နိုင်ငံတစ်ဝန်း အပူချိန်မြင့်မားမှုကြောင့် သေဆုံးသူ များလာနေ
2024.05.01
နိုင်ငံတစ်ဝန်း နေ့အပူချိန် ဆက်လက်မြင့်တက်နေတာကြောင့် ဧပြီလ တစ်လတည်းမှာတင် လူပေါင်းအနည်းဆုံး ၁၄၇၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက မေလ ၁ ရက်နေ့က ပြောပါတယ်။
မန္တလေးမှာ တစ်နေ့ အယောက် ၃ဝ နှုန်းနဲ့ တစ်လအတွင်း အယောက် ၉ဝဝ၊ ကမ္ဘာ့အပူပြင်းဆုံးမြို့ စာရင်းဝင် မကွေးတိုင်း ချောက်မြို့မှာ တစ်နေ့ လေးယောက်သေဆုံးပြီး တစ်လအတွင်း အယောက် ၁၂ဝ၊ ရန်ကုန်မှာ တစ်လအတွင်း ၄၄၁ ယောက်သေဆုံးတယ်လို့ အချက်အလက်တွေအရသိရပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မကွေးတိုင်းက ချောက်၊ ရေနံချောင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ မကွေး၊ မင်းဘူးနဲ့ ဆင်ဖြူကျွန်း၊ မန္တလေးတိုင်းက ညောင်ဦးမြို့နဲ့ စစ်ကိုင်းတိုင်းက မြင်းမူမြို့တို့ဟာ တစ်နိုင်ငံလုံးမှာ အပူချိန်အမြင့်ဆုံး မြို့တွေ ဖြစ်ပါတယ်။
အဲဒီမြို့တွေမှာ ဧပြီလ ၃၀ ရက်နေ့ နေ့အပူချိန်ဟာ အနိမ့်ဆုံး ၄၄ ဒီဂရီဆဲလ်စီးယပ်စ် (၁၁၁ ဒီဂရီဖာရင်ဟိုက်) ကနေ ၄၆ ဒီဂရီဆဲလ်စီးယပ်စ် (၁၁၄ ဒီဂရီဖာရင်ဟိုက်) နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။ ဧပြီလ ၂၈ ရက်နေ့တုန်းကတော့ ချောက်မြို့ရဲ့ အပူချိန်ဟာ ၄၈.၂ ဒီဂရီဆဲလ်စီးယပ်စ် (၁၁၈.၇၆ ဒီဂရီဖာရင်ဟိုက်) အထိ စံချိန်တင် မြင့်တက်ခဲ့တာပါ။
"အခုက တစ်နေ့ကို လေးယောက်နှုန်းလောက် သေတာလေ။ အရင်က အပူချိန် အဲဒီလောက်ကြီး မရှိခင်တုန်းက တစ်ယောက်၊ နှစ်ယောက် အဲလောက်ပဲ သေတာဗျ"
မကွေးတိုင်းနဲ့ကပ်လျက် မန္တလေးတိုင်း မန္တလေးမြို့မှာ သုသာန်နှစ်ခုထံက သိရတဲ့ စာရင်းအရ အပူဒဏ်ကြောင့် နေ့စဥ်သေဆုံးသူ သုံးဆယ်ကျော်ရှိတယ်လို့ ပရဟိတ မင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အေးရိပ်ငြိမ်နဲ့ တောင်အင်းမြောက်အင်း သုသာန်နှစ်ခုရဲ့ ပြောကြားချက်ပါ။ ဒီရက်ပိုင်း အပူလွန်ကဲပြီး ဦးနှောက်သွေးကြောပြတ် သေဆုံးတာကတော့ နေ့စဥ် သုံးဆယ်ကျော်၊ လေးဆယ်ကတော့ ရှိမယ်ပေါ့။ ဒီနှစ်ရက် သုံးရက်မှာ တော်တော်ကိုဆိုးတာ။ လမ်းသွားရင်းနဲ့ ဆိုင်ကယ်မောင်းရင်းနဲ့ပစ်လဲ၊ အဲဒီလိုတွေ ဖြစ်ကြတာလေ။ တချို့ဆိုရင် ကားပေါ်တင် သေဆုံးတာတွေ ရှိတယ်”
အသင်းအနေနဲ့ အပူလျှပ်လူနာ တစ်ရက်ကို ဆယ်ဦးခန့် အချိန်မီ ဆေးရုံရောက်အောင် ကူညီပေးနေရတယ်လို့လည်း သူက ဆိုပါတယ်။
မကွေးတိုင်း၊ ချောက်မြို့မှာလည်း မတ်လလယ်ကနေ ဧပြီလကုန်အထိ နေ့စဉ် သေဆုံးသူ လေးဦးခန့်ကို မီးသင်္ဂြိုဟ်စက် နှစ်ခုကနေ ကူညီသင်္ဂြိုဟ်ပေးနေရတယ်လို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်း (ချောက်မြို့) ရဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“အခုက တစ်နေ့ကို လေးယောက်နှုန်းလောက် သေတာလေ။ အရင်က အပူချိန် အဲဒီလောက်ကြီး မရှိခင်တုန်းက တစ်ယောက်၊ နှစ်ယောက် အဲလောက်ပဲ သေတာဗျ။ အခု အပူချိန်များတဲ့အချိန်မှာ ဒီနှုန်းဖြစ်သွားတာလေ။ ရောဂါအခံရှိသူနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုပေါ့ဗျာ။ နောက်ပြီးတော့ အသက်ကြီးတဲ့သူ ခံနိုင်ရည်အားနည်းပြီးတော့ ပိုဖြစ်တယ်ဗျ”
ချောက်ခရိုင်ရဲ့ ဒုတိယခရိုင်ကုသရေးဦးစီးမှူး ဒေါက်တာ မျိုးသက်ဦးကတော့ ချောက်မြို့မှာ အပူဒဏ်ကြောင့် သေဆုံးသူမရှိဘူးလို့ ငြင်းဆိုပါတယ်။
အပူလျှပ်ပြီး ဆေးရုံရောက်လာသူတွေအတွက် အားလုံးအဆင်ပြေအောင် လုပ်ပေးထားတယ်လို့ ဒေါက်တာ မျိုးသက်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ဆေးရုံကို Heatstroke အပူလျှပ်တာတို့၊ ဘာတို့နဲ့လာရင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း ပြင်ဆင်ထားတယ်။ ပြင်ပလူနာဌာနကို လာပြပြီးတော့ သိပ်အပူရှိန်ပြင်းရင် ပြန်မလွှတ်ဘဲနဲ့ ဆေးရုံတက်ဖို့လိုရင်တော့ ကျွန်တော်တို့ ဆေးရုံတင်တာပေါ့ဗျာ။ ဆေးရုံတော့ တက်စရာမလိုဘူး၊ ကုသမှုပေးပြီးတော့ ပြန်လို့ရတယ်။ ရာသီဥတုက နေ့လယ်ခင်းဆို အရမ်းပူတာလေ။ အဲလိုအချိန်ဆို ကျွန်တော်တို့ဆေးရုံထဲက သံဃာဆောင်မှာ Day Care Center (နေ့ခင်းနားနေဆောင်) လုပ်ပေးထားပါတယ်။ အပူချိန်လျော့ကျတဲ့အချိန်မှာ အိမ်ပြန်ပေါ့နော်"
စစ်ကိုင်းတိုင်းမှာလည်း ကောလင်း၊ ကန့်ဘလူ၊ ရွှေဘို၊ မုံရွာ၊ မြင်းမူ၊ ယင်းမာပင်နဲ့ ပုလဲ စတဲ့မြို့နယ်တွေမှာ အပူဒဏ်ကြောင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာပြီး သေဆုံးတာမျိုးရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ပုလဲမြို့နယ်မှာ ဧပြီလအတွင်း အပူဒဏ်ကြောင့် အသက်ကြီးသူတွေနဲ့ အရက်သောက်တတ်သူ ဆယ်ဦးကျော်ခန့် သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကောလင်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာဆိုရင် အပူဒဏ်နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အပူချိန်ကြောင့်မို့ ကလေးလေးတွေ အပူလျှပ်တာမျိုးပေါ့။ လူကြီးတွေကလည်း နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ကိုင်ရတာမျိုးတွေ ရှိတယ်လေ။ အဲဒီတော့ အပူလျှပ်၊ ရေဓာတ်ခမ်းခြောက်တဲ့ဟာမျိုးတို့၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးတွေ တော်တော်များများလည်း ဖြစ်တယ်။ ကိုယ့်အိမ်မှာလို သက်တောင့်သက်သာ မဟုတ်တဲ့အတွက် စိတ်တွေ မငြိမ်တာမျိုးတွေ ဖြစ်ပြီးတော့ ရာသီဥတုလည်း ပူတဲ့အတွက် အသက်ကြီးတဲ့သူတွေဆိုရင် သွေးအဆမတန် တိုးလာတာမျိုးတွေ ဖြစ်တယ်"
ရန်ကုန်မြို့လည်း ပြီးခဲ့တဲ့ မတ်လကထက် ပိုပြီးပူပြင်းတဲ့ ဧပြီလမှာ လူသေဆုံးမှု ပိုများခဲ့တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ပုံမှန်ထက် (သေဆုံးသူပို့ရတဲ့) လမ်းကြောင်းက ဧပြီလထဲမှာ သိသိသာသာများခဲ့တယ်။ ဧပြီလက မတ်လနဲ့ စာရင် သေဆုံးမှုတွေ ပိုများခဲ့တယ်။ တစ်ရာကျော်လောက်တော့ များသွားတယ်။ မတ်လကထက်"
တခြားကူညီမှုအသင်းတွေရဲ့ စာရင်းမပါသေးဘဲ သူတို့အသင်းတစ်ခုတည်းကနေ ကူညီပို့ဆောင်ပေးခဲ့ရတဲ့ သေဆုံးသူအရေအတွက်ဟာ မတ်လမှာ ၃၄၀ ရှိခဲ့ပြီး၊ ဧပြီလထဲမှာ ၄၄၁ ဦးအထိ မြင့်တက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့မှာ အပူဒဏ်ကြောင့် သေဆုံးသူ၊ ဆေးရုံတက်ကုသရသူတွေရဲ့ အရေအတွက် အတိအကျသိနိုင်ဖို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာလှကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာတော့ ဧပြီလအတွင်း အပူဒဏ်ကြောင့် သေဆုံးသူနှစ်ဦးနဲ့ ဆေးရုံတက် ကုသရသူ ၁၅ ဦးခန့်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
"ဧပြီလ ၁၀ ရက် နောက်ပိုင်းမှာ နေပြည်တော်မှာ ၆၃ နှစ်နဲ့ ၇၇ နှစ် နှစ်ယောက်ပဲပေါ့နော် (သေတာ)။ ကုတင်တစ်ထောင်မှာ အပူဒဏ်နဲ့ ဆေးရုံတက်ရတာ သိပ်မရှိပါဘူး။ ၁၅ ယောက်လောက်ပဲ ရှိပါတယ်။ အဲဒါလည်း အသက်ကြီးတဲ့သူတွေ၊ ကလေးတွေ၊ အရက်သောက်တဲ့သူတွေ များတယ်"
အပူဒဏ်ကြောင့် တစ်နိုင်ငံလုံး သေဆုံးစာရင်းကိုတော့ သက်ဆိုင်ရာဒေသအလိုက် ပြန်လည်တောင်းယူရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သတင်းမီဒီယာတွေကို ဖြေဆိုနိုင်မယ်လို့ သူက ဆိုပါတယ်။
ဧပြီလ ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နောက်ပိုင်း ဆယ်ရက်မှာ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အများစုရဲ့ နေ့အပူချိန်တွေဟာ လလယ်ပိုင်းထက် ပိုပြီးမြင့်တက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အခု မေလအတွင်းမှာလည်း စစ်ကိုင်းတိုင်းအောက်ပိုင်း အပါအဝင် မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အပူချိန်မြင့်တက်ပြီး အခြေအနေ ပိုဆိုးနိုင်ကြောင်း သတိပေးထားပါတယ်။