ရန်ကုန်မှာ အပူလျှပ်ပြီး သေဆုံးသူတွေများလာကြောင်း ကူညီရေးအဖွဲ့တွေပြော

RFA Burmese
2024.04.10
ရန်ကုန်မှာ အပူလျှပ်ပြီး သေဆုံးသူတွေများလာကြောင်း ကူညီရေးအဖွဲ့တွေပြော ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သုံးဝိုင်း၊ ပင်းယမှတ်တိုင်အနီးတွင် နေအပူရှိန်ကြောင့် လဲကျပျံလွန်တော်မူသွားသည့် ရဟန်းတစ်ပါးအား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း

နိုင်ငံတစ်ဝန်းမှာ နေ့အပူချိန်တွေမြင့်တက်နေပြီး ရန်ကုန်မြို့မှာတော့ အပူချိန်ကြောင့် ရုတ်တရက် သေဆုံးတာ၊ မူးလဲပြီးဆေးရုံကို အရေးပေါ်ပို့ဆောင်ရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့ အချို့က RFA ကို ပြောပါတယ်။

"ရန်ကုန်မြို့တွင်း အတိုင်းအတာဆိုရင်တော့ တစ်ပတ်အတွင်း သတိလစ်လို့ ဆေးရုံရောက်တာ လူဦးရေ လေးဆယ်လောက်တော့ရှိမယ်"

ဧပြီလ ၉ ရက် မနေ့က အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ်မှာ နေအပူရှိန်ကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးသွားပါတယ်။ အခုဆိုရင် အပူရှိန်ကြောင့် သေဆုံးရသူ ဆယ်ဦးထက်မနည်းရှိနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် တွဲလက်လူမှုကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းက RFA ကို ပြောပါတယ်။

"လူကြီးပေါ့၊ သူက အပူရှိန်ကြောင့် သွေးဆောင့်တက်ပြီးတော့ အောက်ဆီဂျင်ကျပြီး ဆုံးသွားတာ၊ မနေ့တုန်းက အမျိုးသားတစ်ဦး သတိလစ်မေ့လဲကျပြီးတော့ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးတယ်။ ဒါ့အပြင် မြောက်ဥက္ကလာမှာလည်း သတင်းကြားတယ်၊ ရန်ကုန်မြို့တွင်း အတိုင်းအတာဆိုရင်တော့ တစ်ပတ်အတွင်း သတိလစ်လို့ ဆေးရုံရောက်တာ လူဦးရေ လေးဆယ်လောက်တော့ရှိမယ်၊ သေဆုံးတာကတော့ ဆယ်ယောက်ကျော်ကျော်လောက်ရှိမယ်ခင်ဗျ"

မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးကလည်း မနေ့က တောင်ဥက္ကပမြို့နယ်၊ သုံးဝိုင်း ပင်းယမှတ်တိုင်မှာ အပူဒဏ်ကြောင့် လဲကျပြီး ပျံလွန်သွားတဲ့ သံဃာတစ်ပါးကို ကူညီပေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ သွားပို့တာ မြောက်ဥက္ကလာ မေဓာဝီဆေးရုံ၊ ဒီလိုမျိုးပဲ အပူရှိန်ကြောင့် သေဆုံးပြီး ဆေးရုံကို ရောက်လာတာ သုံးဦးလောက်ရှိပြီလို့ ဆေးရုံက ပြောပါတယ်။ တစ်နိုင်ငံလုံးဆို တော်တော်များပါတယ်၊ မနေ့က မန္တလေးနဲ့ အညာဘက်တွေမှာလည်း လူငယ်၊ လူကြီး အပူရှိန်ကြောင့် သေဆုံးသွားကြတယ်လို့ ကြားပါတယ်၊ အရေအတွက်တော့ အတိအကျမသိပါဘူး၊ အပူဒဏ်ကြောင့် သေဆုံးသွားကြတာလို့ သိရပါတယ်"

အလားတူ ဧပြီလ ၇ ရက်နေ့ကလည်း ရွှေတိဂုံဘုရား၊ အနောက်ဘက်မုခ်မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး လမ်းပေါ်မှာ လဲကျသေဆုံးခဲ့တာရှိသလို မန္တလေးမြို့၊ စျေးချိုမှာလည်း မနေ့က စျေးဝယ်နေတဲ့ အမျိုးသမီးတစ်ဦး အပူရှိန်ကြောင့် မူးလဲသွားရာကနေ ဆေးရုံပို့တဲ့အချိန်မှာပဲ သေဆုံးသွားတယ်လို့ မန္တလေးမြို့အခြေစိုက် လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ရန်ကုန် အပါအဝင် နေရာအချို့မှာ နေ့အပူချိန်မြင့်တက်မှုကြောင့် သေဆုံးမှုတွေရှိနေပေမယ့် ဒီဖြစ်စဉ်တွေအပေါ် စနစ်တကျပြုစုထားတဲ့ မှတ်တမ်းတွေတော့ မတွေ့ရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သတင်းဌာနရဲ့ မေးမြန်းမှုကို အထက်ကိုတင်ပြပြီးမှ ပြန်လည်ဖြေကြားပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့က လူမှုကူညီရေးအသင်းအဖွဲ့ အချို့ကတော့ ရန်ကုန်ဆေးရုံကြီးက အပူဒဏ်သင့်လူနာတွေအတွက် ကုသဖို့ ဆေးရုံမှာ သီးသန့်စီစဉ်ထားတာရှိသလို လမ်းမှ မူးလဲနေတာတွေရှိရင်လည်း နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို ပို့ပေးကြဖို့ အသိပေးထားတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ သူရိန်လှိုင်ဝင်းကတော့ အခုလို ရာသီဥတုပူပြင်းလာချိန်မှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ရောဂါအခံရှိသူတွေ ပိုသတိထားကြဖို့ အကြံပေးပါတယ်။

“ဦးနှောက် သွေးကြောပြတ်တာ၊ သွေးအရမ်းတိုးပြီး သတိလစ်သွားတာ။ ဒါကြောင့် အခုလိုပူတဲ့အချိန်မှာ သတိထားရမယ့် လူသုံးမျိုးရှိပါတယ်။ ကလေးငယ်တွေရယ်၊ သက်ကြီးရွယ်အိုတွေရယ်၊ နဂိုရောဂါအခံ ရှိတဲ့သူရယ်၊ ဒီလူတွေအနေနဲ့ တက်နိုင်သမျှ နေပူထဲသွားပြီး အပူဒဏ်မခံဖို့ အရေးကြီးပါတယ်။ အန္တရာယ်များလို့ ဂရုစိုက်သင့်ပါတယ်”

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ရန်ကုန်မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးရှိနေပြီး မကွေးတိုင်း ချောက်မြို့မှာတော့ ၄၆ ဒီဂရီစင်တီဂရိတ်နဲ့ တစ်နိုင်ငံလုံးမှာ အပူချိန်အမြင့်ဆုံးမြို့အဖြစ် စံချိန်တင်နေပါတယ်။

နိုင်ငံတစ်ဝန်းမှာ ဧပြီနဲ့ မေလအတွင်း အပူချိန်အမြင့်မားဆုံး ခံစားရနိုင်ဖွယ်ရှိပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေမှာ အမြင့်ဆုံး အပူချိန်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။