စစ်မှုထမ်းဥပဒေ အလုပ်မဖြစ်ကြောင်း ကုလကိုယ်စားလှယ်ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.03.20

မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာတွမ် အင်ဒရူး (Tom Andrews) က RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ နိုင်ငံတွေအနေနဲ့ ဘေးအန္တရာယ်ရှိနေသူတွေကို မူရင်းနိုင်ငံကို ပြန်မပို့ဖို့ သတ်မှတ်ထားတဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။
------------
RFA: ဟုတ်ကဲ့ RFA ကနေ ကြိုဆိုပါတယ်။ ဒီနေ့မေးမြန်းခန်းမှာ ပထမဆုံးအနေနဲ့ မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတွေအကြောင်းကို မေးချင်ပါတယ်။ ဒီ စစ်မှုထမ်းဥပဒေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ အကြောက်တရားတွေနဲ့ စိုးရိမ်ပူပန်မှုတွေ လွှမ်းမိုးနေပြီး မြန်မာပြည်သူတွေဟာလည်း မြန်မာနိုင်ငံကနေ ရတဲ့နည်းနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြတာလည်း တွေ့ရပါတယ်။ ဒါကြောင့် လူကြီးမင်းရဲ့ သုံးသပ်ချက်အရပေါ့။ ဒီ စစ်မှုထမ်းဥပဒေကြောင့် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာသလဲဆိုတာရယ်။ မြန်မာနိုင်ငံက ရှိပြီးသား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လောက်တောင် ပိုဆိုးသွားစေသလဲဆိုတာ ပြောပြပေးပါ ခင်ဗျ။

 ■ အခုလို RFA ကို ဖိတ်ခေါ်တာ ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောလိုပါတယ်။ တကယ်တော့ ဒီ စစ်မှုထမ်းဥပဒေဟာ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကြံရာမရဖြစ်နေတဲ့ လက္ခဏာလို့ ကျွန်တော် ထင်ပါတယ်။ မြန်မာစစ်တပ်ဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆက်ပြီးလည်း ရှုံးနိမ့်နေပါတယ်။ သူတို့မှာ တရားဝင်ဖြစ်မှုလည်း မရှိပါဘူး။ သူတို့ထိန်းချုပ်နိုင်တဲ့ နိုင်ငံဧရိယာကလည်း ကျဉ်းသထက် ကျဉ်းလာနေပါတယ်။ တပ်သားတွေလည်း ဆက်ဆုံးရှုံးနေပါတယ်။ အာဏာသိမ်းပြီးကတည်းက ထောင်သောင်းချီတဲ့ တပ်သားတွေ ကျဆုံးခဲ့ပါတယ်။ ။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ တပ်သားတွေကို ရရာနည်းလမ်းနဲ့ ပြန်လည် ဖြည့်တင်းဖို့ အခုလို စစ်မှုထမ်းဥပဒေကို ထုတ်သုံးလိုက်တာပါ။ ဒါပေမဲ့ ဒီစစ်မှုထမ်း ဥပဒေက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အခု ထိုင်းသံရုံးရှေ့မှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးတွေကိုပဲ ကြည့်ပါ။ အလွန်များပြားတဲ့ ပြည်သူတွေဟာ ရရာနည်းလမ်းနဲ့ ပြည်ပထွက်ဖို့ ကြိုးစားနေကြတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒီစစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သွားပေါင်းဖို့ တွန်းပို့လိုက်သလို ဖြစ်လိမ့်မယ် ဆိုတာလည်း သိထားပါတယ်။ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး၊ သူတို့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူတို့နေခဲ့တဲ့ ကျေးရွာတွေကို တိုက်ခိုက်ခိုင်းမဲ့အကြံဟာ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ပြည်သူတွေက ဒီလို လုပ်ကြမှာ မဟုတ်ပါဘူး။ အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရတဲ့သူ အများစုက ဒီလို အဖြစ်ဆိုးကြီးကို ရတဲ့နည်းလမ်းနဲ့ ရှောင်ကျဉ်ဖို့ ကြိုးစားကြမှာပါပဲ။

RFA: အခုဆို စစ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကိုလည်း စစ်မှုထမ်းခိုင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါကြောင့် အခြေအနေတွေ ဘယ်လို ပိုပြီးရှုပ်ထွေးလာနိုင်ပါသလဲ။

 ■ စဉ်းစားကြည့်ပါ။ ရိုဟင်ဂျာတွေဟာ အလွန်မှပဲ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေနဲ့ ဆက်ဆံခံခဲ့ရပါတယ်။ အခု သူတို့ကို စစ်မှုထမ်းခိုင်းနေတဲ့ မြန်မာစစ်တပ်ကပဲ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ဖွဲ့ အကြားမှာ ဘေးကျပ်နံကျပ် ပိတ်မိနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် သူတို့အတွက် အလွန်မှ ခက်ခဲတဲ့ အခြေအနေ ဖြစ်လာစေပါတယ်။ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ ဖြစ်မှုကို အမြတ်ထုတ်ပြီး စစ်မှုထမ်းဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို အင်အားသုံးပြီး ခြိမ်းခြောက်တာတို့၊ သူတို့ ရနေတဲ့ မဖြစ်စလောက် စားစရာ ခွဲတမ်းလေးကို ဖြတ်တောက်ပြီး အကျပ်ကိုင်တာတို့၊ နည်းလမ်းအမျိုးမျိုးသုံးပြီး စစ်မှုထမ်းဖို့ ဖိအားပေးပါလိမ့်မယ်။ စစ်တပ်ထဲရောက်လာတဲ့ ရိုဟင်ဂျာတွေကိုလည်း ကုန်ပစ္စည်းသယ်ဖို့၊ အဓမ္မ လုပ်သားအနေနဲ့ သုံးတာမျိုး၊ သူတို့တပ်ဖွဲ့တွေ ရှေ့ကနေလျှောက်ခိုင်းပြီး မိုင်းရှင်းဖို့ သုံးတာမျိုးတွေ လုပ်ပါလိမ့်မယ်။ ရိုဟင်ဂျာတွေအတွက်တော့ တော်တော်ဆိုးဝါးတဲ့ အခြေအနေဖြစ်ပါတယ်။ သူတို့အပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကပဲ ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းပြီး သူတို့နဲ့ တစ်တန်းတစားထဲ ဖြစ်သွားအောင် လုပ်တော့မဲ့ သဘောဖြစ်ပါတယ်။

RFA : အခုအချိန်မှာ ဒီစစ်မှုထမ်းဥပဒေကြောင့်ရော၊ အခြား စစ်ရေးပဋိပက္ခတွေကြောင့်ပါ မြန်မာပြည်သူ အမြောက်အမြားဟာ နိုင်ငံထဲကနေ ထွက်ခွာဖို့ ကြိုးစားနေကြပါတယ်။ ဒီလို အခြေအနေမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံထားတဲ့ နိုင်ငံတွေကို ဘာများ ပြောချင်ပါသလဲ။

■ နိုင်ငံတကာ ဥပဒေတွေအရ၊ အသက်ဘေးကနေ ထွက်ပြေးလာတဲ့ သူတွေကို အတင်းအကျပ် ပြန်မပို့ဖို့ သတ်မှတ်ထားတဲ့ Non-refoulement သဘောတရားကို လေးစားလိုက်နာပါလို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ သူတွေကို လက်ခံထားပါ။ အကာအကွယ်ပေးပါ။ အကူအညီပေးပါ။ လေးစားမှုနဲ့ ကူညီစောင့်ရှောက်ပေးပါလို့ ပြောချင်ပါတယ်။ မြန်မာပြည်သူတွေ နယ်စပ်ဖြတ်ကျော်ပြီး ခင်ဗျားတို့ နိုင်ငံဘက်ကို ထွက်ပြေးလာကြတာ၊ လာချင်လွန်းလို့ မဟုတ်ပါဘူး။ ဘယ်လိုမှ ဆက်နေလို့မဖြစ်လို့ ထွက်ပြေးလာရတာပါ။ သူတို့အတွက် အသက်အန္တရာယ်ရှိနေလို့ ပြေးလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအသိုင်းအဝန်းနဲ့ အိမ်နီးချင်း နိုင်ငံတွေအနေနဲ့ ဘေးကင်းလုံခြုံမှုရဖို့ ထွက်ပြေးလာကြတဲ့ မြန်မာပြည်သူတွေကို အားပေးကူညီကြပါလို့ ပြောချင်ပါတယ်။

RFA: မြန်မာနိုင်ငံမှာ အခုလို အခြေအနေတွေ ပိုဆိုးလာတာနဲ့ပတ်သက်လို့၊ စစ်ခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူတွေကို ဘယ်လို သတင်းစကားမျိုး ပါးချင်ပါသလဲ။

  မြန်မာစစ်ခေါင်းဆောင်တွေအတွက် အချိန်များများ မကျန်တော့ပါဘူး။ နယ်မြေတွေ ဆုံးရှုံးနေပြီး တပ်ဖွဲ့တွေလည်း ဆက်ပြီး ဆုံးရှုံးနေပါတယ်။ သူတို့မှာ ရှိသမျှ တရားဝင်ဖြစ်မှုတွေလည်း ဆုံးရှုံးသွားပါပြီ။ သူတို့ဟာ ကြံရာမရ ဖြစ်နေပါတယ်။ သူတို့ ကျဆုံးတော့မဲ့ အခြေအနေကို ရှောင်လွှဲဖို့ ရရာအကြံတွေ ထုတ်သုံးနေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အာဏာဟာ ကျဆင်းနေပြီး ဆက်လက်ပြီးလည်း ကျဆင်းနေမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ကတော့ စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ရဲစွမ်းသတ္တိတွေကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်နဲ့ အခြားသူတွေအတွက် လေးစားစရာပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုကို ရသင့်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းဟာ မြန်မာပြည်သူတွေအတွက် ရသင့်ရထိုက်တဲ့ ကူညီထောက်ပံ့မှု ပေးဖို့ ပျက်ကွက်နေပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ တာဝန်က မြန်မာပြည်သူတွေ သူတို့နိုင်ငံနဲ့ အနာဂတ်ကို ပြန်ရဖို့ ကြိုးစားနေတာကို ပိုပြီး အားကောင်းတဲ့ အားပေးထောက်ခံမှုတွေ ရလာအောင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ကုလသမဂ္ဂ ကိုယ်တိုင်ကို တိုက်တွန်းလှုံ့ဆော်သွားဖို့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။