မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆောင်ရွက်ချက် တိုးတက်မှုမရှိကြောင်း ကုလအထူးကိုယ်စားလှယ် ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.04.11
မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆောင်ရွက်ချက် တိုးတက်မှုမရှိကြောင်း ကုလအထူးကိုယ်စားလှယ် ပြော ၂ဝ၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် မြန်မာ့အရေးသတင်းစာရှင်းလင်းပွဲတက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး (Tom Andrews)။
Photo: UN Web TV

မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘာမှလုပ်မပေးနိုင်တဲ့အတွက် တစ်နိုင်ငံချင်း ပိတ်ဆို့အရေးယူတာတွေကို မဟာဗျူဟာကျကျနဲ့ ဟန်ချက်ညီညီ ချမှတ်သွားနိုင်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး (Tom Andrews) က ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က မစ္စတာ တွမ်အင်ဒရူးကို တွေ့ဆုံမေးမြန်းထားပါတယ်။
______________________

RFA : မြန်မာ့အရေးနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို ဘယ်လိုများ သုံးသပ်ပါသလဲ။

■ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ပတ်သက်လို့ ဘာမှမတိုးတက်တာ ပထမဆုံး ပြောချင်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်တင်ပို့မှု ပိတ်ပင်ဖို့နဲ့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ကို လွှဲပြောင်းဖို့ လုပ်ပေးနိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိတဲ့အတွက် ဘာမှဆက်မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလေးထားတဲ့ နိုင်ငံတွေ တစ်နိုင်ငံချင်း လုပ်ပေးနိုင်သလောက်အပေါ်မှာပဲ မူတည်နေပါတယ်။ သတင်းကောင်းကတော့ လက်ရှိ နိုင်ငံတော်တော်များများက မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ ပိတ်ပင်တာနဲ့ စစ်ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းထားတာကို တစ်နိုင်ငံချင်း လုပ်နေကြပါတယ်။ အမေရိကန်နဲ့ သြစတြေးလျလို နိုင်ငံတွေက မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ဘဏ်တွေကိုပါ ပစ်မှတ်ထား ပိတ်ဆို့အရေးယူနေပါတယ်။

ဒါတွေအားလုံးဟာ မြန်မာစစ်တပ်ကို ပိုအားလျော့လာစေပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နိုင်စွမ်း လျော့ကျသွားစေမဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ပြဿနာက ဒီလုပ်ရပ်တွေ အားလုံးဟာ မဟာဗျူဟာကျကျ ဟန်ချက်ညီညီ ဆောင်ရွက်နေကြတာ မဟုတ်ဘဲ တစ်နိုင်ငံတစ်မျိုး လုပ်နေကြတာပါ။ ဒါကြောင့်လည်း ဂျီနီဗာမှာလုပ်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာ့အရေး ထောက်ခံတဲ့ နိုင်ငံတွေ စုပေါင်းပြီး ညွန့်ပေါင်းအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းဖို့ အကြံပြုခဲ့ပါတယ်။ ဒီအဖွဲ့မှာပါတဲ့ နိုင်ငံတွေအားလုံး တွေ့ဆုံပြီး စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရပ်သွားအောင် လုပ်နိုင်မဲ့နည်းလမ်းတွေ၊ မြန်မာစစ်တပ်ရဲ့အားနည်းတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေကြဖို့ လိုပါတယ်။ ပြီးရင် ဒီအပိုင်းတွေကို ပစ်မှတ်ထားပြီး ဟန်ချက်ညီညီပိတ်ဆို့အရေးယူမှုတွေ စုပေါင်းချမှတ်ကြဖို့ လိုပါတယ်။ ပြီးရင်လည်း ချထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာအောင် အားလုံး ဝိုင်းပြီး ကြပ်မတ်အရေးယူသွားကြရပါမယ်။ အခုအချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒါလုပ်ပေးမှာ မဟုတ်တဲ့အတွက် နိုင်ငံအားလုံး စုပေါင်းပြီး အရေးယူတဲ့ နည်းလမ်းကို ကျင့်သုံးကြဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး နိုင်ငံပြင်ပကနေ စုပေါင်းပိတ်ဆို့အရေးယူကြမှ စစ်ကောင်စီ အားလျော့လာပြီး နိုင်ငံတွင်းက ပြည်သူတွေအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

RFA: နောက်လာမဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီညီလာခံတွေကနေရော ဘာများမျှော်လင့်လို့ ရနိုင်မလဲ။

■ ကျွန်တော့်အနေနဲ့ကတော့ အကောင်းမြင်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ဆုံးဖြတ်ချက် (Resolution) ထုတ်ပြန်ထားတာရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံကို လက်နက်တွေ စီးဆင်းမှုရပ်တန့်အောင် လုပ်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ လုံခြုံရေး ကောင်စီကနေလည်း မြန်မာပြည်သူတွေကို အားပေးထောက်ခံကြောင်း ပုံစံအမျိုးမျိုးနဲ့ ပြသပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အပြောပဲ ရှိပါသေးတယ်။ လုပ်ဆောင်ချက် ပါမလာသေးပါဘူး။ လောလောဆယ် မြန်မာပြည်သူတွေအတွက် လိုအပ်နေတာက အပြောထက် အလုပ်နဲ့ပါ သက်သေပြဖို့ပါ။ အလုပ်နဲ့သက်သေပြနိုင်ဖို့ဆိုရင် ကုလသမဂ္ဂအဖွဲ့ဝင် တစ်နိုင်ငံချင်းစီက စစ်ကောင်စီအတွက် လိုအပ်နေတဲ့ လက်နက်နဲ့ဘဏ္ဍာငွေတွေ မရနိုင်အောင် ဖြတ်တောက်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။

RFA: အခုဆိုရင် NUG ရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုတဲ့နေရာကို နှစ်တိုင်း သက်တမ်းတိုးနေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း နိုင်ငံတကာက တရားဝင် အသိအမှတ်မပြုသေးပါဘူး။ ဒီလိုအခြေအနေကနေ အပြောင်းအလဲ ဖြစ်လာဖို့ အလားအလာကော ဘယ်လို ရှိမယ်လို့ ထင်ပါသလဲ။

■ အဲဒီအတွက် ဆက်ပြီး တွန်းအားပေးနေဖို့ လိုတယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင်ဖြစ်မှုနဲ့ ပတ်သက်လို့ အထူးအစီရင်ခံစာတစ်စောင် ကျွန်တော်ရေးထားတာ ရှိပါတယ်။ ဒီအစီရင်ခံစာမှာ စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့အစိုးရဖြစ်ဖို့ တရားဝင်ဖြစ်မှု မရှိကြောင်း ပြတ်ပြတ်သားသားပြောထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အခြားဘယ်အဖွဲ့အစည်းထက်မဆို ပိုပြီး တရားဝင်ဖြစ်မှု ရှိပါတယ်။ NUG ဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုပြီး တုံ့ပြန်ဆောင်ရွက်မှု ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂက NUG ကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုအသိအမှတ်ပြုဖို့လည်း တိုက်တွန်းနေပါတယ်။ NUG ကို ပြည်သူ့ဆန္ဒအရ အသိအမှတ်ပြုရုံတင်မကဘဲ လက်တွေ့ကျတဲ့အမြင်အရလည်း အသုံးချလို့ရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေကို အားပေးကူညီဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ နည်းလမ်းတွေလည်း NUG က ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ NUG ဟာ နိုင်ငံတကာအတွက် ကြီးမားတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့လည်း မြန်မာနိုင်ငံ ထိုင်ခုံမှာ ဆက်ရှိနေတာ တကယ်ကောင်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။