ယာယီသက်သေခံလက်မှတ်ကိစ္စ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဆန္ဒပြကန့်ကွက်


2015.02.15

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေမဲပေးခွင့် ဆုံးဖြတ်ချက်အပေါ် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဒီနေ့ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ ဒေသခံ ၂ သောင်းလောက်က ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲမှာ စစ်တွေမြို့ပေါ် ၃၂ ရပ်ကွက်အပါအဝင် စစ်တွေမြို့နယ်အတွင်းကျေးရွာအတော်များများက ဒေသ ခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဝှိုက်ကဒ်ကစ္စ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက် လက်မခံ၊နိုင်ငံခြားသားတွေ မဲပေးခွင့်မရရှိရေးနဲ့ ဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်ချက် တရားမျှတမှုရှိဖို့ စတဲ့အချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ ကြတာလည်းဖြစ်ပါတယ်။

ဆန္ဒပြပွဲဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ဌေးက ဘာကြောင့်သူတို့တွေ ကန့်ကွက်ရသလဲဆိုတာကို အခုလို ပြောပါတယ်။

ကိုအောင်ဌေး။           ။ဝှိုက်ကဒ်ဆိုတာက လောလောဆယ် သူတို့ကမြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေကိုသိချင်လို့သာ ထုတ်ပေးထားတဲ့ကဒ်ဖြစ်ပါတယ်၊ ဒါဟာမဖြစ်သင့်ဘူးဆိုတာကို ယုံကြည်တဲ့အတွက်ကြောင့် ကန့်ကွက်နေတာဖြစ် ပါတယ်။

ဝှိုက်ကဒ်လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကိုပြင်ဆင်ထားတဲ့ ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ် ခဲ့တာပါ။

နောက်ပိုင်း အဲ့ဒီ ယာယီသက်သေခံ လက်မှတ်တွေဟာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အမိန့်ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယာယီသက်သေခံ လက်မှတ်တွေကို နှစ်ပေါင်းများစွာ ထုတ်ပေးထားပြီးမှ ကုန်ဆုံးရက်ကို ကြေငြာတာဟာ ဥပဒေနဲ့လွဲချော်မှုတွေ ရှိနေကြောင်း ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒေါ်အေးနုစိန်။           ။ယာယီသက်သေခံလက်မှတ်တွေကို ပြန်သိမ်းမယ်ဆိုတာ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ တွင်းနေထိုင်သူများ မှတ်ပုံတင် နည်းဥပဒေ ၂၉(၂) မှာတော့ပါပါတယ်၊ ဒါပေမယ့် အဲ့အတိုင်းမဟုတ်ပဲနဲ့ အချိန်ကာလကန့်သက်ပြီးတော့ ထုတ်ပေးနိုင်တယ်ဆိုတာကို အဓိပ္ပါယ်တစ်မျိုး ဖွင့်ဆိုထားတာမျိုး ပုဒ်မ ၁၃(၄) နဲ့ မဆီလျော်တာတွေ ကျမတို့ တွေ့ကြုံနေရပါတယ်၊ အဖြူကဒ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို စိစစ်ပြီးရင် ပန်းရောင်ကဒ် နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးမယ်ဆိုတဲ့ မက်လုံးမျိုးကိုလည်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ပို့စ်မှာ ကျမတို့တွေ့ွ့ရတယ်၊ ဒါတွေဟာ ပြည်သူတွေမှာ တစ်ချိန်လုံး မတင်မကျဖြစ်နေတဲ့ကိစ္စတွေကို ဥပဒေနဲ့မညီပဲ အရှုပ်ကိုအရှုပ်နဲ့ချပြသလိုဖြစ်နေတယ်၊ ဒါတွေဟာ လုံးဝမဖြစ်သင့် တဲ့ အမိန့်မျိုးလို့ ကျမယူဆပါတယ်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်မရှိကြောင်း ဥပဒေကြောင်းအရ တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်တဲ့အထိ အင်တိုက်အားတိုက် ဆက်လက်ကြိုးပမ်း တောင်းဆိုသွားဦးမှာဖြစ်တယ်လို့လည်း ဆန္ဒပြခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။

နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ တိုင်းရင်းသားတွေရဲ့လက်ထဲမှာရှိတာကြောင့် နိုင်ငံသား မဟုတ်သူတွေကို မဲပေးခွင့်ပြုတဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့လည်း ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ စစ်တွေမြို့ခံ ဒေါ်ဝေဝေထွန်း က ပြောပါတယ်။

ဒေါ်ဝေဝေထွန်း။                  ။ဝှိုက်ကဒ်ကို ပြန်ပြီးတော့သိမ်းတာမျိုးပေါ့နော်၊ အဲ့ဒီလိုမျိုးပြန်ပြီးတော့ ထုတ်ပြန်တယ်၊ ဒါပေးမယ့် ဒီဝှိုက်ကဒ်ကိုဆောင်ထားသူတွေဟာ မဲပေးပိုင်ခွင့်မရှိဘူးဆိုတာ တရားဝင်ထုတ်ပြန်ချက်တော့ မထုတ်ပြန်သေးဘူးပေါ့၊ အဲ့အတွက်အပေါ်မှာ ကျမတို့ ပြည်သူတွေအနေနဲ့ အင်မတန်မှ စိုးရိမ်ရပါတယ်လို့။

ဒီနေ့ ဆန္ဒပြပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP)အပါအဝင် မြို့ပေါ်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ရပ်မိ ရပ်ဖတွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲတွေကို မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေအပြင် ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကျေးလက်နေ ဒေသခံတွေလည်း ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရှိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။