ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ် ရွေးချယ်မယ့် အလားအလာ

2021.09.20

အခု ဆက်လက်ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခွင့်ပေးထားပြီး၊ အာဏာသိမ်း စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ခွင့် မပြုဘဲ ထားတာဟာ အမေရိကန် နဲ့ တရုတ် နှစ်နိုင်ငံလုံးက လက်ခံနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ International Crisis Group ရဲ့ ကုလသမဂ္ဂရေးရာ ညွှန်ကြားရေးမှူး Richard Gowan က ပြောပါတယ်။

မကြာသေးခင်က Foreign Policy မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အကြား သဘောတူညီချက်နဲ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်မယ့် ကိုယ်စားလှယ်ကို credential committee က ရွေးချယ်ဆုံးဖြတ်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA။     ။မကြာခင်က Foreign Policy မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးမှာ အာဏာသိမ်းစစ်ကောင်စီကို အထွေထွေညီလာခံ တက်ခွင့်မပေးဖို့နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ ညီလာခံမှာ စကားမပြောဖို့ အချက်တွေ ပါဝင်တဲ့ သဘောတူညီချက်တစ်ခုကို တရုတ်နဲ့ အမေရိကန်အကြားမှာ သဘောတူညီချက် ရထားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီလိုသဘောတူညီချက် ရထားတာ မှန်ကန်ကြောင်းကို ကုလသမဂ္ဂကျွမ်းကျင်သူတစ်ဦးအနေနဲ့ လူကြီးမင်းကလည်း ဆောင်းပါးထဲမှာ ပြောထားတာတွေ့ရပါတယ်။ အဲဒီတရုတ်နဲ့ အမေရိကန်အကြားက သဘောတူညီချက်အကြောင်း သိထားသလောက် ပြောပြလို့ရမလားခင်ဗျ။

ကျွန်တော်သိထားသလောက်တော့ အခု ပေါ်ထွက်လာတဲ့ သဘောတူညီချက်အရ စစ်ကောင်စီက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အထွေထွေ ညီလာခံကို တက်ရောက်ခွင့် မပေးဖို့နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ အထွေထွေ ညီလာခံမှာ low profile အနေနဲ့ နေပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အပြစ်တင်ရှုတ်ချတာမျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ အမေရိကန်က သူတို့လိုလားသလိုပဲ အထွေထွေညီလာခံမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် တက်ရောက်ခွင့်မရဘဲ သူတို့ကို အသိအမှတ်ပြုတဲ့သဘော မဖြစ်တဲ့အတွက် အမေရိကန်ဘက်က သဘောတူတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဒီအခြေအနေကနေ တရုတ်နိုင်ငံအတွက် မျက်နှာပျက်စရာလုပ်ရပ်တွေ ပေါ်ထွက်လာဖို့ မရှိတဲ့အတွက်လည်း တရုတ်နိုင်ငံဘက်က လက်ခံထားတာဖြစ်ပါတယ်။

RFA။     ။တရုတ်နိုင်ငံက ဘာကြောင့် သူတို့အတွက် ထိခိုက်စရာ ဖြစ်လာမယ်လို့ စိုးရိမ်နေတာလို့ ထင်ပါသလဲ။

ကုလအထွေထွေညီလာခံမှာ တက်ရောက်ခွင့်ရတာကို အကြောင်းပြုပြီး၊ မြန်မာ သံအမတ်ကနေ မြန်မာ စစ်တပ်ကို ဘေဂျင်းအစိုးရက အားပေးထောက်ခံခဲ့တာကို ထုတ်ပြောပြီး ဝေဖန်လာမယ်ဆိုရင် တရုတ်နိုင်ငံအတွက် မျက်နှာပျက်စရာ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကုလအထွေထွေညီလာခံမှာ ဘယ်သူ့ကို မြန်မာနိုင်ငံကိုယ်စားပြုဖို့ လက်ခံမလဲဆိုတာကို မဲခွဲဆုံးဖြတ်တာလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလို မဲခွဲဆုံးဖြတ်ဖြစ်ခဲ့ရင် ညီလာခံတက်ခွင့်ရထားတဲ့ဘက်က လုပ်ဆောင်ချက်ကြောင့် တက်ခွင့်မရတဲ့ ဘက်က ရှုံးနိမ့်သွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

RFA။     ။မြန်မာသံအမတ်အနေနဲ့ တက်ရောက်စကားပြောတာ မလုပ်ဖို့ သဘောတူထားတယ်ဆိုရင်၊ အထွေထွေ ညီလာခံအချိန်ဇယားထဲမှာတော့ နိုဝင်ဘာလ ၂၇ရက်နေ့မှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်ကနေ မိန့်ခွန်းပြောမယ့် အစီအစဉ် ပါဝင်နေတာ တွေ့ရပါတယ်။ ဒါဘာကြောင့်ပါလဲ။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ high level session အချိန်ဇယားထဲမှာ မြန်မာနိုင်ငံကိုယ်စားလှယ်ကနေ မိန့်ခွန်းပြောကြားမယ့် အစီအစဉ် ပါဝင်နေပါတယ်။ ဒါပေမယ့် Foreign policy မဂဇင်း ဆောင်းပါးထဲမှာ ဦးကျော်မိုးထွန်း ပြောထားသလိုပဲ သူ့အနေနဲ့ မိန့်ခွန်းမပြောဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အလားတူပဲ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန် နဲ့ အာဏာသိမ်းမှု ဖြစ်ပွားတဲ့ ဂီနီ နိုင်ငံတွေ အနေနဲ့လည်း အထွေထွေ ညီလာခံ အချိန်ဇယားထဲမှာ ထည့်ထားပေမယ့် အမှန်တကယ် မိန့်ခွန်းပြောဖြစ်မှာ မဟုတ်ပါဘူး။

RFA။     ။လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ထပ်ပြီး ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အဲဒီအတောအတွင်း ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

ကုလအထွေထွေညီလာခံ ကျင်းပနေတဲ့ နယူးယောက်မြို့မှာ တရုတ် နိုင်ငံနဲ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် တဲ့ နိုင်ငံတွေ အားလုံးက အခြားနိုင်ငံတွေကို လော်ဘီလုပ်ပြီး စည်းရုံးတာတွေ လုပ်ကြပါလိမ့်မယ်။ နှစ်ဘက်လုံးက သူတို့ လိုလားတဲ့ ကိုယ်စားလှယ်ကို လက်ခံဖို့ ထောက်ခံမဲ အလုံအလောက်ရမလားဆိုတာလည်း ချိန်ဆကြပါလိမ့်မယ်။ တကယ်လို့ နိုဝင်ဘာလရောက်တဲ့အထိ လုံလောက်တဲ့ ထောက်ခံမဲမရရင် ဒီကိစ္စကို မဆုံးဖြတ်သေးပဲ ဆက်လက်ရွေ့ဆိုင်းထားဖို့ ကြိုးစားကြပါလိမ့်မယ်။ သေချာတာ တစ်ခုကတော့ တရုတ်နဲ့ အမေရိကန် နှစ်ဘက်လုံးက သံတမန်တွေက မြန်မာနိုင်ငံအရေးကြောင့် အထွေထွေညီလာခံမှာ သဘောထား တင်းမာမှုတွေ မဖြစ်မှာကို မလိုလားကြပါဘူး။

RFA။     ။အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို မြန်မာနိုင်ငံ အစိုးရအဖြစ် အထွေထွေ ညီလာခံ တက်ခွင့်ပေးဖို့ အမေရိကန် နဲ့ အနောက်နိုင်ငံတွေက ဘယ်လို သဘောထားရှိတယ် ထင်ပါသလဲ။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ NUG ကို အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြု အစိုးရအဖြစ် အသိအမှတ်ပြုမှု ရတာကို စစ်ကောင်စီကို တရားမဝင်ဖြစ်ကြောင်း ကြေငြာနိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဝါရှင်တန်နဲ့ အခြား အနောက်နိုင်ငံ အစိုးရတွေဟာ NUG ကို နိုင်ငံတကာက လက်ခံအသိအမှတ်ပြုမူ သေချာပေါက်ရလိမ့်မယ်လို့ ယုံကြည်လာအောင် အာမခံချက် ပေးမိတာမျိုး မလုပ်မိဖို့ သတိထားနေပါတယ်။ အထူးသဖြင့် NUG က စစ်ကောင်စီကို တိုက်ခိုက်ကြဖို့ စစ်ကြေညာလိုက်တဲ့ လုပ်ရပ်အပြီးမှာ ပိုပြီး သတိထားနေပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ပြီး ဖြစ်လာအောင် အားပေးလိုက်တယ်ဆိုတဲ့ သဘောမျိုး မဖြစ်စေချင်ပါဘူး။ အနောက်နိုင်ငံတွေက NUG ကို ထောက်ခံလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုဆိုးလာတယ်လို့ တရုတ်နဲ့ ရုရှားဘက်က အပြစ်တင်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။

RFA။     ။အခုလို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ နိုင်ငံကိုယ်စားပြုမယ့်သူ အငြင်းပွားခဲ့တဲ့ ဥပမာတွေ ရှိခဲ့ပါသလား။ အဲဒီတုန်းကရော ဘယ်လို နည်းလမ်းတွေနဲ့ ပြေလည်သွားခဲ့သလဲ။

အတိတ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အလားတူ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ ကိုယ်တိုင်ကလည်း တစ်ချိန်က တရုတ် ပြည်တွင်စစ်အပြီးမှာ အလားတူကြုံခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်တွေမှာ ကမ္ဘောဒီးယားနဲ့ ၁၉၉၀ ခုနှစ်တွေမှာ အာဖဂန်နစ္စတန် နိုင်ငံတွေကလည်း အလားတူကြုံခဲ့ပါတယ်။ တရုတ်နိုင်ငံအရေးမှာတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံလို့ခေါ်တဲ့ တရုတ်ပြည်မဟာ နှစ်ပေါင်း ၂၀ လောက် အခြားနိုင်ငံတွေကို စည်းရုံးပြီးတဲ့နောက် သူတို့ကို ထောက်ခံမဲပေးမယ့် နိုင်ငံအလုံအလောက် ရလာခဲ့ပါတယ်။ အဲဒီနောက် တရုတ်သမ္မတနိုင်ငံလို့ ခေါ်တဲ့ ထိုင်ဝမ်ကိုယ်စားပြုတက်ရောက်ခွင့် ပေးထားတာကို ပြန်ရုပ်သိမ်းပြီး တရုတ်ပြည်မကို ကိုယ်စားပြုခွင့် ပေးခဲ့ပါတယ်။ အာဖဂန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ပြည်တွင်းမှာပဲ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှု အောင်မြင်ပြီး၊ အငြင်းပွားမှု အဆုံးသတ်သွားခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကတော့ အခုအချိန်မှာ အဲဒီတုန်းက အငြင်းပွားမှု တကျော့ပြန် ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။