFA - ဟန်လေး အခု မြန်မာပြည်ပြန်ရင် ဘယ်လောက်ထိ အန္တရာယ်ရှိသလဲ။
ဟန်လေး - ညီမကို ၁၂၄/က နဲ့ စွဲထားတာ။ နိုင်ငံတော်ပုန်ကန်မှုဆိုတော့ အကိုတို့သိတဲ့ အတိုင်းပဲ။ ညီမလေဆိပ်ပြန်ရောက်ဖို့မပြောနဲ့ ပြန်မယ်လို့ သတင်းကြားတာနဲ့ စစ်တပ်ကြီး တစ်တပ်လုံးက စောင့်နေမှာ။ နိုင်ငံတော်ပုန်ကန်မှု ၅ဝ၅ ထပ်လည်းပိုမြင့်တယ်။ အင်တာပိုထိတောင် သတင်းပို့ထားတာဆိုတော့ ညီမကို အရမ်းလိုချင်နေကြမှန်းသိပါတယ်။
RFA - ဟန်လေး လုပ်ခဲ့တာတွေက တကယ်ပဲ နိုင်ငံတော် အကြည်အညိုပျက်စေသလား။
ဟန်လေး - သူတို့ကတော့ နိုင်ငံတော် အကြည်အညိုပျက်စေတယ်ပေါ့နော်။ မကြိုက်လို့ မကြိုက်ကြောင်းပြောတာကို အကြည်ညိုပျက်တယ်တဲ့။ သူတို့က သူတို့ဘက်လိုက်ပြောစေချင်တယ်။ သူတို့လုပ်တာ မှန်တယ်ပြောစေချင်တယ်။ ဒါကို ညီမက မမှန်ဘူးပြောတာကို အကြည်ညိုပျက်စေတယ်ဆိုပြီး စွဲတင်တာ။ အရမ်းရှင်းပါတယ်။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တော့ မြန်မာအလှမယ် ဟန်လေးကို ဖမ်းဆီးထားတာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်။
သူဟာ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို စက်တင်ဘာ ၂၂ ရက်နေ့ ညနေက ရောက်ရှိလာရာမှာ ခရီးသွားစာရွက်စာတမ်းမပြည့်စုံတာနဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဥပဒေပုဒ်မ ၁၂ (၁) အရ ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ပြီး ပြည်နှင်ဒဏ်ပေးမှာဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပုဒ်မ ၁၂ (၁) ဟာ တရားမဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားမဝင် ခရီးသွားစာရွက်စာတမ်းနဲ့ဝင်ရောက်လာသူတွေကို အရေးယူတဲ့ပုဒ်မ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က အလှမယ် ဟန်လေးကို နှင်ထုတ်ရေးအတွက် လေကြောင်းလိုင်းနဲ့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကို RFA က ဖုန်းဆက်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။