စစ်တပ်ရဲ့အင်အားသုံးဖြိုခွင်းမှုအပေါ် ကုလစုံစမ်းရေးအဖွဲ့ အကြီးအကဲနဲ့ မေးမြန်းချက်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.03.03

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး IIMM အဖွဲ့ဆီကို ပေးပို့တဲ့နေရာမှာ ကာယကံရှင်တွေအတွက် လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ပေးပို့ကြဖို့ IIMM အဖွဲ့ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဆန္ဒပြ တောင်းဆိုသူတွေကို အာဏာသိမ်း စစ်ကောင်စီက အင်အားသုံး ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေဟာ Crime against လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်၊ မမြောက် ဆိုတာနဲ့ ပတ်သက်ပြီး IIMM အဖွဲ့ အကြီးအကဲ Nicholas Koumjian (နီကိုလပ်စ် ကုမ်ဂျန်) ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA - မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ပြည်သူတွေကို အာဏာပိုင်တွေက အင်အားသုံးပြီး နှိမ်နှင်းနေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

မြန်မာနိုင်ငံက ဖြစ်ရပ်တွေက ကျွန်တော်တို့အတွက် စိုးရိမ်ပူပန်စရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ပြင်ဆင်နေကြတဲ့နောက် မြန်မာစစ်တပ်ဟာ ရန်ကုန်မြို့ပြင်ပက တပ်တွေကို ရန်ကုန်မြို့ထဲကို ရွေ့ပြောင်းမှု လုပ်ခဲ့တဲ့ သတင်းတွေ ရထားတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ IIMM အဖွဲ့အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းကပဲ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ရဲ့ တာဝန်ပေးအပ်ချက်အရ ကျွန်တော်တို့ IIMM အဖွဲ့ရဲ့ တာဝန်က မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ နဲ့ နိုင်ငံတကာ ဥပဒေအရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေး နိုင်ဖို့ အထောက်အထားတွေ စုဆောင်းသွားဖို့ပါ။ အချိန်ကာလအရ လက်ရှိ အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာ အကျုံးဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က လိုအပ်တဲ့ အထောက်အထားတွေကို စုဆောင်းဖို့၊ ဒီအထောက်အထားတွေကို လေ့လာသုံးသပ်ဖို့နဲ့ ဒီဖြစ်ရပ်တွေဟာ နိုင်ငံတကာဥပဒေတွေအရ ရာဇဝတ်မှု မြောက်သလား ဆိုတာရယ်၊ ဒီရာဇဝတ်မှုတွေအတွက် တစ်စုံတစ်ဦးမှာ တာဝန်ရှိသလား ဆိုတာတွေကို အဆုံးအဖြတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီသုံးသပ်ချက်နဲ့ အထောက်အထားတွေကို မှတ်တမ်းအဖြစ် သိမ်းဆည်းပြီး၊ နိုင်ငံတကာနဲ့ ဒေသတွင်းက တရားရုံးတွေမှာ တရားစွဲဆို ရုံးတင်စစ်ဆေးတဲ့နေရာမှာ အသုံးပြုသွားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတဲ့ အမှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crime against humanity လို အလွန်ကြီးလေးတဲ့ အမှုမျိုး ဖြစ်တဲ့အတွက် statute of limitation လို့ခေါ်တဲ့ အပြစ်ပေးအရေးယူလို့ရတဲ့ အချိန် အကန့်အသတ်မရှိပါဘူး။ နောက် အနာဂတ် နှစ်ပေါင်းများစွာ အထိအောင် ဒီအထောက်အထားတွေကို အသုံးပြုပြီး အရေးယူအပြစ်ပေးဖို့ ရနေမှာ ဖြစ်ပါတယ်။

RFA - ဟုတ်ကဲ့။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပြည်သူတွေကို အာဏာပိုင်တွေကနေ အင်အားသုံးပြီး ဖြိုခွင်းတဲ့ လုပ်ရပ်တွေနဲ့ ဒီလို လုပ်ရပ်တွေကြောင့် ဆန္ဒပြ ပြည်သူအချို့ အသက်သေဆုံးရတာတွေဟာ Crime against humanity လို နိုင်ငံတကာ ဥပဒေတွေအရ ကြီးမားတဲ့ ရာဇဝတ်မှု မြောက်၊ မမြောက်ဆိုတာနဲ့ ပတ်သက်ပြီး၊ ဘယ်လို ထင်ပါသလဲ ခင်ဗျ။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) ဆိုတာ အရပ်သား ပြည်သူတွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျနဲ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအကျုံးဝင်ပါတယ်။ ဒီနေရာမှာ ထိခိုက်ခံရတဲ့သူတွေရဲ့ အရေအတွက်နဲ့ ထိခိုက်နစ်နာရတဲ့ အတိုင်းအတာတွေဟာ အလွန်အရေးကြီးပါတယ်။ အရပ်သားပြည်သူတွေ အသက်သေဆုံးတာ မရှိဘဲ (Crime Against Humanity) ဖြစ်မြောက်တာလဲ ရှိနိုင်ပါတယ်။ ဥပမာ arbitrary detention လို့ခေါ်တဲ့ ပြည်သူတွေကို အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းနေတာတွေဟာ Crime Against Humanity ထဲမှာ အကျုံးဝင်ပါတယ်။ ။ အရပ်သား ပြည်သူအရေအတွက် အမြောက်အမြားကို ဥပဒေ ချိုးဖောက်ကြောင်း ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ ဖမ်းဆီး ချုပ်နှောင်တာဟာ ပြင်းထန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာ မှာ၊ အဖမ်းခံထားရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို သူတို့ရဲ့ သက်ဆိုင်ရာမိသားစုဝင်တွေက တောင်းဆိုတဲ့အခါမှာ မပြောပြတာဟာလည်း forced disappearance လို့ခေါ်တဲ့ ပြစ်မှုမြောက်ပါတယ်။ ဒါက crime against humanity သတ်မှတ်ချက်ထဲမှာ ပါဝင်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ဒီ သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်နေသလား ဆိုတာနဲ့ ပတ်သက်လို့တော့ ဘာမှပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍဟာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ဖြစ်တဲ့အတွက်၊ ရရှိထားတဲ့ သက်သေအထောက်အထားတွေရဲ့ နောက်ကို လိုက်ပြီး စုံစမ်းစစ်ဆေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ အချက်အလက်တွေကို အခြေခံပြီး စုံစမ်းစစ်ဆေးတာ မဟုတ်တဲ့အတွက် သတင်းမီဒီယာတွေက ဖော်ပြချက်တွေဟာ ကျွန်တော်တို့အတွက် သိပ်ပြီး အသုံးမဝင်တဲ့အကြောင်းလည်း သိစေချင်ပါတယ်။ အခုဆိုရင် အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံက တည်ဆဲဥပဒေ အချို့ကို အရေးပေါ် ပြင်ဆင်လိုက်တဲ့ အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလိုပြင်ဆင်လိုက်တဲ့အတွက် စောစောက ပြောတဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဝရမ်းမရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးတာတို့၊ ရက်အကန့်အသတ်မရှိ ချုပ်နှောင်ထားတာလို နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို မြန်မာနိုင်ငံ ဥပဒေအရ တရားဝင်လုပ်လို့ ရသွားစေပါတယ်။

RFA - လက်ရှိ အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုထားတာ မရှိတဲ့အတွက် သူတို့က ဒီလို တည်ဆဲ ဥပဒေတွေကို ပြင်ဆင်လိုက်တာဟာ တရားဝင်ပါသလား။

■ ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို သဘောပေါက်ဖို့လိုတဲ့အကြောင်း ထပ်ပြီး ပြောချင်ပါတယ်။ ဒီအာဏာသိမ်း စစ်ကောင်စီက တရားဝင် ဖြစ်မဖြစ် ဆိုတာရယ်၊ ဥပဒေတွေကို ပြင်ဆင်လိုက်တာ တရားဝင်မဝင် ဆိုတာရယ်၊ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်က တရားဝင် ဖြစ်မဖြစ် ဆိုတာတွေ ဆုံးဖြတ်ပေးဖို့က ကျွန်တော်တို့ အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါပါဘူး။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်လို အခြား ပုဂ္ဂိုလ်တွေက အဲဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန်ထားပြီးပါပြီး။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ လူ့အခွင့်အရေးကောင်စီက ချမှတ်ထားတဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းကပဲ လုပ်သွားမှာ ဖြစ်ပါတယ်။

RFA - နိုင်ငံတကာက စုံစမ်းစစ်ဆေးအရေးယူမှုတွေ လုပ်တဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထက်အမိန့်ကြောင့် လုပ်ရတာပါလို့ အကြောင်းပြလို့ မရတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrews ကပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဘာများ ပြောချင်ပါသလဲ။

■ မစ္စတာ အန်ဒရူး ပြောသွားတာ မှန်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေအရ အခြေခံအကျဆုံး မူဘောင်တစ်ခုကတော့ အထက်လူကြီးတွေက ပေးတဲ့အမိန့်တွေဟာ နိုင်ငံတကာဥပဒေတွေအရ ရာဇဝတ်မှုမြောက်တယ်ဆိုရင် အထက်က အမိန့်ပေးလို့ ကျူးလွန်ရတာပါလို့ ခုခံကာကွယ်လို့ မရပါဘူး။ ဒါကြောင့်မို့ ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေအရ ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း နားလည်တဲ့သူတိုင်းဟာ အထက်က အမိန့်တွေကို မလိုက်နာဖို့ တာဝန်ရှိပါတယ်။

RFA - အခုဆိုရင် မြန်မာနိုင်ငံက ပြည်သူအချို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ခိုင်လုံတဲ့ အထောက်အထားတွေ ရှိရင် လူကြီးမင်းတို့ IIMM အဖွဲ့ကို ဆက်သွယ်ပြီး ပေးပို့နိုင်ဖို့ သတင်းအချက်အလက်တွေကို မျှဝေနေကြတာလည်း တွေ့ရပါတယ်။ ဒီလို ဆက်သွယ်ပေးပို့ချင်တဲ့ ပြည်သူတွေကိုရော ဘာများပြောချင်ပါသလဲ။

■ ကျွန်တော်တို့ အဖွဲ့နဲ့ ဆက်သွယ်ပြောဆိုတဲ့ သူတွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ခင်ဗျားတို့ ပြည်သူတွေရဲ့ လုံခြုံရေးက ပထမဦးစားပေး ဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ သာမန် ပြည်သူတွေရဲ့ အီးမေးလ်နဲ့ မက်ဆေ့ချ်တွေကို ကြားဖြတ်ပြီး ဖတ်လို့ရနိုင်တာကို သိထားပါတယ်။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ပဲ ဆက်သွယ်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ IIMM အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ်ပေ့ဂျ်တွေမှာ ကျွန်တော်တို့အဖွဲ့ကို လုံခြုံမှုရှိရှိနဲ့ ဆက်သွယ်ပြောဆိုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် ခိုင်လုံတဲ့ အထောက်အထားတွေ ရှိထားတယ်ဆိုရင် အဲဒီနည်းလမ်းတွေနဲ့ပဲ ပေးပို့ကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုလို အခက်အခဲကြားကနေ ဆက်သွယ်ပေးပို့လာတဲ့ သက်သေ အထောက်အထားအားလုံးကိုလည်း ကျွန်တော်တို့ အဖွဲ့အနေနဲ့ သတင်းမီဒီယာတွေမှာ မပါတဲ့ သက်သေ အထောက်အထားတွေ လက်ခံရရှိဖို့လည်း မျှော်လင့်နေပါတယ်။ ဥပမာအနေနဲ့ ပြောရရင် သက်ဆိုင်ရာအာဏာပိုင်တွေက သူတို့ လက်အောက်ကသူတွေကို အမိန့်ပေးစေခိုင်းနေတဲ့ အထောက်အထားမျိုး ရနိုင်ရင် ကျွန်တော်တို့အတွက် အလွန်အသုံးဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။