မြောက်ဦးမှာ လက်နက်ကြီးထိမှန်လို့ သားဖနှစ်ဦးဒဏ်ရာရ


2019.04.19
mrauku-patient-622.jpg ဝဲဘက်လက်မောင်းမှာ လက်နက်ကျည်စထိမှန်ခဲ့တဲ့ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက မဌေးဌေးအောင် ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာထဲကို မနေ့က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ရွာမှာရှိတဲ့ သားအဖနှစ်ယောက် ထိခိုက်ဒဏ်ရာရပြီး မြောက်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ တောင်ဘက်မှာရှိတဲ့ ဘောင်းဒွတ်ကျေးရွာအနီးမှာ မနေ့ည ၁၀ နာရီကျော်အချိန် လောက်ကစပြီး ပစ်ခတ်သံတွေကို ကြားခဲ့ရတာလို့ ရွာသားတွေက ပြောပါတယ်။

အဲဒီလို ပစ်ခတ်သံတွေကြားရတာနဲ့ အသက် ၄၀ အရွယ် ဦးမောင်သန်းအေးနဲ့ အသက် ၁၄ နှစ်အရွယ် မဌေးဌေးအောင် တို့သားဖနှစ်ဦးဟာ သူတို့ရဲ့မိသားစုနဲ့အတူ အိမ်အောက်မှာ ဝပ်ပြီးပုန်းအောင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အချိန် ၂ နာရီလောက်အကြာမှာ လက်နက်ကြီးကျည်တစ်လုံးဟာ သူတို့အနီးကို ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် အဖေဖြစ်သူ ဦးမောင်သန်းအေးရဲ့ နှာခေါင်းနဲ့ သမီးဖြစ်သူ မဌေးဌေးအောင်ရဲ့ ဝဲဘက်လက်မောင်းမှာ လက်နက်ကျည်စဖောက်ထွက်ပြီး ဒဏ်ရာရခဲ့တာလို့ မိသားစုက RFA ကို ပြောပါတယ်။

မဌေးဌေးအောင်ရဲ့ အဖွားဖြစ်သူ ဒေါ်မစံသာက

"ဘယ်ကပစ်တာလဲဆိုတာတော့ မမြင်လိုက်ပါဘူး။ ထိမှန်တာကိုပဲ သိလိုက်ပါတယ်။ အဖေဖြစ်သူမှာ နှာခေါင်းမှာ ထိတယ်၊ သမီးဖြစ်သူမှာက လက်မောင်းမှာ ထိသွားပါတယ်"

လက်နက်ကျည်ထိမှန်တဲ့ သားဖနှစ်ဦး ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီး က မြို့နယ်ဆရာဝန် ဒေါက်တာခင်မောင်ရင်က RFA မေးမြန်းရာမှာ အခုလိုပြောပါတယ်။

"လောလောဆယ်တော့ မြောက်ဦးဆေးရုံမှာပဲ ကျွန်တော်တို့ ကုသမှုပေးနေပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး။ သူတို့ပြောတာက လက်နက်ကြီးကျတယ်၊ ကျတဲ့ကျည်ကနေ စင်ပြီးတော့ ပြန်မှန်တာလို့ပြောပါတယ်။ ဒီမှာက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာလေးတွေ အခုလုပ်ပေးပြီးသွားပါပြီ"

ပစ်ခတ်မှုဟာ ည ၁၀ နာရီလောက်ကနေစတင်ပြီး အချိန် တစ်နာရီလောက် ကြာမြင့်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဒေသခံရွာသားတွေကတော့ ပစ်ခတ်မှုဟာ ည ၁၀ နာရီကျော်အချိန်ကနေ မနက် ၅ နာရီနီးပါး အချိန်အထိ ကြာမြင့်ခဲ့တယ်လို့ပြောပါတယ်။

ဒဏ်ရာရတဲ့ သားဖနှစ်ဦးကိုလည်း မနက် ၇ နာရီလောက်မှာမှ ဆေးရုံကိုတင်ပို့နိုင်ခဲ့တယ်လို့ သူ့ရဲ့မိသားစုက ပြောပါတယ်။

မနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက RFA ကိုအခုလိုပြောပါတယ်။

"ဆယ်နာရီကျော်လောက်ကနေ မနက် ငါးနာရီလောက်အထိ ပစ်တာပါ။ ဟိုနားကပစ်လိုက်၊ ဒီနားကပစ်လိုက်နဲ့ လက်နက်ကြီးတွေနဲ့ ပစ်လိုက်၊ လက်နက်ငယ်တွေနဲ့ ပစ်လိုက်၊ အလတ်နဲ့ပစ်လိုက်နဲ့ လက်နက်မျိုးစုံနဲ့ပစ်ပါ တယ်။ အပြင်လမ်းမတစ်လျှောက်လုံးကိုပစ်တာပါ။ ရွာထဲကိုတော့ မဝင်ပါဘူး။ စပြီးပစ်တာကတော့ ခမရ-၃၇၇ ကပစ်တာပါ။ ခမရ-၃၇၈ ကလည်းပစ်တယ်။ ဒါပေမယ့် ၃၇၇ ဘက်ကလောက် မကြားရပါဘူး။ ဘာတွေကို ပစ်နေမှန်းကိုမသိဘူး။ ရွာထဲမှာကျတာလောက်ကိုပဲ ကျွန်တော်တို့သိတယ်။ ရွာထဲမှာ အကုန်လုံးကျတယ်"

ဘောင်းဒွတ်ကျေးရွာမှာ ရွာဟောင်း၊ ရွာသစ် နှစ်ခြမ်းပေါင်း အိမ်ခြေ ၅၀၀ နီးပါးလောက်ရှိပြီး အဲဒီအနီး မြောက်ဘက်က တပ်မတော်-ခမရ(၃၇၇) တပ်ရင်းရှိသလို ရွာရဲ့တောင်ဘက်ပိုင်းမှာ တပ်မတော်-ခမရ(၃၇၈) တပ်ရင်းရှိပါတယ်။

မနေ့ညက ခမရ-၃၇၇ တပ်ရင်းဘက်ကနေ ကျေးရွာဘက်နဲ့ ရွာဝန်းကျင်ဘက်တွေကို ပစ်ခတ်ခဲ့တာလို့ ရွာသားတွေကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကတော့ မနေ့က AA အဖွဲ့က ပစ်ခတ်လာလို့ ပြန်ပစ်ခတ်ရတာဖြစ်ပြီး ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရတာကို စုံစမ်းနေဆဲလို့ ဒီနေ့ နေ့လယ်ပိုင်းက ပြောပါ တယ်။

"ဒေသခံနှစ်ယောက် ဒဏ်ရာရတယ်၊ မရဘူးကတော့ ကျွန်တော်တို့လည်း စုံစမ်းဆဲဗျ။ ပစ်ခတ်မှုကတော့ မြောက်ဦးမှာ ဌာနချုပ် ၃ ခုရှိတာပေါ့။ အဲဒီ ၃ ခုကို ဒီကောင်တွေလာပြီးတော့မှ ဥပမာ-ဘောင်းဒွတ်ဆိုလည်း ဘောင်းဒွတ်ရွာ စာသင်ကျောင်းကနေပြီးတော့မှ လာပစ်တာပေါ့ ည ၁၀ နာရီလောက်။ အလားတူပဲ ဒီဘက်က (ခမရ)၅၄၀ ဆိုလို့ရှိရင်လည်း ဒီအဖွဲ့တွေ လာပစ်တာရှိတယ်။ လာပစ်တာရှိတဲ့အတွက်ကြောင့်မို့လို့ မနေ့ည ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပစ်ခတ်တာတော့ရှိတယ်ခင်ဗျ။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ရွာသားတွေထိခိုက်ဒဏ်ရာ ရ၊ မရတော့ ကျွန်တော်လည်း ဒါကို အတိအကျ မသိဘူးခင်ဗျ"

AA အဖွဲ့က တပ်မတော်ဌာနချုပ် ၃ ခုကို မနေ့ကတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ပစ်ခတ်တာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က အခုလိုတုံ့ပြန်ပါတယ်။

"အဲလိုမျိုးပစ်ခတ်တာက လုံးဝမရှိဘူးဗျနော်။ ကျွန်တော်တို့နဲ့ ဘာတိုက်ပွဲမှလည်းမရှိသလို ကျွန်တော်တို့ ဘက်ကသွားပြီးတော့ ပစ်ခတ်တာမျိုးလည်းလုံးဝမရှိဘူး။ AA ကလာပြီးတော့ သူတို့ကိုပစ်တဲ့အတွက်ကြောင့်မို့လို့ ပြန်ပစ်ရပါတယ်ဆိုတဲ့ ဘာမှခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘဲနဲ့ အခြေအမြစ်မရှိစွပ်စွဲချက်တွေနဲ့ နေပြီးတော့ သူတို့က ရွာသားတွေကို ပစ်ခတ်နေတဲ့ဥစ္စာတွေ ကျွန်တော်တို့တွေ့ရတယ်။ အခုမြောက်ဦးဘက်က ဖြစ်စဉ်တွေကျ လို့ရှိရင် သူတို့တပ်စခန်းနဲ့နီးတဲ့ရွာတွေကို ဦးတည်ပြီးတော့ ပစ်တာတွေ့ရတယ်။ အဲဒီရွာတွေပြိုသွားအောင်ပေါ့ ဗျာနော်၊ အဲဒီလူတွေမနေရဲအောင် မနေနိုင်အောင် သူတို့ ဒါတမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုတွေကို သူတို့အိမ်တွေ၊ သူတို့ရွာတွေကနေပြီးတော့ မောင်းထုတ်နေတယ်လို့ ကျွန်တော်တို့ အဲလိုပဲမြင်တယ်ဗျ။ ဒါကနေပြီးတော့ ဗမာစစ်တပ်က ရခိုင်ဘက်မှာသက်သက်တော့မဟုတ်ဘူး။ တခြား ကိုးကန့်ဘက်တို့၊ နောက် ပလောင်ဘက်တို့၊ ကချင်ဘက်တို့ အဲဒီဘက်တွေမှာလည်း အဲလိုမျိုးလုပ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်"

မနေ့က ဖြစ်စဉ်ကြောင့် ကျေးရွာသားတွေဟာ ကြောက်လန့်ပြီးတော့ မနက်ပိုင်းကနေစပြီး မြောက်ဦးမြို့ပေါ် ရပ်ကွက်အချို့ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဘောင်းဒွတ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ကလည်း ပစ်ခတ်မှုကိုကြုံခဲ့ရတာကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်အပေါ် ဘောင်းဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းက တပ်မတော်က ပစ်ခတ်တာလို့ နယ်မြေခံတပ်တာဝန်ရှိသူတွေကို ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားရာမှာ မဟုတ်မမှန် သတင်းပေးပို့မှုနဲ့ ဖမ်းဆီးသွားဖို့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံကျေးရွာသားတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့ရဲ့အမည်ကို မဖော်ပြဖို့ ပြောဆိုကြပါတယ်။

မြောက်ဦးမြို့နဲ့ ဘောင်းဒွတ်ကျေးရွာကိုဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ အင်အားအများအပြားချထားပြီး ဖြတ်သန်းသွားတာမလုပ်ဖို့ ဟန့်တားတာတွေရှိတာကြောင့် ရွာသားတွေဟာ ချောင်းထဲကနေတဆင့် စက်လှေတွေနဲ့ ထွက်ပြေးနေကြရတယ်လို့လည်း ရွာသားတွေကပြောပါတယ်။

"အဝတ်ကတော့ ရဲအဝတ်ဝတ်ထားတယ်။ လည်မှာတော့ အနီရောင်ပိတ်စချည်ပြီးတော့လူပေါင်း ၈၀ လောက်က လမ်းတလျှောက်လုံးမှာတားပါတယ်။ အရီးကတော့ ရွာအဆုံးက စက်လှေနဲ့လာတာ။ သူတို့နဲ့ဆိုရင် ဝေးတာပေါ့။ အခု အရီးတို့က အောင်တပ် အောင်စေတီဘုရားမှာရောက်နေတယ်"

ဘောင်းဒွတ်ကျေးရွာကနေ မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်ကို ထွက်ပြေးရောက်ရှိနေတဲ့ အမည်မဖော်လိုတဲ့ ရွာခံအမျိုးသမီးတစ်ဦးကပြောဆိုသွားတာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာသားတွေကို ကားလမ်းပေါ်ကနေ ဟန့်တားနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာ အဲဒီလိုဟန့်တားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

"အဲလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီဒေသခံတွေကို ဟိုမသွားရ၊ ဒီမသွားရ အဲလိုတားတာတော့မရှိဘူးခင်ဗျ။ အဲလိုတားတာတော့ ကျွန်တော်လည်း မကြားမိဘူးခင်ဗျ"

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကနေ ဒီနေ့အထိ မိုင်းနင်းမိတာ၊ လက်နက်ကျည် ထိမှန်တာကြောင့် ဆေးကုသမှုခံယူခဲ့ရသူ ၂၄ ဦးထက်မနည်းရှိနေသလို သေဆုံးသူကတော့ ၄ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။