ကျောင်းရံပုံငွေ အလွဲသုံးမှု ရွာသားများ အမှုဖွင့်
2012.10.16
ညောင်ပင်အိုင်ရွာ မူလတန်း ကျောင်းဆောင်သစ် ဆောက်ဖို့ ရပ်မိရပ်ဖ ပြည်သူတွေက ၂၀၀၆ ခုနှစ် ကတည်းကစပြီး ငွေစုဆောင်းခဲ့ရာမှာ ပထမနှစ်တွေ အတွင်း ကျပ်ငွေ ၉ သိန်း လောက် ရရှိခဲ့ပါတယ်။ အဲဒီနောက် ကျောင်းရံပုံငွေ တိုးပွါးအောင် ကျောင်းဆောက်လုပ်ရေး ကော်မတီနဲ့ ရွာအုပ်ချုပ်ရေးမှူးတို့ရဲ့ သဘောတူညီချက်အရ အဲဒီငွေကို မတည်ပြီး ရွာခံပြည်သူတွေကို အတိုးနဲ့ချေးငွေ ထုတ်ပေးခဲ့ရာမှာ သိန်း ၃၀ ကျော်အထိ တိုးပွါးလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ ပုဂ္ဂလိက အလှူရှင်တဦးက ကျောင်းဆောင်သစ် ဆောက်ပေးလိုက်တဲ့အတွက်၊ ကျောင်းရံပုံငွေ ကိစ္စကို ရပ်မိရပ်ဖတွေက မေးမြန်းတဲ့အခါ ကျောင်းဆောက်လုပ်ခွင့်ရအောင် အထက်လူကြီးတွေကို ငွေ ၁၇ သိန်းကျော် ပေးလိုက်ရတယ်လို့ ဘဏ္ဍာထိမ်းတွေဖြစ်တဲ့ ရွာအုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဌာန ဝန်ထမ်းက ဖြေရှင်းပါတယ်။
ဒီအတွက် ဘယ်သူ့ကို ဘယ်လောက်ပေးရသလဲ ဆိုတာ စာရင်းရှင်းပေးဖို့ တောင်းဆိုတာကို ရွာအုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဌာနဝန်ထမ်းက ဖြေရှင်းဖို့ ငြင်းဆန်တဲ့အတွက် နောက်ဆုံးမှာ ရွာသားတွေက အမှုဖွင့် တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။