စစ်ကောင်စီတပ်ရဲ့ လူမဆန်ရက်စက်မှု ဗီဒီယိုမှတ်တမ်းတစ်ခု RFA ထပ်မံရရှိ
2022.11.09

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီ သြဇာခံတပ်ဖွဲ့တွေက နိုင်ငံအနှံ့အပြားမှာ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်နေတဲ့ သတင်းတွေ၊ ဓာတ်ပုံ ဗီဒီယို အထောက်အထားတွေ မကြာခဏဆိုသလို ပေါ်ထွက်လာနေပါတယ်။
မကြာသေးခင်ကပဲ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ်က မိုးဗြဲဒေသမှာ စစ်ကောင်စီရဲ့ တပ်မ-၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း- ၁ တပ်ဖွဲ့ဝင်တစ်ဦးက တိုင်းရင်းသားတစ်ဦးကို လူမဆန်ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းနေတဲ့ ဗီဒီယိုဖိုင်တချို့ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကတဆင့် RFA က ရရှိခဲ့ပါတယ်။
ဒီဗီဒီယိုတွေကို တိုက်ပွဲကာလအတွင်း နိုဝင်ဘာလ ၆ ရက်နေ့မှာ KNDF က ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတစ်ဦးပိုင် Samsung Galaxy A12 အမျိုးအစား တယ်လီဖုန်းထဲကနေ တွေ့ရှိရတာလို့ ပြောပါတယ်။
ဗီဒီယိုထဲမှာ မျက်စိတွေကို အဝတ်စတစ်ခုနဲ့စည်းပြီး လည်ပင်းနဲ့လက်ကို နောက်ပြန်ကြိုးတုပ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ အရပ်သားတစ်ဦးကို အခန်းတစ်ခန်းထဲမှာ စစ်ကောင်စီတပ်သားက ခန္ဓာကိုယ်အနှံ့အပြားကို တုတ်နဲ့ရိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအကြောင်း စစ်ဆေးမေးမြန်းနေတာကို တွေ့ရပါတယ်။
ဗီဒီယိုတစ်နေရာမှာတော့ သတ်ဖြတ်တော့မယ်ဆဲဆဲလို့ ယူဆရတဲ့ ပက်လက်အနေအထားနဲ့ ဖမ်းဆီးခံအရပ်သားကို တရားဟောကြားတဲ့အသံဖွင့်ပြပြီး တရားကိုနှလုံးသွင်းဖို့ စစ်သားက ပြောဆိုနေတာ မြင်ရပါတယ်။ အဲဒီဗီဒီယိုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ကြောင်း ဖုန်းမှတ်တမ်းမှာ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။
ဒီဗီဒီယိုတွေအပြင် အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အရပ်သားပြည်သူတစ်ဦးရဲ့ရုပ်အလောင်းပုံ တချို့ကိုလည်း အဲဒီတယ်လီဖုန်းထဲက ရရှိတဲ့အတွက် KNDF က RFA ကို ပေးပို့ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကတော့ တခြားတယ်လီဖုန်းတစ်လုံးနဲ့ ရိုက်ကူးခဲ့တာကို တစ်ဆင့်ကူးယူ သိမ်းဆည်းထားတာလို့ ယူဆရပါတယ်။
RFA က လက်ခံရရှိခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ၁၇ မိနစ်ကျော် ရှည်လျားပြီး အခြေအနေအရပ်ရပ်အရ ရုပ်ပုံအနည်းငယ်ကိုသာ ဖော်ပြနိုင်ပါတယ်။ ဒီဗီဒီယိုမှာ ဖမ်းဆီးခံနေရတဲ့ ဒေသခံတိုင်းရင်းသားရဲ့ မချိမဆံ့ ညည်းညူသံတွေ၊ နှိပ်စက်သူစစ်သားရဲ့ ရက်စက်ကြမ်းတမ်းတဲ့ အပြုအမူနဲ့ ပြောစကားတွေ ပါဝင်ပါတယ်။ အဆိုးရွားဆုံးကတော့ ဖမ်းဆီးထားသူရဲ့လည်ပင်းကို နောက်ကျောကနေ တုတ်နဲ့ညှစ်ဆွဲပြီး စစ်ဆေးနေပုံတွေ ဖြစ်ပြီး အများပြည်သူ ကြည့်ရှုဖို့ မသင့်လျော်တဲ့အတွက် အသေးစိတ်ကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။
ဒီဗီဒီယိုပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့အတွင်းရေးမှူး (၂) မာဝီကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
RFA - ဒီတယ်လီဖုန်းကို KNDF က ဘယ်လိုရရှိတာလဲ ခင်ဗျ။
မာဝီ - ကျွန်တော်တို့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ တိုက်ပွဲ အတွင်းမှာ ရခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။
RFA - ကျဆုံးတဲ့ စကစ တပ်သားဆီက ရတာလား ဒါမှ မဟုတ် တိုက်ပွဲ အတွင်း ကောက်ရတာမျိုးလား၊ အဲ့ဒါကော ပြောနိုင်မလား ခင်ဗျာ။
မာဝီ - တိုက်ပွဲအတွင်း ကောက်ရတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲဘော်က ကောက်ရပြီး ကျွန်တော်တို့ကို လာပေးတာပဲ ဖြစ်ပါတယ်။ ဒီဖုန်းပိုင်ရှင်ကတော့ ကျွန်တော်တို့လည်း မပြောတတ်ပါဘူးခင်ဗျ။
RFA - ဘယ်နေ့က ရတာလဲခင်ဗျ။
မာဝီ - နိုဝင်ဘာလ ၆ ရက်နေ့ ညနေခင်း။ ရရချင်းမှာတော့ ဖုန်းကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ဖုန်းဖြစ်တယ် ဆိုတဲ့ဟာကတော့ တိုက်ပွဲဧရိယာဖြစ်တဲ့အတွက်ကြောင့် သိတယ်ပေါ့လေ။ ဒါပေမယ့် ၇ ရက်နေ့ နေ့လယ်ခင်းပိုင်းကျော်လောက်မှပဲ ဒီဒေတာတွေကို ကျွန်တော်တို့ တွေ့ရတယ်။
RFA - အခု ဒီပြစ်မှုကျူးလွန်တဲ့သူတွေက ဘယ်သူတွေလို့ အတွင်းရေးမှူးတို့ ခန့်မှန်းသလဲ။
မာဝီ - ကျွန်တော်တို့ ကရင်နီမှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ-၆၆ လက်အောက်ခံတပ်ရင်းတွေ ဖြစ်တယ်။
RFA - ၆၆ ဟုတ်လား။
မာဝီ - ဟုတ်ပါတယ်။ တပ်မ-၆၆ ပါ။
RFA - တပ်မ ၆၆ လက်အောက်ခံ ဘယ်တပ်ရင်းတွေ ဖြစ်နိုင်မလဲ။
မာဝီ - ပုံတွေ ဗီဒီယိုတွေကို ကြည့်ရတာ သူတို့ရဲ့သေနတ်ဒင်မှာ ‘လ-၁’ လို့ ရေးထားတယ်။ နှိပ်စက်နေတဲ့ စစ်သားတစ်ယောက်ကိုင်ထားတဲ့သေနတ်အရ စစ်တပ် တပ်မ-၆၆ ရဲ့ ခလရ -၁ လို့ သိရပါတယ်။
RFA - ဘယ်ဒေသမှာ ကျူးလွန်ခဲ့တယ်လို့ ခန့်မှန်းလို့ ရမလဲ ခင်ဗျ။
မာဝီ - ကျွန်တော်တို့ လွန်ခဲ့တဲ့ တစ်လ ကယား၊ မိုးဗြဲ ဒေသတစ်လျှောက်လုံးမှာ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ဗီဒီယိုထဲက ပြောနေဆိုနေချက်အရ မိုးဗြဲမြို့ရပ်ကွက်တစ်ခုခုထဲမှာ ကျူးလွန်နေတဲ့ပုံစံလို့ ကောက်ချက်ချလို့ ရပါတယ်ခင်ဗျ။ အသံကို နားထောင်ကြည့်ရသလောက်ဆိုလည်း နှိပ်စက်ခံနေရတဲ့ဦးလေးဟာ ဖမ်းမိတဲ့ နေရာဒေသအရဆိုရင် ကယန်းအမျိုးသားတစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်ဗျ။
RFA - ဘယ်နေ့က အဲဒါကို ကျူးလွန်တာလဲ၊ ရက်စွဲတွေ့ရလား။
မာဝီ - ကျွန်တော်တို့ ပို့ထားတဲ့ ဗီဒီယိုကဆိုရင် စက်တင်ဘာလ ၂၇ ရက် နေ့လယ်ခင်း ၁ နာရီ ၄ဝ လောက်မှာ ရိုက်ထားတဲ့ဟာ တစ်ခု ပါပါတယ်။ ဘယ်ဗီဒီယိုဖိုင်လဲ ဆိုတော့ ကျွန်တော်ပို့ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ‘ကျွန်တော်ခင်ဗျားကို ရိုက်ထားတယ်’ ဆိုတဲ့ဟာတွေလို့ ပြောတဲ့တစ်ခုလေ၊ ‘ကျွန်တော်က လုပ်ပြီးမှပဲ သနားတတ်တယ်’ ဆိုပြီး ပြောတဲ့ဟာ။
RFA - လည်ပင်းကို တုတ်နဲ့ ဆွဲပြီး၊ ညှစ်ပြီးတော့ နောက်ကိုလှဲနေတဲ့ ဗီဒီယိုကရောခင်ဗျ။
မာဝီ - အဲဒီ လည်ပင်းကို သစ်ကိုင်းနဲ့ ညှစ်တဲ့ဟာက စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၂ဝ မှာ ရိုက်ထားတာ။
RFA - ဒီစစ်တပ်တွေက ဒေသခံတွေကို ဒီလိုနှိပ်စက်ညှဉ်းပန်းတာတွေကို အမြဲပြုလုပ်နေတာလား။
မာဝီ - ကျွန်တော်တို့ ကရင်နီ (ပြည်နယ်) ကို တပ်မ ၆၆ တွေ စစ်ကြောင်းစထိုးကတည်းက ၆ မိုင်တို့၊ ၅ မိုင်တို့ ရှိတဲ့နေအိမ်တွေထဲမှာလည်း အရပ်သားလို့ယူဆရတဲ့ အိမ်ရှင်အမျိုးသား၊ အမျိုးသမီးတွေကို လက်ပြန်ကြိုးတုပ်ပြီး အိမ်ထဲမှာပဲ တိုင်မှာကြိုးချည်ပြီး မီးရှို့ထားတာမျိုးတွေ ကျွန်တော်တို့ တွေ့ရှိခဲ့ရတာတွေလည်း ရှိပါတယ်။ စစ်ကောင်စီကတော့ သူတို့ရောက်တဲ့နေရာမှာ တချို့သော ရွာသားတွေက မပြေးဘဲနဲ့ အိမ်ထဲမှာကျန်နေတဲ့သူတွေကို အမြဲတမ်းဖမ်းဆီးပြီးတော့ သူတို့သိချင်တဲ့ သတင်းအချက်အလက်တွေ မေးမြန်းဆောင်ရွက်တာတွေ၊ သူတို့မကျေနပ်ရင် သတ်ပစ်လိုက်တဲ့ ဟာမျိုးတွေက ဖြစ်လေ့ဖြစ်ထ အမြဲတမ်းရှိဆဲ လုပ်နေဆဲ ဖြစ်ပါတယ်။ တချို့ဆိုလို့ရှိရင် ရပ်ရွာက လူတွေက ရွာထဲမှာ ဆန်တို့ဆီတို့ ကျန်တဲ့ရိက္ခာလေးတွေ ပြန်ယူတဲ့အချိန်မှာ စစ်တပ်နဲ့တိုးပြီးတော့မှ ဖမ်းဆီးခေါ်ဆောင်သွားခံရတာတွေ၊ လူသားတံတိုင်း ပြုလုပ်တာတွေ၊ ပြီးတော့ သူတို့ သတ်ဖြတ်ခဲ့တာတွေ ဒါတွေကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။
RFA - အခုကျွန်တော်တို့ဆီ ပို့တဲ့အထဲမှာ လူတစ်ယောက်ကို ခေါင်းဖြတ်ပြီး၊ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ထားပြီး သတ်ဖြတ်ထားတဲ့ ဓာတ်ပုံတစ်ပုံလည်း တွေ့တယ်။ အဲဒါကရော ဘယ်မှာဖြစ်တာလဲ၊ မိုးဗြဲမှာပဲလားခင်ဗျ။
မာဝီ - ဒီပုံက ဖုန်းထဲကတွေ့တဲ့ ပုံတစ်ပုံပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဟာကိုတော့ အတည်ပြုလို့ မရပါဘူး၊ ဘယ်နေရာမှာလဲ၊ ဘယ်သူလဲဆိုတာကတော့ အတည်ပြုဖို့ခက်ပါတယ်။ ကျွန်တော်တို့ရရှိတဲ့ဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတော့ မဟုတ်ဘူး။
RFA - ဒီပုံတွေကြည့်ပြီး ဘယ်လိုခံစားရလဲ၊ စစ်တပ်ရဲ့လုပ်ရပ်ကိုပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ အနေအထားကိုပဲဖြစ်ဖြစ်။
မာဝီ - ဒါကတော့ ရည်ရွယ်ချက်ရှိရှိ လူထုကို တိုက်ခိုက်တယ်၊ လူထုကိုကြောက်အောင် လူထုကြောက်လို့ရှိရင် လူထုက တော်လှန်ရေးတပ်ဖွဲ့တွေကို Support မပေးတော့ဘူးပေါ့နော်။ အဲ့ဒီတော့ ဒီတော်လှန်ရေးကလည်း လူထုအပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုးတွေ တွေ့ရတော့ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့လူထုကို သတ်ဖြတ်တယ်၊ နှိပ်စက်တယ်ဆိုတဲ့အပေါ်မှာ ဒီစစ်တပ်ကို ဘာမှ ခွင့်လွှတ်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ လုပ်မယ်လို့ ရည်မှန်းထားတဲ့ သစ္စာတွေအတိုင်း ကျွန်တော်တို့တွေကတော့ ဆက်လက်ပြီးတော့ ပိုပြီးတော့ တွန်းတွန်းတိုက်တိုက် ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်လိုက်လို့လည်း ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက နောက်တွန့်သွားမှာ မဟုတ်ဘူး။ ကျွန်တော် ပိုယုံကြည်တာကတော့ ပြည်သူလူထုကလည်း ဒီလိုမျိုးအခြေအနေတွေ ကြုံရတဲ့အတွက်ကြောင့်မို့လို့ သူတို့ကိုကြောက်ပြီးတော့ ဒီတော်လှန်ရေးကို ရပ်တန့်မှာမဟုတ်ဘဲ ပိုပြီးတော့တောင် တွန်းလှန်မယ့်အားတွေ ပေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလိုပဲ သုံးသပ်ပါတယ်။
အခု ဗီဒီယိုမှာ ညှဉ်းပန်းနှိပ်စက်ခံရသူရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သူအမှန်တကယ် သတ်ဖြတ်ခံခဲ့ရခြင်း ရှိမရှိကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။