ဖမ်းဆီးခံသတင်းထောက်တွေ ပြန်လွတ်ရေး DVB ကြိုးပမ်းနေ
မေလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ဒီဗွီဘီသတင်းထောက် ၃ ဦးနဲ့ နိုင်ငံရေးလှုပ်ရှားသူ ၂ ဦး စုစုပေါင်းငါးဦး ပြန်လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားနေတယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အမှုဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ပြောလိုက်ပါတယ်။
သူတို့ ၅ ဦးဟာ ဒီဗွီဘီအပါအဝင် ပြည်တွင်းမီဒီယာ ငါးခုကို စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်ချိန်မှာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း နေအိမ်တစ်ခုမှာ ခိုလှုံနေစဥ် မနေ့ညပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ထောက်ရှုတဲ့အနေနဲ့ ဘယ်သူဘယ်ဝါ အဖမ်းခံထားရတယ် ဆိုတာကို DVB က နာမည်အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ သူတို့ သုံးဦးထဲမှာ နှစ်ဦးက အမျိုးသားတွေဖြစ်ပြီး၊ ကျန်တစ်ဦးက အမျိုးသမီးသတင်းထောက် ဖြစ်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ဒီဖြစ်စဉ်အကြောင်း အသေးစိတ် သိနိုင်ဖို့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကို RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။