ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့ မြန်မာကဗျာဆရာများ

ခက်မာ (ဝါရှင်တန်ဒီစီ)
2024.03.20
ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့ မြန်မာကဗျာဆရာများ ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သဖြင့် ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချခံရသူများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကဗျာဆရာများ။
Photo: RFA

မတူကွဲပြားတဲ့ဘာသာစကားတွေကို လှပတဲ့ဖွဲ့ဆိုမှုနဲ့ ကူညီဖော်ထုတ်ဖို့နဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဘာသာစကားတွေ ဆက်လက်တည်ရှိစေရေးအတွက် အခွင့်အလမ်းတွေဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့ကဗျာနေ့ကို သတ်မှတ်ပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ကမ္ဘာကဗျာနေ့အတွက် ဆောင်ပုဒ်ကတော့ ‘ဧရာမပခုံးသားများပေါ်မှာ မတ်တပ်ရပ်ခြင်း’ ဖြစ်ပါတယ်။ ယဥ်ကျေးမှုပေါင်းစုံကြားမှာ ကဗျာရဲ့ခြေရာတွေကို ကျယ်ပြန့်စေခဲ့သူ အတိတ်မှာ ထင်ရှားခဲ့တဲ့ကဗျာဆရာ၊ စာရေးဆရာတွေကို ဂုဏ်ပြုရင်းကပဲ အဲဒီအခြေခံအုတ်မြစ်ပေါ်မှာ အသစ်တည်ဆောက်နေတဲ့ လူငယ်ကဗျာဆရာတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ချက်နဲ့ ဒီဆောင်ပုဒ်ကို ချမှတ်တာပါ။

ကမ္ဘာက ကဗျာဆရာတွေရဲ့အခန်းကဏ္ဍကို မီးမောင်းထိုးပြဖို့ ကြိုးစားနေချိန်မှာ မြန်မာနိုင်ငံက ကဗျာဆရာတွေကတော့ ဖမ်းဆီး သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းခံနေရပါတယ်။ တချို့က မိသားစုဝင်တွေကို ဆုံးရှုံး၊ တချို့က အိုးအိမ်ပိုင်ဆိုင်မှုတွေ ဆုံးရှုံး၊ တချို့က နေရပ်စွန့်ခွာ၊ တချို့က နိုင်ငံကို စွန့်ခွာထွက်ပြေးနေရပါတယ်။

၂ဝ၂၁ ခုနှစ် မေလ ၉ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့တွင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသည့် ကဗျာဆရာ ခက်သီ ခေါ် ကိုဇော်ထွန်း၏ ဈာပန။ (Photo: RFA)
၂ဝ၂၁ ခုနှစ် မေလ ၉ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့တွင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသည့် ကဗျာဆရာ ခက်သီ ခေါ် ကိုဇော်ထွန်း၏ ဈာပန။ (Photo: RFA)

အဲဒီအားလုံးနဲ့ အကျုံးဝင်နေတဲ့အထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်လည်း ပါဝင်ပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်တဲ့ ဦးရည်မွန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကျော်ကတည်းက မောင်တင်သစ်ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာရေးခဲ့တာပါ။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နှစ်နှစ်အတွင်းမှာပဲ မိခင်ရော ဖခင်ပါ ဆုံးရှုံးခဲ့ရပါတယ်။ အိုးအိမ်ပိုင်ဆိုင်မှုအားလုံး သိမ်းဆည်းခံရပြီး ကိုယ်ပိုင်မိသားစုနဲ့လည်း ကွဲကွာခဲ့ရပြန်ပါတယ်။

"ဒါကြောင့် လူငယ်ကဗျာဆရာတွေကို မှာချင်တာကတော့ ကဗျာတွေကိုလဲ စောင့်ရှောက်ပါ။ မိမိကိုယ်မိမိလဲ ကာကွယ်စောင့်ရှောက်ပါ။"

ခေတ်အဆက်ဆက်မှာ ပြည်သူတွေ ရင်စည်းခံခဲ့ရတဲ့ ဒုက္ခတွေအတွက် တရားမျှတမှုကို စွမ်းသလောက်ရှာဖွေပေးချင်တဲ့အတွက် စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လာခဲ့ရတယ်လို့ ဦးရည်မွန်က ပြောပါတယ်။

“ကဗျာဆရာဆိုတာ အမှန်တရားကို မြတ်နိုးတဲ့သူတွေ၊ တရားမျှတမှုကို လိုလားတဲ့သူတွေပဲ။ တော်လှန်ရေး ဆိုတာကလည်း အဓမ္မမှုကို ဖယ်ရှားရှင်းလင်းရတဲ့ တိုက်ပွဲဆိုတော့ ခေတ်အဆက်ဆက်တော်လှန်ရေးတွေမှာ ကဗျာဆရာတွေဟာ မပါမဖြစ် ပါလာရတယ်။ ဒီနေ့ မြန်မာပြည်က ပြည်သူ့နွေဦးတော်လှန်ရေးမှာ တတပ်တအား ပါဝင်နေတဲ့ ကဗျာဆရာတွေအတွက် အထူးဂုဏ်ယူရပါတယ်”

၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်မှုတွေကို စစ်ကောင်စီက နှိမ်နင်းသတ်ဖြတ်တဲ့အတွက် ကဗျာဆရာကေဇဝင်း၊ ခက်သီ၊ အေစိုင်းကေ၊ မောင်ပို၊ ကိုရင်သြနဲ့ ကဗျာဆရာမ ကြည်လင်အေးတို့ သေဆုံးခဲ့ရပါတယ်။

ကဗျာဆရာ မောင်ယုပိုင်၊ မိုးဦးဆွေငြိမ်းနဲ့ လူဖန်ခါးတို့အပါအဝင် ကဗျာဆရာ ၁၆ ဦး ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ထောင်ဒဏ်အများဆုံးအဖြစ် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ခံ ကဗျာဆရာကျော်ကြီးက မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၃၀ နဲ့ ပုသိမ်မြို့ခံ ကဗျာဆရာလူဖန်ခါးက ပုသိမ်ထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ၆ လ ချမှတ်ခံနေရပါတယ်။

ကမ္ဘာ့နိုင်ငံတွေတိုင်းက အာဏာရှင်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး၊ မတရားမှုဖော်ထုတ်ရေးလှုပ်ရှားမှုတွေမှာ ကဗျာဆရာတွေ ရှေ့တန်းကပါဝင်ခဲ့ပါတယ်။

မြန်မာ့နယ်ချဲ့ဆန့်ကျင်ရေးရဲ့ အရေးကြီးတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ရုရှားနိုင်ငံက ဘော်ရှီဗစ်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကဗျာဆရာ မာယာကော်ဗ်စကီး၊ အမေရိကန်က ဒေါက်တာမာတင်လူသာကင်းရဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကြီးမှာ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ကဗျာဆရာမကြီး မာယာအိန်ဂျလိုတို့ဟာ ထင်ရှားတဲ့ ဥပမာတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံက အာဏာရှင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး တိုက်ပွဲတိုင်းလိုလိုမှာလည်း ကဗျာဆရာတွေဟာ ဖမ်းဆီးနှိပ်စက် ထောင်ချခံခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုမှာတော့ ကဗျာဆရာတွေအပါအဝင် ပြည်သူလူထု အဆိုးဝါးဆုံး ထိခိုက်နစ်နာခဲ့ရပါတယ်။

လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကိုလိုလားတဲ့အတွက် ပြည်သူနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရာကနေ နေရပ်စွန့်ခွာထွက်ပြေးရသူတွေထဲမှာ နိုင်ငံရေးအကျဥ်းသားဟောင်းလည်းဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ ကဗျာဆရာငြိမ်းသစ်လည်းပါဝင်ပါတယ်။

“စစ်အာဏာသိမ်းဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ကျွန်တော်တို့ကဗျာဆရာတွေက ပြည်သူလူထု၊ ရဟန်းသံဃာ တွေ၊ CDM ဝန်ထမ်းတွေနဲ့အတူ ပါဝင်ခဲ့တယ်။ အဲဒီနောက်တော့ စကစက ဖမ်းဆီးမှုတွေလုပ်တယ်။ ကျွန်တော်က ကံအားလျော်စွာလွတ်မြောက်လာပါတယ်။ ဒါပေမဲ့ ရှောင်တိမ်းနေရသူတွေအများအပြားရှိပါတယ်။ တချို့ လည်း တောထဲမှာ၊ တချို့လည်း လွတ်မြောက်နယ်မြေမှာ တချို့မဲဆောက်မှာပေါ့။ သူတို့ဟာ စားဝတ်နေရေးက အစ ကျန်းမာရေးအဆုံး အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတာပေါ့။ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာရှိတဲ့ ကဗျာဆရာတွေဟာလည်း စိတ်ပိုင်း ရုပ်ပိုင်း နစ်နာဆုံးရှုံးမှုတွေကြုံရပါတယ်။ အလုပ်အကိုင် ငွေကြေးအဆင်မပြေမှု၊ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ တချို့လည်း သေဆုံးရပါတယ်။”

၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ပြီး သတ်ဖြတ်ခံခဲ့ရသည့် ကဗျာဆရာ အေစိုင်းကေ၊ ကေဇဝင်း၊ ခက်သီ၊ ကြည်လင်အေး၊ မောင်ပိုနှင့် ကိုရင်ဩ။ (Photo: RFA)
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ပြီး သတ်ဖြတ်ခံခဲ့ရသည့် ကဗျာဆရာ အေစိုင်းကေ၊ ကေဇဝင်း၊ ခက်သီ၊ ကြည်လင်အေး၊ မောင်ပိုနှင့် ကိုရင်ဩ။ (Photo: RFA)

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ မြန်မာကဗျာဆရာ ၇၀ ကျော်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုကို ရှောင်ရှားဖို့အတွက် ပြည်တွင်းပြည်ပနေရာအနှံ့ကို ပြန့်ကျဲသွားခဲ့တယ်လို့ သေဆုံးကဗျာဆရာနဲ့ ဖမ်းဆီးခံရသူ အိုးအိမ်နဲ့ နိုင်ငံကို စွန့်ခွာထွက်ပြေးရသူ ကဗျာဆရာစာရင်းကို လက်လှမ်းမီသလောက် ပြုစုနေတဲ့ ကဗျာဆရာ အေမွန်က ပြောပါတယ်။

လတ်တလော ထိုင်းနိုင်ငံမှာရှိနေတဲ့ ကဗျာဆရာတွေ စုပေါင်းပြီး အနုပညာအနှစ်သာရရော နိုင်ငံရေးအနှစ်သာရ ပါရှိမဲ့ ကမ္ဘာ့ကဗျာနေ့အမှတ်တရပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ပြုလုပ်မယ်လို့လည်း သူက ပြောပါတယ်။

"နွေဦးတော်လှန်ရေးတစ်ခုလုံးမှာ ပုံစံမျိုးစုံ၊ စစ်မျက်နှာမျိုးစုံကနေ တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ ကဗျာဆရာ ၇၀ ကျော် ၈၀ လောက်ရှိပါတယ်။ ကဗျာချစ်သူ၊ စာချစ်သူတွေနဲ့ ထိုင်းနိုင်ငံရောက် ကဗျာဆရာတွေ စုပေါင်းပြီး နိုင်ငံရေးအနှစ်သာရပါရှိမဲ့ ကမ္ဘာ့ကဗျာနေ့ အမှတ်တရပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ ကဗျာဆရာတွေအတွက် နေရာလေးတစ်ခုလည်း သတ်မှတ်ဂုဏ်ပြုကြပါမယ်။ တော်လှန်ရေးရဲ့ အခြားသောစစ်မျက်နှာအသီးသီးမှာ တိုက်နေတဲ့ ကဗျာဆရာတွေလည်း ရှိပါတယ်။ သူတို့က ပေးပို့တဲ့ ဗီဒီယိုဖိုင်တွေကို ဖွင့်ပြမဲ့ အစီအစဥ်လည်း ပါပါတယ်”

ကဗျာမှာ ကြွယ်ဝတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ကမ္ဘာ့ပထမဆုံးကဗျာကို အရှေ့အလယ်ပိုင်းဒေသ အီရတ်နိုင်ငံ ဘေဘီလုံမြို့တော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်လောက်မှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းကစလို့ မတူကွဲပြားတဲ့ ကဗျာအမျိုးမျိုးအစားစားပေါ်ပေါက်ခဲ့ပြီး လူ့အဖွဲ့အစည်းရဲ့အပြောင်းအလဲတွေကိုဖြစ်ပေါ်စေတဲ့ ကဗျာဆရာများစွာလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ အတွေ့အကြုံ၊ ရုန်းကန်တော်လှန်မှုနဲ့ ခံစားချက်တွေကို လှပပြီး အင်အားရှိတဲ့စကားလုံးတွေနဲ့ဖွဲ့ဆိုဖော်ထုတ်ရတဲ့ ကဗျာရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီနေ့အထိ မပြောင်းမလဲတည်ရှိနေပါတယ်။ လူသားတို့ရဲ့ ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်းတွေ၊ လူ့အတွင်းသားထဲက နက်နဲတဲ့ အတွေးအမြင်တွေရဲ့ ပဲ့တင်သံတွေကို ကဗျာအဖြစ် ဖန်တီးဖွင့်ဟကြပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့် Federal News ဂျာနယ် အယ်ဒီတာ ကိုစိုင်းဝင်းအောင် (ခေါ်) ကဗျာ အေစိုင်းကေအား မြှုပ်နှံထားရာနေရာ။ (Photo: Citizen Journalist)
ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့် Federal News ဂျာနယ် အယ်ဒီတာ ကိုစိုင်းဝင်းအောင် (ခေါ်) ကဗျာ အေစိုင်းကေအား မြှုပ်နှံထားရာနေရာ။ (Photo: Citizen Journalist)

လူထုရဲ့ပဲ့တင်သံတွေကို ဖော်ထုတ်ရတဲ့ ကဗျာဆရာတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးအောင်မြင်သည်အထိ အင်အားရှိရှိ တိုက်ပွဲဝင်နိုင်ဖို့ ကဗျာဆရာငြိမ်းသစ်က ဆုတောင်းပေးပါတယ်။

“ကဗျာဟာ လူထုအသံဖြစ်တယ်။ ကဗျာဟာ အမှန်တရားဖြစ်တယ်။ ကဗျာဟာ တရားမျှတမှု ဖြစ်ပါတယ်။ ကမ္ဘာရဲ့အထက်မှာ ကဗျာရှိတယ်။ ကဗျာရဲ့ အထက်မှာတော့ ဘယ်သူမှ မရှိပါဘူး။ ဒါကြောင့်လူငယ်ကဗျာဆရာတွေကို မှာချင်တာကတော့ ကဗျာတွေကိုလဲ စောင့်ရှောက်ပါ။ မိမိကိုယ်မိမိလဲ ကာကွယ်စောင့်ရှောက်ပါ။ စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်မြင်သည်အထိ ဆင်နွှဲကြရမှာဖြစ်ပါတယ်။”

ဒုက္ခပေါင်းစုံကို ခါးစည်းခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ ညည်းတွားပဲ့တင်သံတွေကို ကိုယ်စားပြုထုတ်ဖော်ရင်း စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ ကဗျာဆရာအပေါင်းကို ဦးညွတ်ပါတယ်လို့ ကမ္ဘာ့ကဗျာနေ့အမှတ်တရအဖြစ် ကဗျာဆရာမ မြတ်က သတင်းစကားပါးပါတယ်။

“အကျဥ်းကျနေတဲ့ မြန်မာနိုင်ငံအနှံ့အပြားက ကဗျာဆရာ၊ ဆရာမတွေ၊ စစ်အာရှင်လက်အောက်မှာကျဆုံးသွား တဲ့၊ အချိန်မတိုင်ခင် ဘေးဆိုး ကပ်ဆိုး၊ အန္တရာယ်ဆိုး အမျိုးမျိုးကြောင့် ကြွေလွင့်သွားရတဲ့ ကဗျာဆရာ ဆရာမ တွေကိုရော အခုအချိန်ထိ ဘေးဆိုး ကပ်ဆိုး၊ အန္တရာယ်ဆိုး အမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ကဗျာရပ်ဝန်းထဲက ကဗျာဆရာ ဆရာမအားလုံးကိုရော အမြဲဦးညွတ်လျှက်ရှိပါတယ်လို့ ဒီနေရာကနေ ပြောလိုက်ပါရစေ"

နိုင်ငံတစ်နိုင်ငံချင်းစီသာမက ဒေသတွင်းနဲ့ နိုင်ငံတကာက ကဗျာလှုပ်ရှားမှုတွေကို အသိအမှတ်ပြုပြီး တွန်းအားဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့အမှတ်တရအဖြစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖွင့်ဆိုခဲ့တဲ့ ကဗျာအတွက် မှတ်ချက်စကားကိုလည်း ကဗျာဆရာမ မြတ်က ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။

“ ကဗျာဆိုတာ လူ့စဥ်းစားဥာဏ်ရဲ့ ပဲ့တင်သံ၊

လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊

လူ့စိတ်ဓာတ်ရဲ့ မြည်ဟည်းသံ၊

လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ ....

ကဗျာဆိုတာ ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။